Monday, November 17, 2014

နမ့်မယောင်းမှသည် ဧရာဝတီ -အပိုင်း (၁) *************************************

နိဒါန်း ကျွန်တော်စာရေးတော့ ဖြစ်ရပ်မှန် စစ်မှတ်တမ်းများနဲ့ ပရိသတ်က သတိထားမိလာကြတာပါ။ ကျွန် တော့်စာတွေမှာ ကျွန်တော့်နာမည်ရယ်၊ ကျွန်တော့်ဇနီးနာမည်ရယ်ကလွဲပြီး ကျန်တာအကုန်အမှန်တွေ ချည်းပါပဲ။ နေ့စွဲတွေ၊ နေရာတွေလည်း အားလုံးအမှန်တွေချည်းပါ။ အတိအကျ တွေပါ။ စာဖတ်ပရိသတ်က အဖြစ်အပျက်နဲ့ နေ့စွဲတွေက တိကျလှချေလား၊ ဘယ်လိုလုပ်ပြီး ဒီလိုရေးနိုင် တာလဲလို့ မကြာခဏမေးကြပါတယ်။ သိပ်ပြီးအံ့သြစရာမဟုတ်ပါဘူး။ ကျွန်တော်က Diary မှတ်တမ်းရေး တာ ၀ါသနာပါတယ်။ တက္ကသိုလ်ကျောင်းသားဘ၀တုန်းကတော့ Struggle လုပ်ရ၊ ခံစားရတာလေးတွေ ကို ကြိုးကြားကြိုးကြားရေးဖြစ်တယ်။ နေ့စဉ်တော့ မရေးခဲ့ပါဘူး။ အဲ ၁၉၆၆ ခုနှစ် ဗိုလ်သင်တန်းစတက်ချိန်ကစပြီး Diary ရေးလာတာ ကနေ့ ဒီစာရေးနေတဲ့အထိ ပါပဲ။ ဒါကြောင့် စာတွေရေးတော့မယ်ဆိုရင် နှစ်အလိုက် Diary တွေပြန်ရှာပြန်လှန်ပြီး ရေးသားတင်ဆက် လိုက်ပါတယ်။ အခုလည်း “ နမ့်မယောင်းမှသည် ဧရာဝတီ ” ခေါင်းစဉ်နဲ့ ၀တ္ထုဆန်ဆန်စစ်မှတ်တမ်းလေးတစ်ပုဒ် ကို Diary လှန်ပြီး ရေးသားတင်ဆက်လိုက်ပါတယ်။ နမ့်မယောင်းချောင်း ရစ်ခွေစီးဆင်းနေတဲ့ မိုင်းယောင်းမြို့ကလေးကနေပြီး ဧရာဝတီမြစ်ကြီးဘေးက မကွေးမြို့ထိ ဟိုးလွန်ခဲ့တဲ့အနှစ်အစိတ်သုံးဆယ်လောက်က ကျွန်တော်တို့ တိုက်ပွဲဝင်ရှေ့တန်းရောက် စစ်သည်များ ဘယ်နည်းဘယ်ပုံပြန်လာခဲ့ကြသလဲဆိုတဲ့မြင်ကွင်းကို ကျွန်တော်ခံစားရသလို ခြယ်မှုန်းရေး သားပြမှာပါ။ အဲ ရေးပြီးသား ကျွန်တော့် Diary ထဲကဟာကို မှီငြမ်းပြီး ပြန်လည်ဖော်ပြတာဆိုရင် ပိုမှန် မယ်ထင်ပါတယ်။ အဲဒီတုန်းက စာရေးဆရာလုပ်ဖို့လည်းသိပ်တော့စိတ်အားမထက်သန်သေးပါဘူး။ ရှေ့တန်းမှာ အချိန်မရွေး သေသွားနိုင်လို့ စာရေးဆရာဘ၀ရောက်မယ်လို့လည်း မထင်ရဲခဲ့ပါဘူး။ ဒါပေမဲ့ စာရေးဆရာ ဗီဇလေးရဲ့ စာသံပေသံ ခပ်ဆန်ဆန်လေးတွေ Emotional ဖြစ်တာလေးတွေ၊ Sentimental ဖြစ်တာ လေးတွေ စာရှုသူများ ရိပ်ဖမ်းသံဖမ်းတွေတွေ့မြင်ကြရလိမ့်မယ်ထင်ပါတယ်။ အခုစာဟာ ၁၉၈၃ ခုနှစ်နွေမှာ မိုင်းယောင်းကနေပြီး မကွေးပြန်ဆင်းလာခဲ့တဲ့ အမှတ်(၁) ဗမာ့သေ နတ်ကိုင်တပ်ရင်းရဲ့ တပ်အဆင်းမှာ ကျွန်တော့်ခံစားချက်ကို အဓိကထားပြီး မှတ်တမ်းတင်ထားတဲ့ Diary မှတ်တမ်းပါ။ လွန်ခဲ့တဲ့ အနှစ်အစိတ်သုံးဆယ်နီးပါးက မြင်ကွင်းမို့ အခုခေတ်နဲ့တော့ကွာပါလိမ့်မယ်။ စာက တော့ Diary ကို အနည်းငယ်မွမ်းမံထားတာပါ။ ကဲ - မြည်းစမ်းကြည့်ပါခင်ဗျာ။ x x x x ၁၉၈၃ ခုနှစ်၊ မတ်လ ၂၀ ရက် မနက်ဖြန်ခါ တပ်ပြန်ဆင်းရတော့မှာတဲ့။ တပ်ရင်းမှူးကြီးက လာခဲ့ပါအုံးလို့ လှမ်းမှာတဲ့အတွက် ခေတ္တအခြေပြု မိုင်းဟန် မိုင်းဟောကနေပြီး TE တစ်စီးနဲ့ မိုင်းယောင်းကို သွားလိုက်ရတယ်။ မိုင်းယောင်း ရောက်တော့ တပ်ရင်းမှူးကြီးက - “ ဗိုလ်မှူးသက်ဦးရေ၊ မနက်ဖြန် တပ်ပြန်ဆင်းပြီ၊ သတင်းပေါက်မှာစိုးလို့ စက်ပေါ်ကတော့ ဘာမှ မပြောတော့ဘူး။ ဒါကြောင့် ခင်ဗျားကို လှမ်းခေါ်လိုက်တာ၊ ဗိုလ်မှူးစံနဲ့ စစ်ကြောင်း(၂)က ပွိုင့်ဗျာ၊ ကျွန်တော်တို့စစ်ကြောင်း(၁)က နောက်၊ Rear Guard အနေနဲ့ ခင်ဗျားပိတ်ပြီး လိုက်ခဲ့ပေးပါ။ မိုင်းယောင်းက ရိက္ခာ Dumping လုပ်ပေးတဲ့ ကားအစီး ၁၀၀ ကျော်ပြန်ပါမယ်၊ အလယ်က ညှပ်ပြီးခေါ်ခဲ့ မယ်၊ ခင်ဗျားတာဝန်က ကားတွေတစ်စီးမှ မကျန်ရအောင် စောင့်ခေါ်လာခဲ့ဖို့ပဲ ” “ ဘာမေးစရာရှိသေးလဲ ” “ မရှိပါဘူးခင်ဗျာ ” ဘာမေးရမှာလဲ။ ဒါက ထုံးစံဥစ္စာ။ ဘာမှမမေးပါ။ နောက်ဆုံးမှ ပိတ်လိုက်ရသူက ကျန်ခဲ့တဲ့ကား အားလုံးပါအောင်ခေါ်လာရတာ Convoy ရဲ့ ထုံးစံပဲ။ တပ်ရင်းမှူးကြီးပြောသမျှနာခံပြီး မြို့လယ်ဘုန်းကြီးကျောင်းက ပြန်ခဲ့တယ်။ တပ်ရင်းမှူးကြီးရဲ့ စစ်ကြောင်း(၁)ဌာနချုပ်က မြို့လယ်ဘုန်းကြီးကျောင်းမှာ အခြေပြုထားတာလေ။ အပြန်တော့ မနန်းပန်ကိုဝင်တွေ့ဖြစ်တယ်။ “ ဗိုလ်မှူးတို့ ပြန်ကြတော့မလို့ဆို ” မနန်းပန်ကို ဘယ်သူပြောတာလဲ ” “ မြို့ထဲကလာတဲ့ ကားသမားတွေပြောတာလေ၊ ဟုတ်လားဗိုလ်မှူး ” သူမအမေးကို မဖြေဖြစ်ပါ။ ဖြေလည်းမဖြေလိုပါ။ “ ပြန်လိုက်ချင်လို့လား ” သူမက ခေါင်းညိတ်ပြတာကြောင့် - “ မနက်ဖြန် မိုင်းဟန်ကနေပြီး စောင့်နေမယ်၊ ဒီက စောစောထွက်ခဲ့၊ ကိုယ်နဲ့အတူ ပြန်လိုက်ပေါ့ ” လို့ မှာခဲ့တယ်။ မနန်းပန်နဲ့က မိုင်းယောင်းပွဲမှာတွေ့ကြတာ။ အသားညိုညိုညက်ညက်နဲ့ ချစ်စရာတောင်ပေါ်သူ လေး။ ဒါပေမဲ့ ကိုယ်က လူပျိုလူလွတ်မဟုတ်တော့ သာမန်ထက်ပိုသွားလို့မရဘူးလေ။ သူမမျက်နှာကို ကြည့်ပြီး မျက်လုံးတွေကို အကဲခတ်လိုက်တော့ ခွဲရမှာ စိတ်မကောင်းတဲ့ပုံပေါ်နေတယ်။ ဟိုအဆိုတော်ကြီး စန္ဒရားချစ်ဆွေရဲ့ “ ချစ်အားငယ်ရသူ ” သီချင်းထဲကလို လို့ဆိုရမှာပါပဲ။ “ နှစ်ယောက်သားမှာကွယ် xxxx သိနားလည်ရက်ကယ်နဲ့ xxxxx ဟန်ဆောင်နေကြရတဲ့ xxx အဖြစ်ရယ် xxx တကယ်တော့ပင်ပန်းလှပါတယ် xxxx ဒါကလည်း တစ်ဦးကို တစ်ဦးကရယ်xxx ပန်းလိုလှစေချင်တဲ့ xxx ဆန္ဒနဲ့ကွယ် xxx ယုယညှာတာ xxx အစစထောက်ထား xxxx မဖောက်ပြားဘဲ နေလာခဲ့တယ် xxxx” ဟုတ်ပါတယ်။ ကိုယ်က အိမ်ထောင်သည်စစ်သားဗမာ၊ သူက အပျိုတိုင်းရင်းသား၊ ဘယ်လိုမှ ကြေး ရွှေဂဟေမစပ်လေသို့ ဆိုတဲ့စကားအတိုင်း မဖောက်ပြားဘဲ အလှကြည့်ရုံသက်သက်ပဲ နေခဲ့ရပါတယ်။ ဒါပေမဲ့ သွေးသားတက်ကြွနေတဲ့ ဖိုနဲ့မသံယောဇဉ်က အခက်သားလားခင်ဗျာ။ မိုင်းဟန်ပြန်ရောက် တော့ တပ်ခွဲက အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားတွေကို ပြန်တော့မယ့်အကြောင်း Briefing ပေးလိုက် ရတယ်။ အားလုံးကတော့ စစ်မြေမှာ ကြာညောင်းရက်ရှည်ပြီမို့ ပြန်ရမယ်ဆိုတော့ပျော်လို့ရွှင်လို့။ ကျွန်တော်လည်း ပျော်ပါတယ်။ x x x x ၁၉၈၃ ခုနှစ်၊ မတ်လ ၂၁ ရက် မနက်စောစောအိပ်ရာကထပြီး ပြင်ဆင်သင့်တာပြင်ထားတယ်။ လမ်းလုံခြုံရေးကိုလည်း စိနေအောင်ယူထားပြီးပြီ။ မနန်းပန်ကို မျှော်သေးတယ်။ ပေါ်မလာပါလား။ သူ့အဖော်တွေခေါ်မရလို့ထင်ရဲ့။ မိုင်းယောင်းနဲ့ မိုင်းဟန် မိုင်းဟောကလည်း ခြေကျင်လျှောက်ရရင် အဝေးသား၊ သိပ်မသက်သာဘူး။ မနက်ရှစ်နာရီလောက်မှာ ဗိုလ်မှူးသောင်းတင်ရဲ့ ပွိုင့်အဖွဲ့ကားတွေ မိုင်းဟန်မိုင်းဟောကို စဖြတ်ကြတယ်။ ဗိုလ်မှူးသောင်းတင်က ကျွန်တော်နဲ့ ဗိုလ်သင်တန်းတစ်ပတ်စဉ်တည်းဆင်း။ ညီအစ်ကို အရင်းနှစ်ယောက်လုံး ဗိုလ်လောင်းသင်တန်းအပတ်စဉ်(၃၆) ကိုဝင်လာကြတာ။ သူ့ညီက သိန်းဆွေတဲ့။ အားဖွီးလို့လည်းခေါ်တယ်။ တစ်ငါးလုံးသိန်းဆွေလို့လည်းခေါ်တယ်။ တစ်ငါးလုံးဆိုတာကတော့ သူ့ဘီစီက ၁၁၁၁၁ ( တစ်ငါးလုံး ) မို့ပါ။ လက်ဖတင်နင်ဘ၀မှာ ဗကပနဲ့တိုက်ရင်း ကျသွားခဲ့ပြီ။ ဗိုလ်မှူးသောင်းတင်လည်း ဗကပနဲ့တိုက်ရင်းကျမလို၊ ကျမလို ခဏခဏဖြစ်ခဲ့ဖူးတယ်။ အခု မိုင်းယောင်းမှာတောင် ကံကောင်းလို့၊ ကံသိပ်မကောင်းတဲ့သူတွေကတော့ ပြတ်တဲ့သူပြတ်၊ သေတဲ့သူသေ ပေါ့။ ကျွန်တော်လည်း ဘာထူးလဲ သေနိုင်တာပဲ။ သေကိန်းအကြိမ်ကြိမ်ကြုံတာပဲ၊ မသေတာ ကံပေါ့။ နေ့လယ်လောက်ရောက်တော့ တပ်ရင်းမှူးကြီးရဲ့ စစ်ကြောင်း(၁)နဲ့ ရိက္ခာလာပို့တဲ့ ကားတွေဖြတ် ကြတယ်။ စစ်ကြောင်း(၁)မှာ ရေးထောက်အရာရှိ ဗိုလ်မြတ်သာက သူ့အမျိုးသမီး မိုင်းယောင်းသူ နန်းကိုင်စွမ်းကို ကားခေါင်းထဲတွဲခေါ်လာတာ တွေ့ရတော့ ပြုံးမိတယ်။ မိုင်းယောင်းသူလေးတွေ ကျွန်တော်တို့တပ်က အရာရှိတွေနဲ့ရတာ ကံကောင်းပါတယ်။ ဗိုလ်မှူး သောင်းတင်ရဲ့တပ်ခွဲက တပ်စုမှူး ဗိုလ်ခင်မောင်ဆွေကလည်း မိုင်းယောင်းသူ ဖြူဖြူဖွေးဖွေး ရေဆေးငါး တစ်ယောက်ကို ခေါ်လာတယ်။ သူက မနေ့တစ်နေ့ကမှ မင်္ဂလာဆောင်တာ။ စစ်သားဆိုတာလည်း ဒီလိုပါပဲ။ တာဝန်ကျရာဒေသ တွေက တိုင်းရင်းသူတွေနဲ့ အကြောင်းပါတတ်ကြတာ အဆန်းမှမဟုတ်ဘဲ။ ကိုယ်တောင် ကရင်ပြည်နယ် မှာ တာဝန်ကျပြီး ကရင်မနဲ့ရခဲ့တာပဲလေ။ နေ့လယ်တစ်ချက်တီးမှ မိုင်းဟန်ကထွက်ရတယ်။ Rear Guard မှာ Brake Down အဖွဲ့နဲ့ အားလုံး T.E ငါးစီးပါတယ်။ မိုင်းဖြတ်ရောက်တော့ သူ့စောင့် ငါ့စောင့်နဲ့ စမှောင်ပြီ။ “ ဗိုလ်မှူးသက်ဦးရေ တာချီလိတ်က ကားအစီး ၅၀ လောက်လာပေါင်းဖို့ရှိတယ်၊ စောင့်ခေါ်ခဲ့ဗျာ ” တပ်ရင်းမှူးကြီးက R.T နဲ့ လှမ်းပြောလို့ မိုင်းဖြတ်မှာ ညမှောင်တဲ့အထိ ကားတွေနဲ့ အတော်စောင့်ရ တယ်။ ည ၁၀ နာရီလောက်မှ တာချီလိတ်ကားတွေစုံလို့ ဆက်ထွက်ဖြစ်တယ်။ RTC က ကားအပြာတွေ ချည်းပါပဲ။ ၁၉၈၃ ခုနှစ်၊ မတ်လ ၂၂ ရက် ညသန်းခေါင်လောက်မှာ မိုင်းဖြတ်ကထွက်ပြီး မနက်သုံးနာရီလောက်မှ ကျိုင်းတုံရောက်တယ်။ ပန်ဟုန်းနောင်လွမ်းမှာ တပ်ရင်းမှူးကြီးက စိတ်ပူလို့ ဓာတ်မီးတစ်လက်နဲ့ လမ်းဘေးမှာ မတ်တတ်ကြီးရပ် ပြီး စောင့်နေတယ်။ “ ကျွန်တော်ရောက်ပါပြီ တပ်ရင်းမှူး၊ ကားတွေအားလုံးစုံပါတယ် ” လို့ သတင်းပို့တော့ - “ အေးဗျာ၊ ခင်ဗျားကို စိတ်ပူနေလို့ ကျွန်တော်အိပ်တောင်မပျော်ဘူးဗျာ၊ ကဲ- နား နား ” လို့ မုဒိတာ စကားပြောရှာပါတယ်။ တပ်ရင်းမှူးကြီးက နားပါဆိုပေမယ့် မနားနိုင်သေးပါဘူး။ သွားစရာရှိသေးတယ်။ တပ်ခွဲနေရာချပြီး သွားစရာရှိတဲ့နေရာကို သွားခဲ့တယ်။ T.E ကားဆရာကို လိုက်ပို့ခိုင်းရတယ်။ ကျိုင်းတုံလေယာဉ်ကွင်းအထွက် ဓမ္မောဒယနားက အိမ်အစုလေး။ ဟိုအရှေ့ဘက်တောင်တွေပေါ် ဆင်းလာတဲ့ တောင်ပေါ်ရှမ်းတွေနေတဲ့ရပ်ကွက်လေ။ တောင်ပေါ်မှာ အသူရာလို့ခေါ်တဲ့ ဗကပတွေကြောင့် ပြေးလာကြတာ။ “ ဟေ့ - မနန်းပန် ” သက်ငယ်အိမ်လေးက တံခါးကိုတွန်းပြီး နှိုးတော့ အိပ်မှုန်စုံမွှားနဲ့ တိုင်းရင်းသူအ၀တ်အစား ကပိုကရိုနဲ့ မနန်းပန်အိပ်ရာကထာလာပါရောလား၊ လက်ထဲမှာလည်း ရေနံဆီမီးခွက်ကလေးကိုင်လို့။ ` “ ဟယ် - ဗိုလ်မှူးတစ်ယောက်တည်းလား ” “ အင်း ” “ အထဲဝင်လေ ” သူ့ခမျာ ညကြီးမင်းကြီး တုန်တုန်ယင်ယင်နဲ့၊ ကိုယ်တွေ့တော့ ၀မ်းတွေသာလို့၊ သူ့အဖေနဲ့ သူ့ညီမလေးကလည်း တအံ့တသြနဲ့ ထကြည့်ကြတယ်။ မီးဖိုဘေးမှာ စကားတွေပြောမကုန်ဘူး။ တစ်ညလုံး တစ်ရေးမှလည်း မအိပ်ရသေး။ လူကလည်း ခရီးမိုင် ၁၀၀ ကျော်၊ ကားအစီး ၇၀ ကျော်ကွပ်ကဲခဲ့ရလို့ မောပန်းနွမ်းလျနေပြီ။ အိပ်ငိုက်နေပြီ။ စကားတောင် သိပ်မပြောနိုင်တော့ဘူး။ “ ဗိုလ်မှူးအိပ်မလား ” ဆိုပြီး မနန်းပန်က အလိုက်တသိ မီးဖိုဘေးမှာ အိပ်ရာပြင်ပေးတာနဲ့ ခဏလှဲ လိုက်တာ မှေးခနဲပျော်သွားပါရောလား။ ဖျတ်ခနဲနိုးလာတော့ မိုးလင်းစပြုနေပြီ။ “ အီးပေါ့ မနန်းပန်၊ ကွာတီနိုင် ( အဖေ - မနန်းပန် ဘယ်သွားလဲဟင် ) ” “ ကွာကတ် ( ဈေးသွားတယ် ) ” “ ဟောင်းမ်ကွာနော် ( ကျွန်တော်လည်း သွားတော့မည်နော် ) ” ဒီလိုနှုတ်ဆက်ပြီး သူတို့တဲအိမ်လေးကနေ ဈေးကိုထွက်ခဲ့တယ်။ ဈေးမှာ မနန်းပန်နဲ့ ပြန်တွေ့လို တွေ့ငြားပေါ့။ ဈေးမြောက်ဘက်ရပ်ကွက်က တရုတ်အိမ်ကြီးတွေ များတယ်။ အုတ်တံတိုင်းအမြင့်ကြီးတွေနဲ့ အိမ် ခြံဝင်းကြီးတစ်ခုရှေ့အဖြတ် ဘယ်ကဘယ်လိုပေါ်လာမှန်းမသိတဲ့ ခွေးဆယ့်လေးငါးကောင်က ကိုက်မယ်။ ခဲမယ် တကဲကဲနဲ့ ဟောင်လိုက်၊ ဟိန်းလိုက်လာလုပ်တယ်။ အကြီးဆုံးအင်းခွေးအထီးကြီးကတော့ သူများ ထက်ကဲပြီး တဟဲဟဲလုပ်နေရာကနေ လူကို တကယ်ပဲ ခုန်အုပ်လိုက်တယ်။ “ ဟိုက် - တကယ်လုပ်ပြီဟေ့ ” သက်ဦးဆိုတဲ့ကောင်ကလည်း သိပ်ညံ့တဲ့ကောင်တော့ မဟုတ်ပါဘူး။ ကိုယ်လည်းအဲဒီနေရာက အပြေးကလေးထွက်ခဲ့ရတယ်။ ဈေးရောက်တော့ မိုးစင်စင်လင်းပြီ။ ဈေးထိပ်ညောင်ပင်အောက်က ကားဂိတ်မှာဂျစ်ကားတစ်စီးပေါ်တက်ပြီး ကားဆရာကို - “ ပန်ဟုန်းနောင်နွမ်း မောင်းဗျာ ” လို့ဆိုတော့ - “ ၆၀ိ/- ပေးရမယ် ” တဲ့။ မနန်းပန်လည်း မရှာနိုင်တော့ပါဘူး။ တပ်ကိုပဲ အမြန်ပြန်ချင်နေပြီ။ “ ပေးပါ့မယ်၊ မောင်းစမ်းပါကွာ ” လို့ပြောပြီး ကျိုင်းတုံဈေးက ပန်ဟုန်းနော်နွမ်းကို ပြန်ခဲ့တယ်။ တပ်ခွဲပြန်ရောက်တော့ ပိုက်ဆံပေးပြီး ကားပြန်လွှတ်လိုက်တယ်။ မနက် ၆ နာရီထိုးပြီ။ တပ်ရင်းတစ်ရင်းလုံး ညက လူမော စိတ်မောမို့ ကင်းသမားတွေကလွဲပြီး အိပ်မောကျနေလေရဲ့။ “ ဗိုလ်မှူး ပြန်ခဲ့ပြီးလား ” “ အေးကွာ ” ကင်းသမားလေးမေးတာကို ဖြေပြီး လမ်းဘေးက အသင့်ခင်းထားတဲ့ အိပ်ရာပေါ်လှဲအိပ်လိုက်တယ်။ ယူနီဖောင်းမချွတ်နိုင်ပါဘူး။ သြော် - မနန်းပန်ပေးတဲ့ဒုက္ခ။ အိပ်လို့မှ မှေးခနဲ ခဏရှိသေးတယ်။ “ ဗိုလ်မှူး - တပ်ရင်းမှူးကြီးက ခဏလာပါအုံးတဲ့ ” အိပ်ရာက အမြန်ထကာ မျက်နှာကမန်းကတန်းသစ်ပြီးသွားတွေ့ရတယ်။ “ ဗိုလ်မှူးသက်ဦး အိပ်ကောအိပ်ရရဲ့လား ” “ အိပ်ရပါတယ်ခင်ဗျာ ” “ သြော် - အင်း - အင်း တော်သေးတာပေါ့ ” “ ခင်ဗျားမှာ ဈေးဝယ်ဖို့ ပိုက်ဆံကောရှိသေးရဲ့လား ” “ ခင်ဗျာ ” “ သြော် - အိမ်ပြန်ရမှာဆိုတော့ မိသားစုအတွက် ပစ္စည်းလေးဘာလေးဝယ်ဖို့ ငွေရှိသေးလားလို့ မေးတာပါဗျာ ” “ ၆၀ိ/- ပဲ ကျန်ပါတယ်ခင်ဗျာ ” တကယ်ပဲ ၆၀ိ/- ပဲ ကျန်ပါတော့တယ်။ သောင်းဝေဦး ဆက်လက်ဖော်ပြပါမည်။။။။။

No comments: