Monday, November 17, 2014

. . . . . . . . . ပြောပြချင်ပါတယ် ( ၂၀ ) Written by : သန်းထွဋ်အောင်

(၁)

ပြီးခဲ့တဲ့ ၁၄ ပွင့်ဆိုင်ခေါ်မလား။ တွေ့ဆုံပွဲပြီးကတည်းက ညစ်ညူးနေတဲ့စိတ်တွေဟာ ၁၄-၁၁-၂ဝ၁၄ အပြီးမှာတော့ တော်တော်လေး စိတ်လက်ပေါ့ပါးလာမိပါတယ်။

(၂)

တကယ်ကတော့ ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင် တောင်းဆိုတာက သဘာဝကျပါတယ်။ ဖွဲ့စည်းပုံပြင်ဖို့နဲ့ ရွေးကောက်ပွဲ ချောချောမောမောဖြစ်ဖို့ဆိုရင် အစိုးရနဲ့ အတိုက်အခံတွေကို တွေ့ရမှာဖြစ်ပါတယ်။ အစိုးရဆိုတဲ့နေရာမှာ သမ္မတ၊ လွှတ်တော်(ပါတီ)နဲ့ တပ်မတော်က သီးခြားစီသဘောရှိတဲ့အတွက် သီးခြားစီတွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတ၊ ကာချုပ်တို့နဲ့ သီးခြားတွေ့ဆုံခွင့်မရလို့ လေးပွင့်ဆိုင်တောင်းရတာပဲ ဖြစ်ပါတယ်။ နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ ရွေးကောက်ပွဲလုပ်တော့မှာပဲဖြစ်ဖြစ် ဖွဲ့စည်းပုံပြင်ရေး၊ တခြားနိုင်ငံ့အရေးအရာတွေကို ဆွေးနွေးမယ်ဆိုတိုင်း အစိုးရနဲ့ အတိုက်အခံတွေ့ရပါတယ်။ ဒါက ပုံမှန်သဘောပါ။ ဒေါ်အောင်ဆန်းစုကြည်က သာမန်ပါတီဥက္ကဠတစ်ဦး၊ သာမန်လွှတ်တော်အမတ်တစ်ဦးလို့ ယူဆလို့အများနဲ့ ရောတွေ့ရင်လည်း မြန်မာနိုင်ငံမှာ ရှေ့ဆက်သွားလို့ မရပါဘူး။ ဗိုလ်ချုပ်မှူးကြီးစောမောင်ပြောခဲ့သလိုပဲ ပြောရင်တော့ လွန်ခဲ့တဲ့ ၂၅ နှစ်ကစခဲ့တဲ့ အခြေအနေကိုပဲ ပြန်ရောက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်သိရတဲ့ ခိုင်မာတဲ့သတင်းရင်းမြစ်တွေအရဆိုရင်တော့ ဒီပွဲကို အဓိကစီစဉ်သူက ကျွန်တော်တို့ one and half ကြီးလို့ခေါ်တဲ့ ဩဇာတိက္ကမကြီးလှတဲ့ ဝန်ကြီးဦးစိုးသိန်းဖြစ်ပြီး ဖိတ်ကြားသူက ဦးရဲထွဋ်လို့ သိရပါတယ်။ (ဦးစိုးသိန်းကို ဦးနေဝင်းလက်ထက်က မျက်မှန်ကြီး ဗိုလ်မှူးချုပ်တင်ဦး၊ ဦးသန်းရွှေ လက်ထက်က ဗိုလ်ချုပ်ကြီးခင်ညွန့်တို့လိုပဲ ဩဇာကြီးမားတယ်လို့ တချို့က ဆိုပါတယ်။)

တကယ်တော့ ဒီဆွေးနွေးပွဲရဲ့ရလဒ်ကတော့ လူထုကြားမှာ အကောင်းမမြင်ရုံမက ရှုပ်ထွေးသွားစေခဲ့ပါတယ်။ အဲဒီနောက်မှာ ဦးအောင်သောင်းကို နာမည်ပျက်စာရင်း တင်သွင်းမှု၊ ဟားဗက်အစီရင်ခံစာတွေက ပိုရှုပ်ထွေးလာစေခဲ့ပါတယ်။ လွှတ်တော်က မဲခွဲတဲ့ ဦးအောင်သောင်းကိစ္စမှာ ဒီမိုကရေစီခေါင်းဆောင် တစ်ယောက်အနေနဲ့ Principle လွဲမှားတယ်လို့ ယူဆရမှာဖြစ်ပေမယ့် နိုင်ငံရေးသမားတစ်ယောက်အနေနဲ့တော့ ဒီလမ်းကိုပဲ ရွေးရမှာဖြစ်ပါတယ်။

(၃)

ဒီလိုပြဿနာတွေဖြစ်နေချိန်မှာ အာဆီယံနဲ့ ဆက်စပ်ထိပ်သီးဆွေးနွေးပွဲတွေ ကျင်းပဖို့ဖြစ်လာပြီး မြန်မာနိုင်ငံကို အိုဘားမားလာမယ့်သတင်းက အားလုံးကို လွှမ်းမိုးစေခဲ့ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ အစိုးရအပေါ် ဩဇာညောင်းတာ အစဉ်အလာအရ တရုတ်နိုင်ငံဖြစ်ပေမယ့် အခုနောက်ပိုင်းမှာ အမေရိကန်ဟာ အတိုက်အခံနဲ့ရော အစိုးရနဲ့ပါ အဆင်ပြေလာပါတယ်။ အမေရိကန်သံရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အတိုက်အခံ NLD ပါတီထက် အစိုးရဝန်ကြီးတွေ၊ MPC နဲ့ တတိယအုပ်စုလို့ခေါ်တဲ့ နိုင်ငံရေးအင်အားစုတွေနဲ့လည်း အဆင်ပိုပြေလာပုံရပါတယ်။ ဦးရဲထွဋ်ရဲ့ ဝါရှင်တန်ပညာရေးခရီး၊ ဦးစိုးသိန်းရဲ့ အမေရိက ရက်ရှည်ခရီးတွေမတိုင်ခင် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ နေပြည်တော်ခရီးကတည်းက ဆက်ဆံရေးဟာ သီးခြားပုံစံဖြစ်ခဲ့ပုံရပါတယ်။ အမေရိကန်သံအရာရှိတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပုဂ္ဂိုလ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ အားနည်းချက်တွေအချို့ကိုပဲ မြင်ပြီး မြန်မာပြည်သူတွေရဲ့ နှစ်ပေါင်း ၅ဝ အာဏာရှင်စနစ်ကို အန်တုခဲ့တာကိုတော့ မေ့လျော့နေပုံရပါတယ်။ မြန်မာပြည်သူတွေဟာ နိုင်ငံရေးရေချိန်မြင့်မားပြီး ဝါဝါမြင်တိုင်း ရွှေမထင်တတ်ပါဘူး။ ကလင်တန်လာ၊ ဦးသိန်းစိန် အမေရိကန်သွား၊ အိုဘားမားလာပြီး အနောက်တိုင်းမီဒီယာ (အထူးသဖြင့် အမေရိကန်မီဒီယာ)တွေက အပြောင်းအလဲကို အစွမ်းကုန်ချီးကျူးနေချိန်မှာ လွတ်လပ်တဲ့မြန်မာမီဒီယာတွေကတော့ သံသယအချို့နဲ့ တုံ့ပြန်နေခဲ့ကြတာကို မှတ်မိကြပါလိမ့်မယ်။ တတိယအုပ်စုဝင် ဗျူရိုကရက်လော်ဘီတွေရဲ့ မစားရဝခမန်းပြောတာတွေကို မြန်မာပြည်သူတွေ မယုံကြည်တာ ၂ဝ၁၂ အိုဘားမားပြန်သွားပြီးကတည်းကပဲ ဖြစ်ပါတယ်။

(၄)

မှတ်မှတ်ရရပြောရရင်တော့ ၂ဝ၁၃ ဇန်နဝါရီလကစပြီး အစိုးရဟာ မီဒီယာတွေကို ကန့်သတ်ဖို့အတွက် စတင်ပြင်ဆင်လာပြီး ဦးရဲထွဋ်ကို သမ္မတပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်အပ်ပြီးကတည်းက ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ အတိုက်အခံအင်အားစုတွေ အတော်များများနဲ့ မီဒီယာ၊ ဂျာနယ်လစ်အတော်များများ တတိယအုပ်စု lobby တွေ၊ ခရိုနီတွေနဲ့ မကင်းရာမကင်းကြောင်း ဖြစ်လာချိန်မှာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီအုပ်စုနဲ့ ဝေးဝေးမှာ ရှိခဲ့ပါတယ်။

ဒီအုပ်စုဟာ တိုင်းရင်းသားပါတီတွေ၊ လက်နက်ကိုင်တွေ၊ အခြားပါတီတွေကို စည်းရုံးပြီး NLD ကို အထီးကျန်ဖြစ်အောင်လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ အမေရိကန်၊ EU နိုင်ငံတွေနဲ့ ဆက်ဆံရေးမနွေးထွေးဖို့တောင် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တစ်လစ်ဖြစ်၊ မတရားမှုတွေ ထူပြော၊ ပြည်သူတွေ လူနေမှုဘဝမပြောင်းလဲ၊ မီဒီယာတွေ ဖိနှိပ်ခံရတဲ့အချိန်မှာတော့ ပြည်သူတွေ သတိရလာခဲ့တာတော့ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD မှာ အားနည်းချက်တွေရှိပေမယ့် အာဏာရှင်စနစ်အောက်မှာ နင်းပြားဖြစ်ခဲ့ရတဲ့ ပြည်သူတွေ ဒုက္ခတွေ့ချိန်မှာတော့ သူတို့ကလွဲလို့ ဘယ်သူမှမရှိဘူးလို့ လူထုက သိကြပါတယ်။ ဒီအချက်ကို အမေရိကန်တွေ မေ့လျော့သွားပုံရပါတယ်။

(၅)

တချို့ကတော့ ထင်ပါလိမ့်မယ်။ အမေရိကန်ရဲ့ အာရှ-ပစိဖိတ်မူဝါဒ ပြောင်းလဲလာပြီ။ တရုတ်နောက်ကို မြန်မာနိုင်ငံ ပါမသွားဖို့ အစိုးရနဲ့ လိုက်လိုက်လျောလျော ဆက်ဆံလိမ့်မယ်။ ကျွန်တော်ကတော့ အိုဘားမားအနေနဲ့ မြန်မာပြဿနာကို သူတို့အကျိုးစီးပွားထက် သူ့ရဲ့နိုင်ငံခြားရေးမူဝါဒ အောင်မြင်ဖို့အတွက် စံပြအဖြစ် ပြသလိုစိတ်ကြီးမားလာပါလိမ့်မယ် ထင်ပါတယ်။ ရုရှားနဲ့ ယူကရိန်းပြဿနာ၊ အရှေ့အလယ်ပိုင်းက IS ပြဿနာကြောင့် အာရှဟာ အမေရိကရဲ့ တိုက်ရိုက်အကျိုးစီးပွား ဖြစ်မလာနိုင်သေးပါဘူး။

ဒါကို အေပက်အစည်းအဝေးမှာ တရုတ် နဲ့ ဆက်ဆံရေးကြည့်ရင် သိသာသလို၊ အာဆီယံအစည်းအဝေးမှာလည်း တောင်တရုတ်ပင်လယ်အရေးက ရှေ့တန်းမရောက်လာတာ ကြည့်ခြင်းအားဖြင့် သိသာပါတယ်။ တရုတ် နဲ့ အမေရိကန်ဆက်ဆံရေး ကောင်းမွန်ခြင်းက မြန်မာ့ဒီမိုကရေစီအတွက် အကောင်းဘက်ကို ရောက်စေပါတယ်။ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အိုဘားမားအနေနဲ့ မြန်မာ့အပြောင်းအလဲအတွက် တိုက်ရိုက်ဖိအားတွေ မပေးဘူးဆိုတဲ့ သတင်းထွက်သလိုပဲ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့တော့လည်း ပုံမှန်မှာတော့ သံတမန်ဆန်ဆန်ပဲ စကားပြောခဲ့တာဖြစ်ပါတယ်။ ဒီထိပ်သီးဆွေးနွေးပွဲတက်တဲ့ ခေါင်းဆောင်အတော်များများက မြန်မာ့နိုင်ငံရေးရေချိန်ကို သံတမန်ဆန်ဆန် စမ်းသပ်တဲ့ပွဲပဲ ဖြစ်ခဲ့ပါတယ်။

(၆)

နိုဝင်ဘာ ၁၄ ရက်ကတော့ မြန်မာ့နိုင်ငံရေးအတွက် ထူးခြားတဲ့နေ့တစ်နေ့ပဲ ဖြစ်ပါတယ်။ နေပြည်တော်မှာ သမ္မတဦးသိန်းစိန် က ဒေါ်လာ ရှစ်ဘီလျံတန်စာချုပ်တွေ တရုတ်နဲ့ ရေးထိုးတဲ့အချိန် အိုဘားမားဟာ ရန်ကုန်မြို့ကို လာရောက်ခဲ့ပါတယ်။
ခရီးရောက်မဆိုက်မှာဘဲ ဝန်ကြီးများရုံးကို သွားခဲ့ပါတယ်။ အများပြည်သူအမြင်မှာတော့ ဦးသန့်ရဲ့မြေး ဒေါက်တာသန့်မြင့်ဦးနဲ့ ဒုဗိုလ်ချုပ်ကြီး(ငြိမ်း)တစ်ဦးရဲ့ မိသားစုပိုင် ကိုလိုနီခေတ်အဆောက်အအုံကို ပြသတယ်ဆိုပေမယ့် အထဲမှာ ဦးအောင်မင်း ခေါင်းဆောင်တဲ့ MPC အဖွဲ့ဝင်တွေ၊ ဒေါက်တာသန့်မြင့်ဦးတို့နဲ့ ဆွေးနွေးပွဲ နာရီဝက်နီးပါး လုပ်ခဲ့ပါတယ်။ ဒီတစ်ခေါက် အိုဘားမားလာတဲ့အခါ သူကပဲ တောင်းဆိုတာလား၊ သံရုံးကပဲ စီစဉ်ပေးတာလားတော့ မသိပါဘူး။ တတိယအုပ်စုဝင်နဲ့ အစိုးရနဲ့ ဆက်စပ်သူတွေကို ပိုတွေ့ဆုံသွားပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်နာရီကျော် တွေ့ဆုံအပြီးမှာတော့ ကျွန်တော်တို့ အိုဘားမားရဲ့ မြန်မာပြည်အမြင်ကို ပြောင်းလဲစပြုလာပြီလို့ ကျွန်တော်တို့ ယုံကြည်လာပါတယ်။ အိုဘားမားဟာ ဖွဲ့စည်းပုံအပြောင်းအလဲအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်က ရပ်တည်မယ်လို့ပြောခဲ့သလို ကျွန်တော်တို့ Eleven Media Group က သတင်းထောက်မေးတာကို ဖြေကြားရာမှာလည်း မြန်မာပြည်အပြောင်းအလဲမှာ သတင်းလွတ်လပ်ခွင့်ဖိနှိပ်ခံရမှုကို မေ့ထားမှာမဟုတ်ဘူးဆိုတဲ့သဘော ပြောသွားတဲ့အတွက် အိုဘားမားဟာ မြန်မာပြည်သူတွေကို မေ့လျော့သွားမှာ မဟုတ်ဘူးဆိုတာ သေချာစေပါတယ်။

(၇)

၁၄-၁၁-၂ဝ၁၄ နေ့မှာ ချီးကျူးစရာအကောင်းဆုံးကတော့ Reform is fake, Illusions စတဲ့ Poster တွေကိုင်ခဲ့တဲ့ လူငယ်လေးတွေပဲ ဖြစ်ပါတယ်။ အဲဒီနေ့မှာ ဒီလူငယ်လေးတွေကြောင့် အိုဘားမားက သူဟာ ဒီမိုကရေစီနိုင်ငံကြီးတစ်ခုရဲ့ တာဝန်ရှိတဲ့သူ တစ်ဦးအဖြစ် ပေါ်လွင်သွားစေခဲ့ပါတယ်။ ဒီလိုလူငယ်ခေါင်းဆောင် မျိုးဆက်တွေအတွက် ကျွန်တော်ဂုဏ်ယူပါတယ်။

အဲဒီနေ့မှာ နောက်ထပ်ဝမ်းသာစရာ သတင်းတစ်ခုကတော့ မြန်မာနိုင်ငံရေး ရှေ့ခရီးလိပ်ခဲတည်းလည်းဖြစ်နေတဲ့ PR စနစ်ကို ပြည်သူ့လွှတ်တော်က ရပ်ဆိုင်းလိုက်တဲ့သတင်းပဲ ဖြစ်ပါတယ်။ တချို့ကတော့ PR ကိုတင်တာ ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေးကို အာရုံလွှဲတာလို့ ပြောပါတယ်။ ကျွန်တော်ကတော့ ဒီလိုမထင်ပါဘူး။ NLD မဲအများစုမရအောင် လုပ်တဲ့သဘောလို့ မြင်ပါတယ်။ ဒီလိုရပ်ဆိုင်းလိုက်တာဟာ ဦးရွှေမန်းနဲ့ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တွေရဲ့ သမိုင်းဖြစ်သွားပါပြီ။ ကြံ့ခိုင်ရေးပါတီဟာ ၂ဝ၁၅ ရွေးကောက်ပွဲ အနိုင်အရှုံးထက် ကျော်လွန်ပြီး တိုင်းပြည်ရှေ့ခရီးကို စဉ်းစားလိုက်တဲ့ သဘောပါပဲ။

ဖွဲ့စည်းပုံပြင်ဆင်ရေးက အကန့်အသတ်ရှိနိုင်တယ်ဆိုတာ လူထုလက်ခံပေမယ့် PRကိုတော့ ညစ်ပတ်မှုတစ်ခုလို့ မြင်ကြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ တပ်မတော်ရဲ့ သဘောထားကြီးမှုနဲ့ တာဝန်ယူမှုကို စောင့်ကြည့်ရပါမယ်။ ဒါကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ သမိုင်း၊ တပ်မတော်ရဲ့သမိုင်း ဖြစ်သွားပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ၁၄-၁၁-၂ဝ၁၄ ကတော့ မြန်မာပြည်သူတွေအတွက် ပျော်ရွှင်စရာကောင်းတဲ့ နေ့တစ်နေ့ပါပဲ။

No comments: