ခိုးလိုးခုလုဖြစ်နေတာတစ်ခုကို ရင်ဖွင့်ချင်ပေမယ့် အချိန်မရတာကြောင့် အခုမှဘဲ အန် ရတာပါ။ ပြည်နယ်တွေကို သွားပြီး ဒသဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ကြရမယ့် ကျွန်တော်တို့တို့ကို ဆရာတွေက အလေးအနက်မှာဘူးပါတယ်။ ဘယ်နေရာ ဘယ်ဒေသရောက်ရောက် ကိုယ့်ဒေသလိုသဘောထားရမယ်။ ဒေသခံတွေကို ကိုယ့်ရဲ့ရင်ဝယ်သားလို့မှတ်ယူရမယ်။ ဒေသခံတွေရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို လေ့လာရမယ်။သူတို့ရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို အလေးထားရမယ်။ လေးစားလိုက်နာရမယ် စသဖြင့်ပေါ့။
ဒေသတစ်ခုက တိုင်းရင်းသား လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှု " စံ " တွေကို ဧည့်သည်က အလေးထားပြီးရှောင်သင့်တာရှောင် ဆောင်သင့်တာဆောင်မှလဲ အပြန်အလှန် ရင်းနှီးချစ်ကြည်မှုကိုတည်ဆောက်နိုင်မှာဖြစ်သလို အဲဒီဒေသရဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်း အားလုံးနဲ့အတူ စိတ်ရောကိုယ်ပါပူးပေါင်းပါဝင်ပြီး ပျော်ပျော်ရွှင်ရွှင် လုပ်နိုင်ကြမှာဖြစ်လို့ပါ။
ကျွန်တော့်ခြေဆင်းက တော်တော်ရှည်သွားပြီလားမသိဘူး။ ဖြစ်နိုင်ရင် ဒိထက်ပိုပြီးခင်းကျင်းပြချင်တာပါ။ ဒါမှလည်း လိုရင်းကိုထိနိုင်မှာမိုလို့လေ။
ပြောချင်တာက ဒီလိုပါ. . .
တစ်နေ့မှာပေါ့။ သမ္မတကြီးတစ်ယောက်က ကျောင်းသားလူငယ်တွေကို အနာဂါတ်အတွက် ပုံဖော်ဖန်တီးပေးမယ့် ပလေယာတွေဖြစ်လို့ အလေးထားပြီး မေးကြ ဖြေကြတာလေးတွေကို သဘောကျ နှစ်ချိုက်မိလို့ ပို့စ်တစ်ခုကိုရှယ်ထားလိုက်တယ်။ အဲဒီပို့စ်မှာ ကျွန်တော့် အမလိုရင်းနှီးခင်မင်ရတဲ့ အမျိုးသမီးတစ်ယောက်က ဘာဝင်ပြောသလဲဆိုတော့ အရာအားလုံးကိုမုဒိတာပွားနိုင်ကြရင်အကောင်းဆုံးပါဘဲတဲ့။ သူဆိုလိုချင်တာက အဲဒီသမ္မတရဲ့လုပ်ရပ်ကိုကြိုက်တဲ့ ကျွန်တော်က ကျန်တာတွေ( လူထုခေါင်းဆောင်လုပ်သမျှ)ကိုလည်း မုဒိတာပွားနိုင်ရမယ်ပေါ့လေ။ စိတ်မကောင်းစရာကောင်းတာက သူတို့က လူထုခေါင်းဆောင်တစ်ယောက် ဘာလုပ်လုပ် လက်ခုပ်တီးတတ်ကြတဲ့သူပါ။ ကျွန်တော်တို့ကတော့ သူရဲကောင်းကိုးကွယ်မှုမလုပ်တတ်ကြပါဘူး။မှန်ရင်မှန်တယ် မှားရင်မှားတယ်လို့ တွေးတတ် ပြောတတ်တဲ့ ကျွန်တော့်ဆီမှာ မျက်ကန်းယုံကြည်ခြင်းဆိုတာကို လာရှာလည်းမတွေ့နိုင်ပါဘူး။သူတို့နဲ့ကျွန်တော်တို့နဲ့ မသိမသာလေးကွဲနေတာက အဲ့ဒါပါဘဲ။
ကျွန်တော်တို့ဟာ လေးစားသင့်တဲ့လူ အတုခိုးသင့်တဲ့လူတွေကို လေးစားတယ် အတုခိုးတယ်။ ဒါပေမယ့် ရှုတ်ချသင့်တဲ့လူတစ်ချို့ကိုတော့ ခပ်ရှောင်ရှောင်နေတတ်ခဲ့ပါတယ်။ ဘာလိုလဲဆိုတော့ ဘယ်သူဘဲဖြစ်ဖြစ် အချိန်တန်ရင် သူ့သဘောသူဆောင်သွားတတ်ကြလို့လေ။ ဘာပဲဖြစ်ဖြစ် အတတ်နိုင်ဆုံး အလယ်အလတ်ကျအောင်နေတတ်ခဲ့ပါတယ်။ နောက်ပြီး အမှန်ကိုအမှန်အတိုင်းမြင်တတ်အောင် ကိုယ့်ကိုယ်ကို အစဉ်အမြဲလေ့ကျင့်နေရပါတယ်။
2014 နိုဝင်ဘာမှာပေါ့။ ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့လူမျိုးတွေဟာ အရှေ့ အနောက် နိုင်ငံတစ်ကာကအကြီးအကဲတွေလာပြီးတက်မယ့် ထိပ်သီးအစည်းအဝေးတစ်ခုကို အောင်အောင်မြင်မြင်လုပ်နိုင်လို့ရော။ ကမ္ဘာပြုမှုဖြစ်စဉ်မှာပါဝင်လာနိုင်တဲ့ အတွက်ရော။ ပါဝါပလေယာကြီးတွေလာတဲ့အတွက် ပြည်တွင်းက ကိုယ့်ညီအကိုမောင်နှမတွေရဲ့ ကွဲလွဲမှုတွေကို စေ့စပ်ပေးသွားကြမှာဖြစ်လို့ရော ရင်ထဲမှာ ကြိတ်ပြီးဝမ်းသာနေမိတုန်း . . . .
သူများကိုအပြစ်ပြောရမှာမျိုး လက်ရှောင်တတ်တဲ့ကျွန်တော်ဟာ. . လက်ရှောင်နေရမယ့်ကိစ္စမျိုးမဟုတ်တဲ့ ကိစ္စတစ်ခုက ကျွန်တော်တစ်ယောက်ထဲမဟုတ်ဘဲမြန်မာ့အမျိုးကောင်းသမီးလေးတွေအားလုံးရဲ့ မျက်စိအောက်မှာ ထင်ထင်ရှားရှားကြီးဖြစ်သွားခဲ့ပါတယ်။ (ဇွန်သင်္ဇာတို့ဆိုရင်တော့ တစ်မျိုးပေါ့)။
သေသေချာချာတွေးကြည့်လိုက်ရင် မြန်မာ့ဓလေ့ ထုံးတမ်းအစဉ်အလာတွေ ယဉ်ကျေးမှု စံ တွေကို မြန်မာပြည်သူတွေရဲ့ရှေ့မှောက်မှာ ဆိုးရွားစွာ ချိုးဖျက်သွားခဲ့တဲ့ အပြုမူမျိုးကိုလုပ်
ပြသွားတာပါ။ကြက်သီးမွေးညှင်းထလောက်အောင် ကြောက်စရာကောင်းပါတယ်။ အနောက်နိုင်ငံ
ယဉ်ကျေးမှုတစ်ခုကို လူထုခေါင်းဆောင်ကြီးတစ်ယောက်က ပေါ်ပေါ်ထင်ထင် လုပ်ပြသွားခဲ့တာကတော့ နည်းနည်းလေးမဟုတ်ဘဲ အကြီးကြီးကိုလွဲသွားလို့ပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့မြန်မာ့
အမျိုးကောင်းသမီးလေးတွေဖြစ်တဲ့ညီမတွေ သမီးတွေ မြေးမြစ်တွေ အားလုံး လူထုခေါင်းဆောင်ရဲ့ သတင်းကို မျှော်လင့်ချက်ကြီးမားစွာနဲ့ ရုပ်မြင်သံကြားကနေတစ်ဆင့် စောင့်ကြည့်နေကြလို့ပါ။ သူတို့လေးတွေ မြင်သွားတဲ့ကိစ္စက နုနယ်တဲ့ သူတို့ရဲ့အသိမှာ ဒါ ငါတို့ရဲ့ယဉ်ကျေးမှုဘဲလို့ ထင်မှတ်သွားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ရှေ့ဆောင်လမ်းပြလုပ်မဲ့ လူထုခေါင်းဆောင်တစ်ယောက်က လုပ်တာလေ။ ဒါ့ကြောင့်လဲ ဒီစာရှည်ရှည်ကို ရေးရတဲ့ ခိုးလိုးခုလု အကြောင်းရင်းပါဘဲ။
ပြောရရင် ကျွန်တော် အားကျတဲ့ လေးစားတဲ့ အတုယူစရာတွေအများကြီးရှိနေတဲ့ အဲဒီသမ္မတကြီးကဘဲ ကျွန်တော်တို့နိုင်ငံရဲ့ ယဉ်ကျေးမှု "စံ" တစ်ခုကို မသိလို့လား ဒါမှမဟုတ် သိရက်နဲ့ ဂရုမစိုက်တာလား။ ကျွန်တော်တို့ရဲ့ လူထုခေါင်းဆောင်ကဘဲ မြန်မာအမျိုးသမီးတို့ရဲ့ ယဉ်ကျေးမှုအစဉ်အလာကို မျက်ကွယ်ပြုခဲ့တာလား။ နောက်ဆုံးသုံးသပ်ရရင် ကျွန်တော်တို့နိုင်ငံရဲ့ယဉ်ကျေးမှုကို အနောက်ပုံစံ
လုပ်ပစ်ချင်နေတာလား။ လားပေါင်းများစွာ . . .။လူကြီးလူကောင်းအနမ်းဘဲဖြစ်ဖြစ် ကလေးကုလား
အနမ်းဘဲဖြစ်ဖြစ် လူမြင်ကွင်းမှာ ပြုမူခြင်းဟာ ကျွန်တော်တို့ရဲ့ နနူးညံ့သိမ်မွေ့လှတဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်ဘက်မှာ ရှိနေပါတယ်။
" ဒေါ်စောမုံညင်း ပျိုရွယ်စဉ်ဘ၀တုန်းကဥရောပနိုင်ငံကြီးတခုမှ လာတဲ့ အထူးဧည့်သည်ကြီးနဲ့
တွေ့ဆုံပွဲတစ်ခုမှာ ပါဝင်ခဲ့ရသတဲ့။
စတွေ့ဆုံတဲ့အခါမှာ . ၎င်းအရာရှိကြီးက သူတို့တဖွဲ့လုံးကို လက်ဆွဲနှုတ်ဆက်တယ်။
အဲသလိုနဲ့ စောမုံညင်း လေးအလှည့်ရောက်လာတဲ့ အခါမှာ . ..
စောမုံညင်းဟာ . . . ကိုယ်ကိုနောက်သို့ အနဲငယ်ရို့ ...
ပြုံးပြဦးညွှတ် အရိုသေပေးလိုက်ရင်း . . တဆက်တည်းပြောလိုက်တာက . . .
ဆောရီး . . မစ္စတာ . . .
ကျမ ရှင့်ကို တွေ့ရတာဝမ်းသာသလို . လေးစားစွာ ကြိုဆိုပါတယ်။
ဒါပေမယ့် လက်ဆွဲနှုတ်ဆက်ခြင်းကို သည်းခံပါ။
ဒီနိုင်ငံမှာ အမျိုးသမီး . .များရဲ့ လက်ကိုဆွဲကိုင်ပြီးနှုတ်ဆက်တဲ့ ဓလေ့မရှိသေးပါဘူး.ရှင်... တဲ့။
၎င်းအရာရှိလဲ ခေတ္တမျှတော့ ကြောင်အမ်းအမ်းဖြစ်သွားပြီးမှ . ပြုံးရွှင်တဲ့ မျက်နှာနဲ့ သြော် ဒီလိုရှိလား.... .
သူ့အနေနဲ့ ဒီယဉ်ကျေးမှုကို လေးစားပါတယ် .
ခင်ဗျားအတွက်လဲ ၀မ်းသာဂုဏ်ယူပါတယ် ... လို့ ပြောခဲ့သတဲ့ "
ဟုတ်ကဲ့ပါ . . .
ကျွန်တော်တို့မှာ သမိုင်းရှိပါတယ်။ ကိုယ်ပိုင်ယဉ်ကျေးမှုရှိပါတယ်။
တိုးတက်တဲ့နည်းပညာတွေ ရင်းနှီးမြှပ်နှံမှုတွေကို အနောက်က ခေါ်လာခဲ့ပါ။
ဒါပေမယ့် ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုကို မုဒိန်းမကျင့်ကြပါနဲ့။
ထွန်းဇော်ဦး
No comments:
Post a Comment