ဖားကန့်မြို့၏ မှော်ရှန်ခေါ်သော ရပ်ကွက်တစ်ခု၌ ဖြစ်သည်။ 1B2 (မှော်ရှန်ရပ်ကွက် အမှတ် ၁၊ အိမ်နံပါတ် B2) ဆိုသော အနှိပ်ခန်းတစ်ခုသို့ KIA တပ်သားအချို့ သောက်စားပြဲရွဲနေသော အနေအထားဖြင့် ရောက်လာကြသည်။ ဖားကန့်ဒေသဆိုသည်က KIA တို့ ကြီးစိုးထားသော နယ်မြေဖြစ်သည်။ KIA သောင်းကျန်းသူတို့ကို မည်သူကမျှ မော်မကြည့်ဝံ့သော နယ်မြေဖြစ်သည်။ KIA ဆိုလျှင် လူကိုယ်တိုင်ကို မဆိုထားဘိ၊ KIA ဟူသော အမည်ကြားလျှင်ပင် ဒူးတုန်အောင် ကြောက်ကြရသည်။ ယခု KIA များကိုတော့ ဆိုင်ရှင်မှ KIA ဟု မထင်မိသဖြင့် "အခန်းမအားသေးလို့ ခဏစောင့်ပါဦး" ဟု ပြောလိုက်မိသည်။ ဤတွင် KIA တို့ ယမ်းပုံမီးကျကြသည်။ သူတို့ကို ဤသို့ပြောရပါမည်လားဆို၍ ဆိုင်ထဲရှိသမျှ ယောက်ျားသားမှန်သမျှ ဆွဲထုတ်၍ လမ်းမပေါ် ဝမ်းလျားမှောက်နေစေသည်။ ထို့နောက် သေနတ်နှင့်ချိန်၍ လက်သီးဆုပ် ဒိုက်ထိုးခိုင်းသည်။ ဤမြင်ကွင်းက ဖားကန့်ဒေသ၌ KIA မှ အရပ်သားပြည်သူများအပေါ် နိစ္စဒူဝ နှိပ်စက်ညှင်းပန်းနေသော မြင်ကွင်းများထဲမှ တစ်ခုသာဖြစ်သည်။ ဖားကန့်ဒေသ၌ အမှား/အမှန် ခွဲခြားခြင်းဟူ၍ မရှိ။ အမှား/အမှန်သည် KIA ၏ နှုတ်ထွက်စကားတစ်ခွန်းအပေါ် မူတည်သည်။ ဖားကန့်ဒေသ၌ တရားဥပဒေမရှိ။ တရားစီရင်မှုဆိုသည်မှာ KIA ၏ အဆုံးအဖြတ်သာ ဖြစ်သည်။ KIA မှ အပြစ်ရှိသည်ဟု ဆုံးဖြတ်လျှင် အမှုကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ သေဒဏ်နှင့် ပေးဆပ်ရသည်။ KIA မှ သံသယရှိလျှင် ဖမ်းဆီးခေါ်ဆောင်သွားခံရပြီး ထိုသူကို နောက်တစ်ကြိမ် ထပ်မံမမြင်တွေ့ရတော့ချေ။ တစ်နည်းအားဖြင့် တောတွင်းတရားစီရင်မှုဟု ခေါ်ဆိုနိုင်ပေမည်။ စီးပွားရေးလုပ်ကိုင်မှုအနေဖြင့်မူ ဖားကန့်ဒေသ၌ မည်သည့်စီးပွားရေးကိုမဆို KIA မှ လုပ်ကိုင်ခွင့် ပေးထားသည်။ သို့သော် KIA နှင့် အဆင်ပြေလျှင် ရှေ့ဆက်အသက်မွေးနိုင်ပြီး အဆင်မပြေလျှင် လုပ်ငန်းဖျက်သိမ်းခံရကာ အသက်ဆုံးရှုံးသည်အထိပင် ဖြစ်နိုင်သည်။ အထက်တွင် ဖော်ပြခဲ့သော 1B2 အနှိပ်ခန်းသည်လည်း KIA အား စကားတစ်ခွန်းမှားသွားသည့်အတွက် KIA မှ ဆိုင်ပိတ်သိမ်းခြင်းကို ခံလိုက်ရရှာသည်။ ဖားကန့်ဒေသ၌ KIA လက်ချက်ဖြင့် ယင်းကဲ့သို့သော နေ့မြင်ညပျောက် လူများ၊ ဆိုင်များကား ဒုနှင့်ဒေး။ တစ်လောကပင် ကျွန်တော့်မိတ်ဆွေတစ်ယောက်အား KIA မှ မသင်္ကာဟူ၍ ဖမ်းခေါ်သွားသည်။ ထိုသူမှာ ဘဝတက်လမ်းမျှော်လင့်ချက်ဖြင့် ရွာမှ ဖားကန့်သို့တက်လာပြီး ရိုးရိုးသားသား ကျောက်တူးနေသူ တစ်ယောက်ဖြစ်သည်။ KIA ဖမ်းခေါ်သွားပြီးချိန်မှစ၍ ထိုသူကို ဖားကန့်မြေ၌ ထပ်မံမမြင်တွေ့ရတော့။ KIA သတ်၍ သေသွားပြီဟုသာ မှတ်ယူလိုက်ကြရသည်။ KIA အနေဖြင့် လူတစ်ဦးတစ်ယောက်အား မသင်္ကာသည် ရှိခဲ့လျှင်သော်မှ ထိုသူသည် အရပ်သားပြည်သူလား၊ သူလျှိုလား သေချာအောင် စုံစမ်းသင့်သည်။ သို့သော် ဖားကန့်ဒေသတွင် KIA မှ မသင်္ကာဖြစ်ခံရသူမှန်သမျှ နေ့မြင်ညပျောက် ဖြစ်သွားကြသည်။ ထိုသို့အပြစ်တစ်စုံတစ်ရာမရှိပါပဲလျက် KIA မှ မသင်္ကာ၍ အသက်ပေးလိုက်ကြရသောသူများကား ဖားကန့်ဒေသ၌ မနည်းတော့ပြီ။ ဖားကန့်ဒေသ၌ KIA လက်အောက်နေရခြင်းသည် မြန်မာများ ဖက်ဆစ်ဂျပန်လက်အောက်နေရစဉ်ကထက် ပိုမိုဆိုးဝါးသည်ဟု နှိုင်းယှဉ်က လွန်အံ့မထင်။ ဖားကန့်ဒေသသည် ကျောက်စိမ်းထွက်သောနယ်မြေဖြစ်၍ လူပေါင်းစုံပြီး လုပ်ငန်းစုံသည်။ ထိုနယ်မြေ၌ လုပ်ကိုင်စားသောက်သူမှန်သမျှ ဝင်ငွေကောင်းသည်။ သို့သော် မိမိရသောဝင်ငွေ၏ ၁၀ ရာနှုန်းကို KIA အား ဆက်ကြေးပေးရသည်။ အခွန်ဟုလည်း ခေါ်ဆိုလိုက ခေါ်ဆိုနိုင်သည်။ မိမိတို့အနေဖြင့် ၁၀ ရာခိုင်နှုန်း ဆက်ကြေးပေးရခြင်းကို မကျေမနပ်မဖြစ်။ ပေးလည်းပေးနိုင်သည်။ ကြည်ဖြူသည်။ သို့သော် ဘဝင်မကျစရာက ဆက်ကြေးက ဆက်ကြေးသာဖြစ်ပြီး KIA တပ်ဖွဲ့ဝင်များ၏ မိုက်ကြေးခွဲမှုများကိုလည်း ပေးကြရသည်။ မူးမူးရူးရူးဖြင့် အိမ်ထိတိုင်လာ၍ မိုက်ကြေးခွဲကြသည်။ ၎င်းတို့နှင့် ပြသနာမဖြစ်ချင်၍၊ မဖြစ်ဝံ့၍ ငါးသောင်း၊ ခြောက်သောင်း ပေးလိုက်လျှင်လည်း မကျေနပ်တတ်။ "ငါးသောင်းလောက် ဘာလုပ်ရမှာလည်း... တသိန်းခွဲပေး... ငါ့ကို ဘာထင်နေလဲ" စသည်ဖြင့် ရစ်တတ်၊ အနိုင်ကျင့်တတ်သည်။ မိမိတို့အနေနှင့်လည်း မတတ်နိုင်။ ကြောက်တော့လည်း တောင်းသလောက် ပေးလိုက်ရသည်ချည်းဖြစ်သည်။ ဤသို့ဖြင့် မိမိတို့ ဖားကန့်ဒေသ၌ လုပ်ကိုင်စားသောက်နေသူမှန်သမျှ မည်သူမျှ စုမိဆောင်းမိသည်ဟူ၍ မရှိ။ KIA နယ်မြေထဲ ရသမျှငွေ KIA အား ဆက်ကြေးပေးရသည့်နှင့် ကုန်ကြရသည်ချည်း ဖြစ်သည်။ ဖားကန့်ဒေသ၌ မည်သည့် စီးပွားရေး၊ လူမှုရေးကိစ္စရပ်မဆို KIA မှ ပါဝင်စွက်ဖက်သည်ချည်း ဖြစ်သည်။ လုပ်ငန်းမှန်သမျှ ၁၀ ရာခိုင်နှုန်း ဆက်ကြေးပေးရသည်က ထုံးစံဖြစ်သည်။ ဈေးဆိုင်မှန်သမျှလည်း ဆက်ကြေးပေးကြရသည်။ ကွမ်းယာဆိုင်ပင်လျှင် ဆက်ကြေးပေးရသည်။ ထို့အပြင် ကျောက်ရောင်း လျှင်လည်းKIA ကို အခွန်ပေးရသည်။ ၁၀ ရာခိုင်နှုန်း အနည်းဆုံးပေးရသည်။ အကယ်၍ တစ်စုံတစ်ဦးမှ ကျောက်ကောင်းရသည် ဝါ ကျောက်အောင်ခဲ့သည် ဆိုပါလျှင် ထိုကျောက်ကို KIA ကို ရောင်းရသည်။ KIA က ထိုကျောက်ကို တန်ရာတန်ကြေးမပေး။ တန်ရာတန်ကြေးမပေး၍ မရောင်းလိုဆိုလျှင်လည်း ထိုသူမှာ နောက်နေ့တွင် ကျောက်ရော လူရော ပျောက်သွားမည်မှာ သေချာသည်။ ဖားကန့်ဒေသအနှံ့တွင် KIA သူလျှို သတင်းပေးများ ရှိသည်။ မိမိတို့မှာ ကချင်စကားပြောသံကြားလျှင်ပင် ကြောက်နေရသည်။ ဖားကန့်ဒေသတွင် နေထိုင်သူမှန်သမျှ ကျီးလန့်စာစား နေကြရသူချည်း ဖြစ်သည်။ လူမျိုးစုံ၊ ဘာသာစုံ၊ ပါတီစုံ ပါဝင်သည်။ ကျွန်တော်သိမိသလောက် ထိုအထဲတွင် ပညာတတ်များ၊ NLD ပါတီဝင်များလည်း ပါဝင်သည်။ ကျွန်တော်ဆိုလျှင်လည်း လက်ထဲမှ ပိုက်ဆံစုမိသည် မကြံသေး။ KIA များ နှိပ်စက်၍ ကုန်ပြန်ပြီ။ ဤသို့ လုံးချာလည်လိုက်နေသည်။ အိမ်ကို ပိုက်ဆံပို့ချင်လွန်း၍ နောက်လမှ ပေါင်းယူပါ တောင်းပန် တိုးလျှိုးတာတောင်မှ မရ။ တောင်းပန်မရတော့လည်း ပေးလိုက်ရသည်ပင်။ မပေးလို့ကလည်း မဖြစ်။ ဤဒေသ၌ ဆက်၍ လုပ်ကိုင်မစားရတော့မည် စိုးရိမ်ရသည်။ အဆင်မတော်လျှင် အသက်အန္တရာယ်ကိုပါ စိုးရိမ်ရသည်။ နီးရာဓား ကြောက်ရသည်။ KIA ကို အာခံလျှင် နောက်တစ်နေ့ နေထွက်သည်ကို မြင်ရလိမ့်မည်မဟုတ်။ မိမိတို့ ဖားကန့်ဒေသတွင် နေထိုင်သူမှန်သမျှ KIA ကို ရွံကြောက်ကြီး ဖြစ်ကြရသည်။ မချစ်သော်လည်း အောင့်ကာနမ်းနေရသည်။ မကျေနပ်ကြောင်း ပြောချင်လှပါသော်လည်း ကြောက်၍ မြိုသိပ်အောင့်အည်းထားကြရသည်။ ဖားကန့်ဒေသမှ လွတ်မြောက်ရာ ကိုယ့်ရွာ ကိုယ့်အရပ်ရောက်မှ မြိုသိပ်ထားသမျှ ဖွင့်ထုတ်ချကြရသည်။ အွန်လိုင်း၊ ပုံနှိပ် မီဒီယာများ၌ စစ်တပ်မကောင်းကြောင်း၊ အစိုးရမှ နှိပ်စက်အုပ်ချုပ်ကြောင်း၊ KIA သည် အစိုးရနှင့် စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသော၊ ပြည်သူကို ကာကွယ်ပေးသော၊ တရားမျှတသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်း ရေးသားသော သတင်းများ၊ ဆောင်းပါးများကို မမြင်ချင်အဆုံး တွေ့နေရသည်။ ကျွန်တော်မှ ထိုသတင်း၊ ဆောင်းပါးများကို ရေးသားသော သတင်းထောက်၊ ဆောင်းပါးရှင်၊ မီဒီယာသမားများကို မေးခွန်းတစ်ခုတော့ မေးကြည့်ချင်သည်။ သင် ဖားကန့်ရောက်ဖူးပြီလား? မျိုးမင်းသန့် (ခေတ္တ ဖားကန့်မြေ)
No comments:
Post a Comment