သခင်တင်ဦး (ယခု အသံလွှင်ဌာန) ကျွန်တော်သည် သခင်အောင်ဆန်းအား ၁၉၃၈ ခုနှစ်တွင် မော်လမြိုင်တွင် ကျင်းပသော တို့ဗမာအစည်းအရုံး နှစ်ပတ်လည် ညီလာခံသဘင်ကြီးတွင် စတင်မကျင်းပမီ သိကျွမ်းခဲ့သည်။ သို့သော် ခင်မင်ရင်းနှီး အကျွမ်းတဝင်ကား မဟုတ်ခဲ့ပေ။ ထိုညီလာခံအပြီး၊ ရန်ကုန်မြို့ အမှတ် ၇၆ ရေကျော်လမ်း တို့ဗမာအစည်းအရုံးတည်ရာ ဌာနသစ်တွင် ကျွန်တော်သည် တို့ဗမာအစည်းအရုံး၏ အမြဲတန်း အလုပ်သမားတဦးအဖြစ် တာဝန်လွှဲအပ်ခြင်း ခံရသည့်နောက်၊ တနေ့သ၌ သခင်အောင်ဆန်းသည် သူ၏ ဟောင်းနွမ်းနေသော မွေ့ရာလိပ်ကြီးနှင့် စာအုပ်သေတ္တာ နှစ်လုံး၊ အဝတ်အစားသေတ္တာ တလုံးတို့ကို လန်ခြားနှင့် တို့ဗမာအစည်းအရုံးသို့ သယ်ယူ ရောက်ရှိလာသည်မှအစ၊ သူနှင့် ကျွန်တော်သည် ထပ်မံတွေ့ဆုံခါ ချစ်ကျွမ်းဝင်တော့သည်။ ကျွန်တော်သည် မိမိဘာသာအလျောက် ဖြစ်ကတတ်ဆန်း အေးအေးနေတတ်သူ တဦးဖြစ်ရာ။ ကျွန်တော်ထက်ပို၍ အေးပြီး ဖြစ်ကတတ်ဆန်း နေတတ်သော သူ့ကို တွေ့ရသောအခါ ဖက်မိသွားသည်။ တက္ကသိုလ်ကျောင်းထွက်ဟူ၍ သူ့ကိုမြင်လျှင် ယုံနိုင်စရာ မရှိပေ။ ယင်းအခါ သူ့ကိုမြင်လျှင် ခေါင်းစုတ်ဖွား ရှုသိုးသိုးနှင့် လုံချီတိုတိုဝတ်ပြီးလျှင် လေယာဉ်ပျံဘိနပ်သော်၎င်း၊ ခုံဘိနပ်သော်၎င်း၊ စီးလျက်သားသာ တွေ့ရမည်ဖြစ်သည်။ သူသည် ထိုအခါက မော်လမြိုင်ညီလာခံမှ တင်မြှောက်ခြင်းခံရသော တို့ဗမာအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး အမြဲတန်းအလုပ်သမား ဖြစ်သည်။ သို့အတွက်ကြောင့်ပင် သူသည့် အခြား အလုပ်အမှုဆောင်များနည်းတူ မိမိတို့ နေလိုရာတွင် မနေဘဲ။ အစည်းအရုံးတွင် အစည်းအရုံး၏ စည်းရုံးရေးကို လုပ်ဆောင်ရန် လာရောက်နေထိုင်ခြင်း ဖြစ်သည်။ သူ့အကျင်တခု။ တခါက သူနှင့် ကျွန်တော် အစည်းအရုံးမှ မောင်ဂိုမာရီလမ်းအတိုင်း ခြေလျင်လျှောက်လာကြသည်။ သွင်ရုံအနီးတွင် သူ့အား လူတယောက်က နှုတ်ဆက်လိုက်သည်။ သူကမူ ပြန်၍ နှုတ်မဆက်ဘဲ ခေါင်းငိုက်ဆိုက်ဖြင့်သာ လျှောက်သွားသည်။ ကျွန်တော်က “စောစောက ခင်ဗျားကို လူတယောက်က နှုတ်ဆက်သွားတယ်၊ ခင်ဗျားမကြားဘူးလား”ဟု မေးရာ၊ ဟင် - ဟုသာ ကျွန်တော်အား တခွန်းတည်းပြောပြီး၊ သွားစရာ ဆက်သွားခဲ့သည်။ ဤသည်တို့ကြောင့်ပင် သူ့အကြောင်းကို မသိသူများက လူတမျိုးဘဲ၊ ဆိုရှယ်မဖြစ်ဘူးဟူ၍ စွပ်စွဲကြသည်။ လမ်းသွားလျှင် ပတ်ဝန်းကျင်ကို ဂရုပြုလေ့ မရှိသည်မှာ၊ သူ့အကျင့်တခု ဖြစ်သည်။ သူကား အစဉ်းစားကြီးသူ ဖြစ်သည်။ နောက်တခု။ တခါကလည်း တို့ဗမာအစည်းအရုံးသို့ နယ်မှ သခင်ခေါင်းဆောင်တဦး ရောက်ရှိလာသည်။ ကျွန်တော်အား သခင်အောင်ဆန်းနှင့် အရေးတကြီး တွေ့လိုသည်ဟု ပြောသဖြင့်၊ အိပ်ရာထည်းတွင် စောင်ကို ခေါင်းမြီးခြုံနေသော သခင်အောင်ဆန်းအား အစည်းအရုံး ဧည့်ခန်းသို့ ခေါ်ဆောင်ခဲ့ရသည်။ ရောက်လျှင် ဘာမျှမပြော။ ကုလားထိုင်တလုံး၌သာ ထိုင်၍ ဆိတ်ဆိတ်နေသည်၊ သူ ကုလားထိုင်ပေါ်သို့ ထိုင်မိလျှင် ထိုင်မိခြင်း နယ်သခင်ခေါင်းဆောင်က ၎င်းတို့နယ်တွင် ဖြစ်ပျက်နေသည့် အနေအထား အခက်အခဲတို့ကို အားရပါးရ တိုင်ကြားပြောဆိုသည်။ ထိုသို့ ပြောဆိုတိုင်ကြားသည်ကို အင်းမလုပ် အဲမလုပ်နေသော သခင်အောင်ဆန်းသည် ထိုသူ ပြောပြီးလျှင် ပြီးခြင်း ဘာမျှမပြောမဆို နေရာမှ ထသွားသည်။ နယ်မှလာသူလည်း ခဏတဖြုတ် တပိုတပါး သွားသည်အထင်ဖြင့် စောင့်နေသည်။ သို့သော် ငါးမိနစ်နှင့်လည်း မပေါ်လာ၊ ၁၀ မိနစ်နှင့်လည်း မပေါ်လာ။ နာရီဝက်ခန့် ကြာသောအခါ ထိုသူမှာ သည်းခံ၍ စောင်ဆိုင်းနေလိုဟန် မတူတော့ ဒေါပွလာသည်။ ကျွန်တော်လည်း သခင်အောင်ဆန်း၏ အကြောင်းကို သိပြီးဖြစ်ရာ အိပ်ခန်းတွင်းသို့ တောက်ရှောက်ဝင်သွားပြီး စောင်ကို ခေါင်းမြီးခြုံအိပ်နေသော သခင်အောင်ဆန်းအား အပြင်တွင် နယ်မှ သခင်ခေါင်းဆောင် စောင့်နေကြောင်း ပြောပြရသည်။ သူက ခြုံထားသော စောင်ကိုဖွင့်၍ “ကြည့်သာ ပြောလိုက်ပါတော့” ဟုပြောပြီး။ ပြန်၍ ခေါင်းမြီးခြုံမြဲ ခြုံ၍နေလိုက်သည်။ ကျွန်တော်လည်း သူ့အနားမှ ခွာထွက်လာကာ နယ်သခင်ခေါင်းဆောင်အား သခင်အောင်ဆန်းမှာ အခြားသူများကဲ့သို့ မဟုတ် နေ့တွင် အလုပ်လုပ်လေ့ မရှိ။ ညမှသာ တညလုံး စားပွဲတွင်ထိုင်ခါ အလုပ်လုပ်လေ့ရှိတဦး ဖြစ်ကြောင်း။ ယမန်နေ့ညကလည်း ၁၀ နာရီကျော်ခန့်လောက်က လင်အားကြီးအထိ အလုပ်လုပ်ရာ အိပ်ရေးပျက်သည့်အတွက် မနေနိုင်တော့ဘဲ အိပ်နေပြီဖြစ်ကြောင်း။ ယခုနေ့ခင်းမှ မအိပ်ပါက ခမြာ ပန်းဖျား ဖျားရတော့မည်ဖြစ်ကြောင်း။ ယခုလည်း ခင်ဗျားပြောတာကို သူမှတ်သားထားပြီး မကြာမီ နယ်သို့ ညွှန်ကြားလွှာများ ပို့ပေးမည်ဖြစ်ကြောင်းဖြင့် နှစ်သိမ့်ရသည်။ ဤတွင်မှ ထိုသူလည်း ကျေနပ်ပြီး အစည်းအရုံးမှ ထွက်ခွာသွားတော့သည်။ သခင်အောင်ဆန်းမှာ လောကဝတ်ဆိုသည်မှာ အပိုအလုပ် ပကာသနသာ သဘောထားသည်။ သို့သော် သူ့အား တပါးသူက စကား ပြောဆိုသည်တို့ကို သူ့ဦးဏှောက်အတွင်းဝယ် မေ့ပျောက်မသွားအောင် စွဲမြဲမှတ်သားနိုင်သည်။ မှတ်သားနိုင်သလောက် လုပ်ဖွယ်ရာတာဝန် မပျက်ခဲ့ပေ။ လမ်းတွင် တွေ့ရှိသူများအား နှုတ်မဆက်ခြင်း၊ စကား ပြောလိုမှသာ ပြန်၍ ပြောဆိုခြင်းတို့မှာ သူ့ဝသီဖြစ်သည်။ အထင်အမြင် လွဲမှားကြသည်။ သို့သော် သူကား သူ၏ စဉ်းစားခြင်း အလုပ်မှတပါး အခြားဂရုစိုက်ခဲ့ပေ။ သူ၏ စဉ်းစားချက်မှာကား လွတ်လပ်မှုတခုတည်းသာ ဖြစ်သည်။ တခါကလည်း၊ တခါက သူနှင့် ကျွန်တော် ကိုယ့်အတွေးနှင့်ကိုယ် လမ်းလျှောက်သွားကြသည်။ သခင်အောင်ဆန်းက ရုတ်တရက် တိုင်းပြည်လွတ်လပ်ပြီး၊ ကိုယ်သာခေါင်းဆောင်ဖြစ်ရင် အိမ်ကရှိတဲ့ လယ်တွေယာတွေကို အကုန်လုံး ဆင်းရဲသားတွေကို ဝေပေးလိုက်မယ်။ ငွေတိုးချေးတဲ့ လူတွေကိုလည်း လျှော်ပစ်လိုက်မယ်။ အမယ်ကြီး မကျေနပ်ရင်လဲ အတင်းလုပ်ရမှာပဲဟု ပြောဖူးလေသည်။ သူသည် ဤမျှ လက်ဝါးကြီးအုပ် အရင်းရှင်များကို ရွံ့မုန်းခဲ့သည်။ တိုင်းသူပြည်သားများ အပေါ်၌လည်း ဤမျှစေတနာထားခဲ့သည်။ နေ့စဉ်လိုပင် စားချိန် သောက်ချိန်မှ လွဲ၍ အိပ်ရာထဲတွင် စောင်ခေါင်းမြီးခြုံကာ နေတတ်သည်။ အလုပ်ရှိလျှင် ညဥ့်လူခြေတိတ်ချိန် ကစ၍ မိုးလင်းသည့်တိုင်အောင် တမှေးမှ မအိပ်ဘဲ အလုပ်လုပ်တတ်သည်။ ညွှန်ကြားလွှာများ၊ ကြေညာချက်များ ရေးစရာရှိလျှင် တညလုံး အင်္ဂလိပ်ဘာသာဖြင့် ရေးပြီးမှ ဘာသာပြန်လေ့ရှိ၏။ အစဉ်းစားလွန်ခဲ့သည်နေ့၊ တခါကလည်း သူ အတော်ပင် အစဉ်းစား လွန်သွားခဲ့သည်။ လူပြောစရာ ဖြစ်အောင်ပင် အစဉ်းစား လွန်ခဲ့သည်။ တို့ဗမာအစည်းအရုံးနှင့် ဓါးမပါတီတို့ ပူးပေါင်းခါ၊ ဗမာ့ထွက်ရပ်ဂုဏ်းဟု ဖွဲ့စည်းရန်အတွက် သခင်ခေါင်းဆောင် အချို့တို့သည် တညတွင် စတော့ကိတ်လမ်းရှိ သခင်နုအိမ်တွင် အစည်းအဝေးတရပ် ပြုလုပ်ကြသည်။ ထိုအစည်းအဝေး ကျင်းပနေစဉ် သခင်အောင်ဆန်းသည် နောက်ဖေးသွားလိုသဖြင့်၊ အိမ်သာသို့ စည်းဝေးနေရင်းမှ ထသွားခဲ့သည်။ သခင်အောင်ဆန်း အိမ်သာမှ ပြန်လာပြီး သခင်နု၏ ဇနီး မမရီ အိမ်သာသို့ ဝင်သောအခါ၊ ခြေတင်သည့် နေရာတွင် မစင်များ တင်နေသည်ကို တွေ့ရသည်။ မမရီက အိမ်သာမှ ပြန်လာပြီး ပြောရာ အားလုံးပင် ဝိုင်း၍ရယ်ကြသည်။ ထိုအဖြစ်အပျက်ကို နောက်တနေ့တွင် မမရီက ကျွန်တော့်အား ပြောပြသည်။ သခင်အောင်ဆန်းကမူ ဗမာ့ထွက်ရပ်ဂုဏ်းအကြောင်း စဉ်းစားရင်း အစဉ်းစား လွန်သွားခဲ့သည်ဟု နောက်တနေ့တွင် ကျွန်တော့်အား ပြောပြသည်။ အဆင်းရဲ အခံနိုင်ဆုံး ထိုစဉ်အခါက တို့ဗမာအစည်းအရုံးတွင် အဆင်းရဲခံနိုင်ဆုံး နိုင်ငံရေးသမားတဦးကို ပြပါဟုဆိုလျှင် သူ့အား ပြရပေမည်။ တို့ဗမာအစည်းအရုံးတွင် အမြဲတမ်း အလုပ်သမားများအတွက် သတ်မှတ်ထားသော ထောက်ပံ့ငွေမှာ အစည်းအရုံး၏ ဘဏ္ဍာရေး ကြပ်တည်းမှုကြောင့် လပေါင်းများစွာ ပြတ်သတ်ခဲ့သည်။ သူနှင့် ကျွန်တော်အပြင် သခင်မောင်လေးနှင့် သခင်သက်တင်တို့မှာ များသောအားဖြင့် နံနက်စာကို မှန်အောင် မစားခဲ့ကြရပေ။ ညစာအတွက်မှာမူ ထိုအချိန်က ရေကျော်ညဈေးတန်းတွင် ထမင်းရောင်းချနေသော ညီအမနှစ်ယောက်က နိုင်ငံရေးသမားအဖြစ်ဖြင့် ကြည်ညိုပြီးလျှင် အကေ့းပေး၍သာ စားကြရသည်။ သို့သော် - ထိုဆိုင်တွင် တခါတရံ အားနာလှသဖြင့် ဗိုက်မှောက်ခါ အိပ်ကြရပါသေးသည်။ ဤမျှ သူ့တွင် စားရမဲ့၊ သောက်ရမဲ့၊ ဝတ်ရမဲ့ ဖြစ်နေစေကာမူ သူ့အား လစဉ်ကြေးငွေ လိုသမျှ ထောက်ပံ့နိုင်သော သူ့မိခင်ကြီးအား ဒုက္ခမပေးခဲ့ပေ။ တခါမျှသာ သူ့မိခင်ကြီးထံ ငွေ ၈၀ ပေးပို့ရန် စာရေးတောင်းဆိုခဲ့ဘူးသည်။ အဝတ်အစား အဝတ်အစား ဝတ်ဆင်ရာ၌လည်း သူ့ခေါင်းကို သူသသည်ဟူ၍ မရှိ။ အစဉ်သဖြင့် ဘိုကေမှာ ရှေ့သို့သာ ဖွားရယား ကျနေသည်။ သူစိတ်ကူး၍ ခေါင်းဖြိးသည့် အခါတွင်မူ၊ မှန်တွင်ကြည့်ပြီး မျက်နှာအမူအရာ ပြုံးတုံး လုပ်နေလေ့ရှိသည်။ ထိုအမူအရာမှာလည်း သူစိတ် ရွှင်မြူးသည့် အခါတွင်သာ ဖြစ်ပေါ်လေ့ရှိသည်။ သူ့အိပ်ရာမှာလည်း ဟောင်းနွမ်းနေသည့် လွှာခြင်းစောင်တထည်၊ ခေါင်းအုံး ၂ လုံးနှင့် လျှော်ဖွတ်လေ့ မရှိသော မွေ့ရာခင်းများ အပြင်၊ ဗလပွကြဲနေသော သတင်းစာ စက္ကူဟောင်းများနှင့်သာ ရောနှောလျက်ရှိသည်။ သူသည် တိုင်းပြည်အတွက် ဤမျှ အဆင်းအရဲ ခံနိုင်ရှာပေသည်။ လွတ်လပ်ရေးတိုက်ပွဲ နယ်ချဲ့စနစ်ကို သူသည် လက်နက်ကိုင်၍ တော်လှန်မှ လွတ်လပ်ရေးရမည်ဟု ထိုစဉ်အခါကပင် သူယုံကြည်ခဲ့သည်။ ၁၉၄၀ ခုနှစ်၊ တပေါင်းလ ညတညတွင် ပူပြင်းလှသဖြင့် သူနှင့် ကျွန်တော်တို့သည် ဘိုတထောင်သင်္ဘောဆိပ်တွင် လေညှင်းခံရင်း နိုင်ငံရေးအကြောင်း ပြောဆိုကြသည်။ သူက အင်္ဂလိပ်ကို လက်နက်ကိုင်ပြီး မတော်လှန်ရင် ဗမာပြည် ဘယ်တော့မှ မလွတ်လပ်ဘူးဟူ၍ ကျွန်တော်အား ပြောပြသည်။ ဤစကားကိုပြောပြီး မကြာမီပင် သူသည် ဗမာပြည်မှ ပျောက်ကွယ်သွားပြီး ဂျပန်ပြည်သို့ ရောက်ရှိသွားခဲ့သည်။ အားမနာသူ။ စကားပြောရာ၌လည်း မညှာမထောက် ဘွင်းဘွင်း ပြောတတ်လေ့ရှိသဖြင့် ကျွန်တော်မှာ တခါတွင် ကြားထဲက အားအနာကြီး နာခဲ့မိသည်။ ၁၉၄၀ - ခုနှစ် ကုန်ခါနီး၊ ဂဠုံဦးစော နန်းရင်းဝန် ဖြစ်စဉ်အခါက ကျွန်တော်အား အစိုးရက ဘုန်းကြီးလမ်းတွင် တရားဟောပြောသည်ကို ပုဒ်မ ၁၂၄(က) ဖြင့် အရေးယူ ဘမ်းဆီးပြီးလျှင် ရန်ကုန်ဒီစတြိတ် ရာဇဝတ်သူကြီး ဦးဘသွင်၏ ရုံးတွင် စစ်ဆေးခဲ့သည်။ ထိုအခါ (ပြည်လည်ထူထောင်ရေးဝန်ကြီး) ဦးဘဂျမ်းက ကျွန်တော်ဘက်မှ ရှေ့နေအဖြစ် အခမဲ့ ကူညီလိုက်ပါ ဆောင်ရွက်ခဲ့သည်။ ဦးဘဂျမ်းမှာ ထိုစဉ်က ဝတ်လုံလိုက်စသာဖြစ်ရာ၊ လျှောက်လဲပုံတို့ကို သခင်အောင်ဆန်းက သူကို မကြိုက် မနှစ်သက်ခဲ့ပေ၊ အမူစစ်ဆေးသော နေ့တနေ့တွင် သခင်အောင်ဆန်း ရုံးသို့ လာရောက်နားထောင်ပြီး ဦးဘဂျမ်း လျှောက်လဲ ပြောဆိုချက်တို့ကို သူသဘော မကျကြောင်း ပြစ်တင်ပြောဆိုသည်ကို ကျွန်တောင်ပင် ကြားက မနေတတ်ဖြစ်ခဲ့ရသည်။ သို့သော် အများအတွက် သူသာလျှင် ဒုက္ခခံလိုစိတ်မှာ သူတွင် ကိန်းအောင်းနေသည်။ တခါ ၁၉၃၉ ခုနှစ် ဒီဇင်ဘာလ ဆာစတက်ဖို့ကရစ် ဗမာပြည်သို့ ဝင်လာစဉ်က၊ မန္တလေးမြို့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ တို့ဗမာအစည်းအရုံး အမှုဆောင်များ အစည်းအဝေးကို ပြုလုပ်ကြသည်။ အစည်းအဝေး ပြီးသောအခါ အလုပ်အမှုဆောင်များ အားလုံးကို ရန်ပုံ ငွေကလေးဖြင့် တသုတ်စီ ပြန်စေပြီးလျှင်။ မန္တလေးမြို့တွင် သူနှင့် ကျွန်တော် ၂ ယောက်တည်းသာ ရန်ကုန်မှ ရန်ကုန်မှ ငွေပို့လိုက်မည် ဆိုသူတို့၏ အပြောဖြင့် ပြန်စရိတ်ကို စောင့်မျှော်ရင်း တဝဲလယ်လယ် ကျန်ရစ်ခဲ့ကြသည်။ ထိုသို့ ကျန်ရစ်ခဲ့ပြီး နောက်တရက်မှာပင် ကျွန်တော်တို့ တည်းခိုနေသည့် ကွယ်လွန်သူ ဝန်ကြီး ဦးဘဦး၏ တိုက်တွင် မန္တလေး သခင်များက ကျွန်တော်တို့အား ထမင်းကျွေးခြင်းကို တာဝန် မယူကြတော့ပေ။ ကျွန်တော်နှင့် သခင်အောင်ဆန်းမှာ လက်ထဲတွင်လည်း လဘက်ရည်ဘိုးမျှပင် ပိုက်ဆံမရှိကြပေ။ တမြို့တရွာတွင် ယောင်လယ်လယ်ဖြင့် ဒုက္ခကြုံကြ ရပေတော့သည်။ ထိုအတွင်း ဒေါ်အုန်း၊ အမ်-အေ တို့၏ အိမ်မှ ထမင်းတနပ်နှင့် ကျောင်းဆရာ ကိုခင်မောင်လေး ယခု (ဗိုလ်ခင်မောင်လေး)က တရုတ်ဆိုင်တဆိုင်တွင် ထမင်းတနပ် ကျွေးမွေးပါသေးသည်။ သူတို့ တတွေမှာလည်း ထိုထက်ကျော်လွန်အောင် ပြုစုနိုင်အောင် ငွေကြေး မချောင်လည်ကြ၍ ထိုမျှသာ ကျွေးမွေးနိုင်တော့သည်။ စားရေးသောက်ရေးထက် ရန်ကုန်ပြန်နိုင်ရေးမှာ အရေးကြီးလှရာ၊ ရန်ကုန်မှ ငွေပို့လိုက်မည်ဟု ပြောသွားသူများကလည်း ငွေကြေး မချောင်လည်၍ ရုတ်တရက် မပို့နိုင်သေးဘဲ ရှိရာ၊ သခင်အောင်ဆန်းမှာ မနေသာတော့ရှာဘဲ။ တနေ့တွင် သူ၏အစ်ကို ဝမ်းကွဲတော်စပ်သူ မန္တလေးမြို့၊ စမော်ကော် တရားသူကြီး ဦးဘသိုက် ယခု သာယာဝတီ တရားမဝန်ထောက် ခွင့်နှင်နေသူထံသို့ တနေ့တွင် သွားရောက်လည်ပတ်ပြီး ၎င်း၏ရုံးသို့ ကျွန်တော်ကို စေလွှတ်ခါ ငွေ ၁၀ တောင်းခိုင်းရာ ရရှိလာသည်။ တဖန် နောက်တနေ့တွင်လည်း နော်မံ ကျောင်းအုပ်ကြီး ဦးတင့်ဆွေ (ယခု နယူးမင်းသတင်းစာ အယ်ဒီတာချုပ်)ထံသို့ သူနှင့် ကျွန်တော် သွားကြပြီး၊ ရန်ကုန်သို့ ပြန်ရန်စရိတ် တောင်းခဲ့ပြီး နောက်တနေ့တွင် နောက်တနေ့တွင် မန္တလေးမှ ရန်ကုန်သို့ ပြန်ဆင်းခဲ့ကြရသည်။ ဤသည်တို့မှာ သူသည် အမှန်အားဖြင့် အခြားသူတဦးဦးအား မန္တလေးတွင် ထားရစ်ခဲ့ပြီး ပြန်နိုင်သည်။ သို့သော် - သူကား ထိုသို့မဟုတ် အများအတွက် ဒုက္ခခံမည် ဆိုသည့် စေတနာကောင်းကြောင့်ပင် မန္တလေးတွင် ပိုက်ဆံတပြားမှ မရှိဘဲ၊ ယောင်လယ်လယ်နှင့် တမြို့တရွာတွင် ဒုက္ခခံခါ နေရစ်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်သည် ရန်ကုန်သို့ ရောက်ရှိပြီး မကြာမီ အထက်ဗမာပြည်သို့ သူ့တပ်ဖြင့် ချီတက်သွားပြီး ရန်ကုန်သို့ ပြန်ရောက်သောအခါ ကျွန်တော်လည်း သခင်ဗအေးနှင့်အတူ အပါးသို့ တဖန် ပြန်လည် ရောက်ရှိရပြန်သည်။ ဗိုလ်ချုပ်၏ ဖူးစာ တခါတွင် ဗိုလ်ချုပ်သည် အပြင်းအထန် ဖျားသဖြင့် အလံပြဘုရားလမ်းရှိ ဘီအိုင်အေ ဆေးရုံတွင် တက်ရောက်ကုသရသည်။ ဗိုလ်ချုပ်၏အနီး၌ ကျွန်တော်ပင် နေ့ညမပြတ် စောင့်ရှောက် ပြုစုရသည်။ ထိုအခါက ဘီအိုင်အေ ဆေးရုံမှာ ဖွင့်ကာစက သာလျှင်ရှိသေး၍ ဗိုလ်ချုပ်၏ ဇနီးလောင်း ဒေါ်ခင်ကြည်၊ ၎င်း၏အစ်မ သခင်သန်းထွန်း၏ ဇနီးလောင်း ဒေါ်ခင်ကြီးနှင့် ကျွန်တော်၏ အစ်မ ဝမ်းကွဲတော်သူ ဒေါ်တင်ထွေးတို့ သာလျှင် ပြည်သူ့ဝန်ကို ထမ်းရွက်လျက်ရှိသည်။ ငါမိန်းမယူတော့မယ်၊ ထိုသို့ ဆေးရုံသို့ တက်နေရစဉ် အဖျားသက်သာလာသည့် တနေ့တွင် ကျွန်တော်အား “ဟေ့ - တင်ဦး၊ ငါ့ကို လက်စွပ်လဲဖို့ စိန်လက်စွပ်တကွင်း ဝယ်ပေးစမ်းကွာ” ဟု ပြောသည်။ ကျွန်တော်လည်း ပြုံးပြီး “ဘာလုပ်ဖို့လဲ” ဟုမေးရာ၊ “ငါမိန်းမ ယူတော့မလို့ကွ”ဟု သံပြတ်ပြောပြီး ဆက်လက်၍ “အင်္ကျီနှင့် လုံချည်ပါ ဝယ်ပေးပါအုံး”ဟု ပြောပြန်သည်။ ကျွန်တော်လည်း သူမပြောစဘူး ထူးထူးခြားခြား ပြောလိုက်သဖြင့် အံအားသင့်ကာ ဟက်ဟက်ပက်ပက် ရယ်မောမိလိုက်သည်။ ထိုအခါသူက “ဟေ့ကောင် ရယ်မနေနဲ့ကွ ငါအတည်ပြောနေတာ”ဟု ထပ်ဆင့် ပြောပြန်သည်။ ကျွန်တော်လည်း ပြုံးပြီးလျှင် ဘယ်သူနဲ့လဲဟု မေးရာ၊ “မခင်ကြည်” နဲ့ဟု ပြော၍ ပြုံးတုံးတုံး လုပ်နေသည်။ သို့မှ ကျွန်တော်လည်း သူ့အပါးမှ ထွက်ခွာလာခဲ့ရတော့သည်။ သူ့အစွဲအလန်း။ တနေ့ သူ့အခန်းသို့ ကိုအုန်းမြင့်နှင့်အတူ ဝင်သွားကြသောအခါ ဆရာမတယောက် ဆေးလာတိုက်သည်နှင့် ကြုံနေသည်။ သူက “မသောက်ချင်ဘူး”ဟု အတင်းငြင်းဆို လိုက်သည်။ ဆရာမခမြာမှာ သူ့ကို ကြောက်သဖြင့် အခန်းတွင်းမှ ထွက်ခွာသွားရသည်။ ထိုသို့ ဆရာမ ထွက်သွားလျှင် သွားချင်းပင် သူက “ဟေ့ တင်ဦး သွားပြောချေ၊ ဆရာမ မခင်ကြည်တိုက်မှ သောက်မယ်လို့”ဟု ပြောရာ၊ ကျွန်တော်သည် စောစောက ဆေးတိုက်ရန် ဝင်လာသော ဆရာမအား အကျိုးအကြောင်း ပြောပြလိုက်ရသည်။ နောက်တနေ့ နံနက်စာ စားချိန်တွင်လည်း ဆရာမတဦးက ထမင်းလာကျွေးရာ၊ “ဟင့်အင်း မစားဘူး၊ မခင်ကြည်ကျွေးမှ စားမယ်”ဟု ငြင်းဆိုနေပြန်သည်။ တဖန် “ဟေ့ တင်ဦး၊ မခင်ကြည် ခေါ်ချေ” ခိုင်းစေရာ၊ ကျွန်တော်လည်း ဤကိစ္စမျိုးတွင် သတ္တိကြောင်သူတဦး ဖြစ်သဖြင့် ဒေါ်ခင်ကြည်အားလည်း သွားမပြောရဲ၊ သူထံသို့လည်း မပြန်ရဲနှင့် ထိုနေ့တနေ့လုံး သူ့အပါးမှ ကျွန်တော် ရှောင်နေရတော့သည်။ သူသည် တခုခု လုပ်မည်ဆိုလျှင် မဖြစ်မနေ ဇွဲသန်သန်ဖြင့် ပြုမူတတ်သည့် သူ့ဝါသနာအတိုင်း၊ နောက်ဆုံး ဒေါ်ခင်ကြည်နှင့် မင်္ဂလာဆောင်သည်အထိ သူရောက်လိုသည့် အိမ်ထောင်ရေး ပန်းတိုင်သို့ ထမြောက်အောင်မြင်စွာ ရောက်ရှိခဲ့တော့သည်။ သို့သော် - သူမဖြစ်မနေ၊ အရောက်လှမ်းရန် ကြိုးစားအားခဲနေသော လွတ်လပ်ရေး ပန်းတိုင်ကား သူ့လက်လှမ်းနှင့် မီလုဆဲ့ အခါတွင် သူကား သူတပါး လက်ချက်ဖြင့် ကွယ်လွန်ရရှာပြီ။ အို … လူသတ်တို့ သင်တို့ကား မိုက်တွင်း နက်လှချေတကား။ အလင်္ကာကျော်စွာ သခင်ကိုယ်တော်မှိုင်း တည်းဖြတ်၍ ဗိုလ်ချုပ်အောင်ဆန်း၊ စာရေးဆရာ၊ ရဲဘော်သခင်နှင့် ကျောင်းနေဘက်များ စုပေါင်းရေးသားသည့် ၁၉၅၁ ခုနှစ်ထုတ် “ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ” စာအုပ်မှ သခင်တင်ဦး ရေးသားတဲ့ “ကျွန်တော်တို့ မှတ်မိသိရှိသမျှ ဗိုလ်ချုပ်” ကို ပြန်လည်ကူးယူ ဖော်ပြတာဖြစ်ပါတယ်။ [သခင်တင်ဦး (ယခု အသံလွှင်ဌာန) ရဲ့ ယခု ဆောင်းပါးကို မူလက ဂျာနယ်ကျော်မှာ ရေးသားခဲ့တာဖြစ်ပြီး၊ ယခု ထပ်မံ ဖော်ပြတာ ဖြစ်တယ်လို့ အဲဒီ စာအုပ်မှာ ရေးသားထားပါတယ်။]
No comments:
Post a Comment