Wednesday, November 19, 2014

ဒေါ်စုတော့သွားပါပြီ

အခြေခံဥပဒေ ပြင်ဆင်ချက် ၂၀၁၅ အလွန်တွင်သာ အတည်ပြုမည့် အတွက် ဒေါ်စုသမ္မတ မဖြစ်နိုင်တော့

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်မှု အကောင်အထည်ဖော်ရေး ကော်မတီ၏ အစီရင်ခံအပေါ် ယခုလွှတ်တော်တွင်း ဆွေးနွေးချက်များကို ၂၀၁၅ ရွေးကောက်ပွဲအလွန်တွင်သာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုမည်ဟု ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက နိုဝင်ဘာ ၁၈ ရက်က ပြောကြားလိုက်သည့်အတွက် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့် ဆုံးရှုံးတော့မည် ဖြစ်သည်။ နိုဝင်ဘာ ၁၈ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးပြီးဆုံးချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌလည်းဖြစ်သူ သူရဦးရွှေမန်းက ၄၅ မိနစ်ကြာ သတင်းစာရှင်းပွဲတစ်ရပ် ကျင်းပခဲ့ပြီး သတင်းထောက်များ၏ မေးမြန်းမှုကို အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။ အင်န်အယ်လ်ဒီပါတီ၊ ဗဟိုအလုပ်အမှုဆောင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က "အခြေခံဥပဒေကို မပြင်နိုင်ဘူး(၂၀၁၅ မတိုင်မီ)၊ ၅၉(စ) ကို မပြင်နိုင်ဘူးဆိုရင် အဲဒါသေချာတယ်၊ သမ္မတ(ဒေါ်အောင်ဆန်းစုကြည်)ဖြစ်ပိုင်ခွင့်မရှိဘူးပေါ့’’ ဟု မဇ္ဈိမကို ပြောသည်။ မူဆယ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘိုးအောင်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်သာ ၂၀၁၅ ရွေးကောက်ပွဲကို ကျင်းပမည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရန် အင်မတန်မှ အလားအလာနည်းသွားကြောင်း မှတ်ချက်ပြုသည်။ သီပေါမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ၂၀၀၈ ခုနှစ်အခြေခံဥပဒေကို ၂၀၁၅ အလွန်မှ ပြင်ဆင်ခြင်း၊ မပြင်ဆင်ခြင်းထက် ယခုလွှတ်တော်တွင်းတွင် တပ်မတော်သားကိုယ်စားလှယ်များက ၅၉(စ)နှင့် ၄၃၆ ပြင်ဆင်ရေးကို အပြင်းအထန်ကန့်ကွက်နေသည်ကို ကြည့်၍ပင် ခန့်မှန်းနိုင်သည်ဟု ပြောကြားသည်။ အခြေခံဥပဒေပုဒ်မ ၅၉(စ)တွင် "မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး ၏ နိုင်ငံသားဖြစ်သူများမဖြစ်စေရ၊ ထိုသူများသည်နိုင်ငံခြားအစိုးရ၏လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏နိုင်ငံ သားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများမဖြစ်စေရ" ဟု ဖော်ပြထားသည်။ ၂၀၁၅ ရွေးကောက်ပွဲကို လက်ရှိအခြေခံ ဥပဒေနှင့်သာ ကျင်းပမယ် သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ယခုဆွေးနွေးနေသည့် မူသဘောဆွေးနွေးချက်များကို ဥပဒေကြမ်းပြုစုကာ ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလထဲတွင် ကျင်းပမည့် ပထမအကြိမ်၊ ပြည်ထောင်စုအကြိမ်၊ ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးများတွင် ဆုံးဖြတ်အတည်ပြုမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ သူရဦးရွှေမန်းက "ပြည်သူ့ဆန္ဒခံယူပွဲ ပြီးပြီးချင်း ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆောင်ရွက်လို့ မရဘူး။ ရွေးကောက်ပွဲ အပြီး ထွက်ပေါ်လာမယ့် အဖြေပေါ်မှုတည်ပြီး ဆောင်ရွက်မှာ ဖြစ်တယ်။ ပြည်သူ့ဆန္ဒခံယူတယ်ဆိုတာလည်း အင်မတန်ခက်ခဲတဲ့ အရာဖြစ်တယ်’’ ဟု ပြောသည်။ ယင်းဆုံးဖြတ်များထဲမှ ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်အတည်ပြုမည့် ပုဒ်မများအား ၂၀၁၅ ခုနှစ်၊ မေလတွင် ပြည်သူ့ဆန္ဒခံယူပွဲများ ပြုလုပ်၍ အတည်ပြုမည်ဟု သူရဦးရွှေမန်းက ပြောကြားသည်။ ၎င်းက "၂၀၁၅ မှာ ရွေးကောက်ပွဲ လုပ်မယ် လွှတ်တော်ကလည်း ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ အတူဖွဲ့မယ်။ လွှတ်တော် သက်တမ်းစတဲ့ နောက်ပိုင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်တဲ့ ပြင်ဆင်ချက်တွေကို ဆက်လက်ဆောာင်ရွက်သွားမှာ ဖြစ်ပါတယ်’’ ဟု ပြောသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၅ ခုနှစ်တွင် မပြင်နိုင်ပါက ရွေးကောက်ပွဲဝင်ခြင်း၊ မဝင်ခြင်းသည်လည်း "သူ့သဘောသူဆောင်မယ့် ကိစ္စဖြစ်ပါတယ်’’ ဟု လွှတ်တော်ဥက္ကဋ္ဌ ဆက်လက်ပြောကြားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ကော်မတီအဖွဲ့ဝင်အချို့က ၂၀၁၅ ရွေးကောက်ပွဲကို လက်ရှိ ၂၀၀၈ ခုနှစ် အခြေခံဥပဒေဖြင့်သာ ကျင်းပမည်ကို မသိရှိသေးကြောင်း မဇ္ဈိမ၏မေးမြန်းချက်ကို ဖြေကြားသည်။ အဆိုပါကော်မတီအတွင်းရေးမှူး ဦးအေးမောက်က "ကိုယ်နားလည်တာက ရွေးကောက်ပွဲမတိုင်ခင် ၆ လအလိုမှာ ပြင်ပေးမယ်လို့ ကတိပေးတယ်လို့ နားလည်ထားတာ၊ အန်ကယ်တို့ ဒီလိုပဲနားလည်ထားတာ’’ ဟု ပြောကြားသည်။ လေးပွင့်ဆိုင်က ပိုအရေးကြီး သူရဦးရွှေမန်းက ၎င်းအနေဖြင့် အောင်တိုဘာလ ၃၁ ရက်က လူပုဂ္ဂိုလ် ၁၄ ဦးတွေ့ဆုံခဲ့သည့် ငါးပွင့်ဆိုင် ထိပ်သီးအစည်းဝေး ထက် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားသည့် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းကိုယ်တိုင်ပါဝင်သည့် လေးပွင့်ဆိုင်ဆွေးနွေးပွဲက ပိုထိရောက်မည်ဟု ပြောကြားသည်။ ၎င်းက "ဒေါ်အောင်ဆန်းစုကြည်ရဲ့ လေးပွင့်ဆိုင်အယူအဆက ပိုအရေးကြီးပါတယ်၊ ၁၄ ပွင့်ဆိုင်က ထိရောက်တဲ့ ဆွေးနွေးမှုတွေ မဖြစ်နိုင်ပါဘူး’’ ဟုလည်း ပြောကြားခဲ့သည်။ ပြီးခဲ့သည့်အောက်တိုဘာလ ၃၁ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ၂ နာရီဝန်းကျင်ခန့် ကျင်းပခဲ့သည့် အထက်ပါတွေ့ဆုံပွဲသည် တစ်ဦးလျှင် ဆယ်မိနစ်စီသာပြောခွင့်ရခဲ့ပြီး မည်သည့် ရလာဒ်မျှ မထွက်ပေါ်ခဲ့သည့်အတွက် ဝေဖန်မှုများလည်းရှိခဲ့သည်။

No comments: