Wednesday, November 19, 2014

အလုပ်မရှိတဲ့ကျောင်းသားများ

ကျောင်းသားများ သပိတ်မှောက်ဆန္ဒပြနေသည့် အမျိုးသားပညာရေး ဥပဒေအား လွှတ်တော်သို့တင်ပြလာပါက အလေးအနက်ထားပြီး ဆောင်ရွက်ရန် အသင့် ရှိကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား

ကျောင်းသားများ သပိတ်မှောက်ဆန္ဒပြနေသည့် အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ ယင်းတို့အနေဖြင့် လွှတ်တော်သို့တင်ပြလာပါက လွှတ်တော်ဘက်မှ တင်ပြချက်များကို အလေးအနက်ထားပြီးဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။ သူရဦးရွှေမန်းက နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အဆောက်အအုံဝင်းအတွင်း နိုဝင်ဘာ ၁၈ ရက်ကပြုလုပ်သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် မီဒီယာများ၏ မေးမြန်းမှုအပေါ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ “အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်လို့ လွှတ်တော်က ပြန်လည်သုံးသပ်ဖို့ဆိုတဲ့အကြောင်းကို ဒီအထိတော့ လောလောဆယ် မရောက်လာသေးဘူး။ တကယ်လို့ လွှတ်တော်က သူတို့အနေနဲ့ တင်ပြလာမယ်ဆိုလို့ရှိရင် အလေးထားသုံးသပ်ပေးမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။ အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ ကျောင်းသားသမဂ္ဂများက ဆန္ဒပြမှုကို နိုဝင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ ပြုလုပ်လျက်ရှိပြီး ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ကျောင်းသားသမဂ္ဂ အဆောက်အအုံနှင့် ကိုလိုနီခေတ် ကျွန်ပညာရေးစနစ်ကို သပိတ်မှောက် ဆန္ဒပြခဲ့သည့် သမိုင်းဝင်အထိမ်းအမှတ်နေရာများသို့ သွားရောက်ကာ ဆန္ဒပြမှုများရှိကြောင်း သိရသည်။ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “ဒါနဲ့ပတ်သက်ပြီးတော့ မိမိအမြင် ပြောမယ်ဆိုလို့ရှိရင်ပေါ့လေ။ ကျောင်းသားလူငယ်များဟာလည်း သူတို့မှာ ကောင်းမြတ်တဲ့စေတနာများ ရှိကြမှာပါ။ သူတို့ရဲ့ အတွေးအခေါ်တွေကလည်း နိုင်ငံအတွက် နိုင်ငံတန်ဖိုးအတွက် ဖြစ်မယ်လို့ ယူဆပါတယ်။ ဒါကြောင့်မိုလို့ သူတို့ရဲ့ ဆန္ဒပြတောင်းဆိုမှုတွေဟာ နိုင်ငံအတွက် ကျောင်းသားများအတွက်၊ အများပြည်သူများအတွက် ဖြစ်နိုင်တယ်။ စိတ်ကောင်းစေတနာနဲ့ ဆောင်ရွက်သွားမယ်လို့လည်း မိမိယုံကြည်ပါတယ်” ဟု သုံးသပ်ပြောကြားသည်။ အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ “လွှတ်တော်ကို သူတို့အနေနဲ့ တင်ပြလာမယ်ဆိုလို့ရှိရင် ဒီလိုတင်ပြချက်တွေကို အလေးအနက်ထားပြီးဆောင်ရွက်ဖို့ လွှတ်တော်ဘက်က အသင့်ရှိပါတယ်” ဟု သူရဦးရွှေမန်းက သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။ အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ ကျောင်းသားသမဂ္ဂများက “ကျောင်းသားထုကို အခြေမခံသော ပညာရေးစနစ် အလိုမရှိ”၊ “ဒီမိုကရေစီပညာရေး ဒို့အရေး”၊ “ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့် ရရှိရေး”၊ “သပိတ်သပိတ်မှောက်မှောက်” စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒပြနေကြသည်။ Eleven Media Group

No comments: