Monday, February 17, 2014

အတွင်းကနေ လှိုက်စားတာ ခံနေရတယ် အာဏာရှင်တို့ရဲ့ အတွင်းစည်းထဲကို ဝင်ဖို့ ခက်တယ်။ ဗိုလ်လောင်းသင်တန်းတက်ဖို့တောင် ဆွေ(၇)ဆက် မျိုး(၇)ဆက် စုံစမ်းသေးတယ်။ ဗိုလ်ဖြစ်ပြီးတော့လည်း ခိုင်းသလို လုပ်မလုပ် သူတို့စောင့်ကြည့်သေးတယ်။ လုပ်တဲ့အခါမှာလည်း ပိပိရိရိနဲ့ လုပ်တတ်သေးရဲ့လား အကဲဖြတ်သေးတယ်။ ပြည်သူလူထုနဲ့ ကင်းကွာအောင် နေမနေအပေါ်ကိုလည်း အမှတ်ပေးတယ်။ လူ့အခွင့်အရေးကို ချိုးဖောက်ခိုင်းပြီး သူတို့နဲ့ အဆင်မပြေရင် လူမိုက်အချင်းချင်းဖြစ်ပေမဲ့ ဝိုင်းဖြုတ်ကြမယ်၊ ပြုတ်သွားသူကို ဘယ်သူမှ မကယ်ဝံ့၊ ကယ်ရင် ကိုယ်ပါ ပါသွားမယ်၊ တကယ်လို့ ပြည်သူဘက်ကို စိတ်လည်သွားရင်လည်း စစ်ဗိုလ်ကျုးလွန်ခဲ့ဖူးတဲ့ ပြစ်မှုများကို ဒီမိုအတွင်းစည်းထဲက သူတို့လူကနေတစ်ဆင့် ဖော်လိုက်ရုံပဲ။ အလင်းဝင်သူကို လက်ခံဖို့ ပြည်သူတို့ လက်ခံဖို့ ခက်သွားတယ်။ ဒီမိုအတွင်းစည်းကို ဝင်ဖို့ သူတို့အတွက် မခက်ဘူး။ လွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်တယ်။ စည်းကမ်းတင်းကြပ်တဲ့ အဖွဲ့အစည်းလည်း မဟုတ်ဘူး။ စည်းကမ်းကို နည်းနည်းတင်းလိုက်ရင် အာဏာရှင်အဖွဲ့အစည်းလို့ ကင်းပွန်းတပ်လိုက်ရုံပဲ။ နောက်တစ်ခု လူကောင်းဝန်းကျင်ဆိုတာ တော်ရုံတန်ရုံနဲ့ဆိုရင် လူတစ်ယောက်ကို ဒုက္ခရောက်အောင် မလုပ်ကြဘူး။ လုပ်ခဲ့ရင်လည်း အကန့်အသတ်ရှိတယ်။ ဒါကြောင့် စစ်အစိုးရမကောင်းကြောင်း စာကောင်းသုံးလေးပုဒ်လောက် ရေးပြီး လာရောရင် သူကောင်းအပြုခံရတာများတယ်။ ရဟန်းသံဃာတော်များကြားမှာ၊ ကျောင်းသူကျောင်းသားများကြားမှာ ထောက်လှမ်းရေးမွေးထားတာလည်း ရှိတယ်။ ထောက်လှမ်းရေးမွေးတာက နည်းသေးတယ်။ ငယ်ငယ်ကတည်းက မွေးထားတာက ပိုများတယ်။ မိဘမဲ့တိုင်းရင်းသားကလေးများကိုလည်း ထောက်လှမ်းရေးလုပ်ငန်းမှာ အကြီးအကျယ်သုံးတယ်။ အတန်းကျောင်းမှာသာ တိုင်းရင်းသားစာပေ သင်ကြားခွင့်မပြုတာပါ။ အဲဒီနေရာမျိုးမှာဆို တိုင်းရင်းသားဘာသာစုံ သင်ပေးကြတယ်။ ပြီးရင် တာဝန်ကျရာ သွားပေတော့။ ငယ်ငယ်ကတည်းက စဉ်းစားတတ်တဲ့ ဦးနှောက်ကို ထုတ်ထားပြီသားပါ။ ကျောင်းတိုက်တစ်တိုက်မှာ၊ တက္ကသိုလ်ကျောင်းတစ်ကျောင်းမှာ၊ လမ်းပေါ်မှာ လျှောက်နေသူတွေကြားမှာ ထောက်လှမ်းရေးတွေ အများကြီးပါပဲ။ နေဝင်းမောင် ပြုစုခဲ့တဲ့ တပည့်တွေထဲမှာ အများအပြားပါတယ်။ အခု ဒီဘက်ခေတ်မှာ ထောက်လှမ်းရေးတွေက လူမှုအဖွဲ့အစည်းတွေကြားမှာ ပိုပြီးတော့ ရေပန်းစားလာတယ်။ သူတို့က ပြည်ထဲရေးနဲ့ အဆက်အသွယ်ရှိသူများ ဖြစ်ပြီး သတင်းများကို ရသလောက် နှိုက်ယူမယ်၊ ပြီးတော့ အဲဒါကို အသုံးချမယ်၊ ငြိမ်းချမ်းစေချင်ရင် ငြိမ်းချမ်းစေလို့ ရတယ်၊ အဓိကရုဏ်းဖြစ်စေချင်ရင် ချက်ချင်းဖြစ်စေလို့ ရတယ်။ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးဆိုတာ စစ်အုပ်စုက မြွေအရေခွံ လဲတာပဲ ဖြစ်တယ်။ မြွေဟောက်ဟာ သူတို့လုပ်ထုံးလုပ်နည်းပြောင်းရုံသာ ဖြစ်တယ်။ အရေခွံဘယ်လောက်ပဲလဲလဲ ဘယ်တော့မှ ရေမြွေ ဖြစ်မသွားဘူး။ အာဏာရှင်ဆိုတာလည်းပဲ အစိုးရဘယ်လောက်ပဲပြောင်းပြောင်း၊ နာမည်ဘယ်လောက်ပဲပြောင်းပြောင်း အရေခွံတစ်ခါလဲရင် နည်းနည်းကြီးလာပြီး အဆိပ်ပိုပြင်းလာဖို့ပဲ ရှိတယ်။ ပြန်ချုံးလိုက်ရင် ကျုပ်တို့အတိုက်အခံဘက်မှာ အတွင်းလှိုက်စားတာ ခံနေရတယ်လို့ ထင်ပါတယ်။ ဒီအချိန်မှာ သံဃာတွေကြားမှာ ရှိနေတဲ့ သူတို့လူက လှုပ်ရှားနေကြတယ်။ တိုင်းရင်းသားတွေကြားမှာ ရောက်နေတဲ့လူတွေ၊ ဒီချုပ်လို အတိုက်အခံတွေကြားမှာ ကြိုနေရာယူထားပြီး motive မရသေးတဲ့လူတွေ အများကြီး ရှိနေမယ်လို့ ထင်ပါတယ်။ မိမိအထင်ကို ပြောရရင် မြန်မာမွတ်စလင်မ်နဲ့ ဘင်္ဂလီများကိုလည်း မွေးထားမယ်လို့ ထင်ပါတယ်။ ဒါကို ကြပ်ကြပ်သတိထားကြဖို့ပါပဲ။ (ဆရာတော် အရှင်ရာဝိက)

No comments: