Thursday, November 20, 2014

ငြိမ်းချမ်းရေးဆိုတာဘာလဲ

 ဒီအရေးသုံးပါး ဘာများမကောင်းတာရှိလဲ တိုက်ခိုက်ဖေါ်ဆွေးနွေးဖက်ရောင်းရင်းများသို့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ တို့တာဝန်အရေးသုံးပါးကို လက်ကိုင်ထားရမယ်ဆိုလို့ တစ်ချို့က သဘော မကျကြဘူးတဲ့လား။ ဒီအရေးသုံးပါးဟာ ဗမာလူမျိုးကြီးဝါဒ သက်ဆိုးရှည်ဖို့ အကာအကွယ်ပေးထားတာလို့ တစ်ချို့က ဘာလို့ အထင်လွဲနေရတာတုန်း။ ပြည်ထောင်စုမပြိုကွဲဖို့၊ တိုင်းရင်းသားစည်းလုံးညီညွတ်ဖို့၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲဖို့ ရေးထားတာ ရှင်းရှင်းလေးပဲလေ။ ဘာတွေ ယုန်ထင်ကြောင်ထင် ထင်နေကြတာတုန်း။ ဒို့တိုင်းရင်းသား ပြည်သူတွေ နဝေတိမ်တောင်ဖြစ်အောင် တစ်ချို့က ဘာဖြစ်လို့ အဓိပ္ပါယ်တလွဲတွေ လျှောက်တွေးလျှောက်ဖွင့်ချင်နေရတာတုန်း။ အားလုံးကပြောတော့ ဖက်ဒရယ်ဆိုတာ ကိုယ့်ပြည်နယ်အရေး ကိုယ်တိုင်းရင်းသားအရေး တစ်ဦးချင်းအခွင့် အရေးတွေ ပြည့်ပြည့်၀၀ရချင်လို့၊ ပြည်ထောင်စုကခွဲထွက်ဖို့ မဟုတ်ရပါဘူးဆို။ ဒါပြည်ထောင်စု မပြိုကွဲရေးပဲလေ၊ ဘာအတွေးကြောင်နေတာတုန်း။ လူမျိုး ၇ မျိုး ၈ မျိုးနဲ့ ပြည်နယ် ၇ ခု ၈ ခု ကိုယ်သဘောနဲ့ကိုယ်နေရင် ငြိမ်းချမ်းရေးရပြီ လို့ ပေါ့ပေါ့လေး တွေးမနေကြနဲ့လေ။ တကယ်စာရင်းချရေးကြည့်ရင် တိုင်းရင်းသားက ၁၃၅ မျိုးကျော်ဦးမယ်။ အဲဒီ တစ်ရာကျော်သော တိုင်းရင်းသားလေးတွေကတောင် မောင်ရင်တို့ကို လူမျိုးကြီးဝါဒနဲ့ အနိုင်ကျင့်ပါတယ်ဆိုပြီး ပြည်နယ် တွေ ထပ်ခွဲထွက်ဖို့တောင်းဆိုလာရင် ပြည်နယ်တောင်းတာ ရာကျော်လာဦးမှာ။ လွယ်လွယ်လေးမထင်လိုက်ကြ နဲ့။ထင်းအစည်းပြေသွားရင် တစ်ချောင်းချင်းချိုးလို့ ကောင်းမှကောင်း ဖျောင်းကနဲ .. ဖျောင်းကနဲ။ ဒီလိုပဲ၊ တစ်တောတစ်ကြက်ဖတွန်၊ တစ်ရွာတစ်ဗိုလ်လုပ်ချင်နေရင်တော့ တို့တိုင်းရင်းသားတွေ ဘယ်လိုလုပ် စည်းလုံးညီညွတ်မှုရမှာလဲ။ တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင်ရှိကြတော့မှာလဲ။ တစ်ယောက်တစ်ပေါက် ဖြစ်နေမှတော့တို့တိုင်းရင်းသားတွေ စည်းစည်းလုံးလုံးမရှိမှတော့၊ ပြည်ထောင်စုကြီးပြိုကွဲဖို့ရာ နီးလာပြီပေါ့။ ဒီတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုတာလည်း လိုအပ်တယ်။ ကမ္ဘာကြီးတစ်ခုလုံးမှာ တို့မြန်မာနိုင်ငံတစ်ခုတည်းရှိတာမှ မဟုတ်တာ။ တို့အချင်းချင်း မညီမညွတ်သတ်ကြဖြတ်ကြဖြစ်နေရင် ယာလည်းမောကြက်လည်းပန်းတဲ့အချိန်မှာ အပြင်က စောင့်ကြည့် နေတဲ့ကောင်တွေက အသင့်ကောက်စားသွားမှာပေါ့။ တိုင်းတစ်ပါးက ဘာသာရေး လူမျိုးရေးအရလည်း ၀ါးမြိုလွှမ်းမိုးဖို့ ကြိုးစားနေတာ မောင်ရင်တို့မသိမဟုတ်။ သေချာလည်း ပြန်စဉ်းစားကြဦး။ တိုင်းပြည်တစ်ပြည်ဆိုတာ အချုပ်အခြာပိုင်ဆိုင်ရမယ်။ ကိုယ့်အချုပ်အခြာအာဏာ ကိုယ်မပိုင်ရင် သူတစ်ပါးက ကျူးကျော်လာဖို့ဆိုတာအလွယ်လေး။ အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မျက်နှာထောက်ပြီး စစ်ရေးနဲ့အပြီးမသတ် တာကို မောင်ရင်တို့ ကိုယ်ဟာကိုယ်ဟုတ်လှပြီ ထင်မနေကြနဲ့။ တို့တိုင်းရင်းသားအားလုံးနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ ဆိုပြီး စုစည်းရပ်တည်နေကြလို့ အချုပ်အခြာအာဏာဆိုတာ ပိုင်ဆိုင်နေသေးတာ။ မောင်ရင်တို့ မစည်းလုံး မညီညွတ်ပဲ သူတစ်မြို့ ကိုယ်တစ်နယ်လုပ်နေလို့ကတော့ တစ်မြို့ပြီးတစ်နယ် ကောက်စားခံရမှာ သေချာတယ်။ ယူကရိန်းတို့ အီဂျစ်တို့ လစ်ဗျားတို့ထက်တောင် အခြေအနေက ပိုဆိုသွားဦးမယ်ဆိုတာရော သိကြရဲ့လား။ ရှင်းရှင်းပြောမယ်ကွာ။ ဒီအရေးသုံးပါးက တို့တိုင်းပြည်အတွက် ဒေါက်တိုင်ကြီး ၃ ခုလိုပဲ မရှိမဖြစ်လိုအပ်တယ်။ ဒီအရေးသုံးပါးက မင်းတို့ပြောသလို ဗမာလူမျိုးကြီးဝါဒ သက်ဆိုးရှည်ဖို့လည်း မဟုတ်ဘူး။ အစိုးရစစ်တပ်က ပြည်သူ တွေကို အနိုင်ကျင့်ဖို့လည်းမဟုတ်ဘူး။ မင်းတို့စိတ်ထဲမှာ ဘာတွေဖြစ်နေလဲ။ ပွင့်ပွင့်လင်းလင်းပြောပေါ့ကွာ။ မင်းတို့က လက်နက်မကိုင်ရရင် သာမန်ပြည်သူတွေ လက်ကြောတင်းတင်း လုပ်ကိုင်မစားသောက်တတ်ဘူးမို့လား။ သာမန်ပြည်သူ တွေလို အေးအေးချမ်းချမ်းနဲ့ နေထိုင်စားသောက်ရုန်းကန်ဖို့ မရွံ့မရဲဖြစ်နေတာမို့လား။ လက်နက်နဲ့အာဏာလေး ဆက်ကိုင်ပြီး တစ်မြို့တစ်နယ်စီမှာ ဆက်ပြီးဗိုလ်ကျချင်နေကြတာမို့လား။ မင်းတို့အကြောင်း နောကြေနေပြီကွာ။ အချိုးတွေပြင်ပါ ... ကြားလား။ ။ မောင်ငြိမ်းချမ်း

No comments: