Thursday, February 20, 2014

ဒီမိုကရေစီအဟန့်အတား အာဏာကို ချုပ်ကိုင်ထားသည့် မြန်မာ့တပ်မတော်က အတိုက်အခံများနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကို အလျှော့ပေးဖွယ် မမြင်။ သူတို့နှင့် အပေးအယူ လုပ်ရန်လည်း ရှိပုံမရ။ ကြီးလေးကြီးတွေ့ဆုံရန် ငြင်းဆန်ခြင်း၊ အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးတွေ့ဆုံရေးကို နှောင့်နှေးအောင် ဆောင်ရွက်ခြင်းများကို တွေ့ရသည်။ အလားတူစွာ မျိုးချစ်စိတ်ဓာတ် ပြင်းထန်သည့် မြန်မာရဟန်းတော်အချို့ကို စည်းရုံး၍ တိုင်းရင်းသားလူမျိုးများကို မျက်နှာသာပေးဖွယ်ရှိသည့် အတိုက်အခံများအတွက် ဖိအားများကို ဖန်တီးလျက် ရှိသည်။ မြန်မာနိုင်ငံတွင် အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်သည့် အဖွဲ့အစည်း (၂)ရပ်ရှိသည်။ ယင်းမှာ မြန်မာ့တပ်မတော်နှင့် မြန်မာရဟန်းတော်များ ဖြစ်ကြသည်။ ယင်းအဖွဲ့အစည်း (၂)ရပ်စလုံးက ပြည်သူတို့ကို မှီခိုရသူများ ဖြစ်ပြီး ပြည်သူတို့ကို ပြန်လည်အကျိုးပြုမှုများ နည်းပါးသည်ဟု အချို့က ရှုမြင်ကြသည်။ အကျိုးပြုရမည့်အစား ဤအဖွဲ့အစည်း (၂)ရပ်သည် ဒီမိုကရေစီလမ်းကြောင်းကိုပင် ခြိမ်းခြောက်လျှက်ရှိကြောင်းလည်း တွေ့မြင်ရသည်။ တိကျပြတ်သားသည့် မူဝါဒများလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅-ခုနှစ်ရွေးကောက်ပွဲအတွက် မိမိပါတီ၏ မူဝါဒလမ်းစဉ်နှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ကျေညာရန် မသင့်သော်လည်း မြန်မာ့တပ်မတော်နှင့် မျိုးချစ်ဘုန်းတော်ကြီးအချို့ အပြစ်အနာအဆာ ရှာ၍ မရအောင် ပြည်သူများ သိသင့်သိထိုက်သည့် ဒီမိုကရေစီကျသည့်၊ တန်းတူသည့်၊ တရားမျှတသည့် လမ်းစဉ်တစ်ရပ်ကို သေချာစွာ ခင်းကျင်းသင့်ပြီဟု ယူဆသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် အထက်ဖော်ပြပါအဖွဲ့အစည်း (၂)ခု၏ ပူးပေါင်းဆောင်ရွက်မှုမပါဘဲ လုပ်၍ မရ၍ ဖြစ်သည်။ မိမိကိုယ်ကို အတတ်သိဆုံး၊ မိမိကိုယ်ကို အနားလည်ဆုံး၊ မိမိကိုယ်ကို အင်အားအကြီးဆုံးဟု ယုံကြည်နေကြသည့် အဖွဲ့အစည်းများလည်း ဖြစ်ရာ ဤအဖွဲ့အစည်း(၂)ရပ်ကို ပြုပြင်ပြောင်းလဲစေဖို့ လွန်စွာ ခက်နိုင်သည်။ ထို့ကြောင့် သူတို့ကို ပြောင်းလဲစေရန် မကြိုးပမ်းသေးဘဲ သူတို့ဘက်က သံသယ နည်းစေရန် တိကျပြတ်သားသည့် မူဝါဒများကို အသိပေးဆောင်ရွက်သင့်သည်။ အပေးနှင့်အယူ မြန်မာ့ဒီမိုကရေစီရေးတွင် နော်ဝေးနိုင်ငံက အခရာကျသည်။ နော်ဝေးကမ္မကထပြုသည့် သီရိလကာင်္ငြိမ်းချမ်းရေးသည် နောက်ဆုံး၌ အစိုးရကသာ အောင်ပွဲခံသွားကြောင်း ၂၀၀၉-ခုနှစ် ဂျပ္ဖနာထိုးစစ်ကို ကြည့်လျှင် သိနိုင်သည်။ မြန်မာ့တပ်မတော်က ကမ္ဘာ့စင်မြင့်ကြီးပေါ်ကို တက်လှမ်းနိုင်ရန်၊ စစ်တပ်အတွက် လိုအပ်သည့် မြန်မာ့စီးပွားရေးအတွက် တည်ငြိမ်မှုအချို့ ရစေရန် ရည်ရွယ်ချက်ဖြင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် အသက်မပါသည့် တွေ့ဆုံဆွေးနွေးရေးအချို့ကို ကျင်းပခဲ့သည်ဟု ယူဆသည်။ သမ္မတဦးသိန်းစိန်အစိုးရနှင့် မင်းအောင်လှိုင်တို့၏ ဆက်ဆံရေးသည် ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ၏ ကွပ်ကဲမှုအောက်၌ ရှိနေဆဲဟု ယုံကြည်ရသည်။ မြန်မာ့တပ်မတော်နှင့် အပေးအယူလုပ်ရန် မလွယ်ကူကြောင်းကို သိထားရန် လိုအပ်ပြီး မြန်မာနိုင်ငံတည်ငြိမ်းအေးချမ်းရေးသည် မြန်မာ့တပ်မတော်နှင့်သိန်းစိန်အစိုးရတို့က မည်မျှ အပေးအယူလုပ်နိုင်သည့်အပေါ်တွင် မူတည်သည်။ တိုင်းရင်းသားများအနေဖြင့် ဤအချက်ကို သတိထားရမည်။ မြန်မာ့တပ်မတော် အဆင်သင့်ဖြစ်သည့်အခါမှဆိုလျှင် တိုက်ခိုက်ချေမှုန်းခြင်းကိုသာ ခံရနိုင်သည်။ ယုံကြည်မှု ပိုမိုပျက်ပြားလာ ယုံကြည်မှုတည်ဆောက်ရန် အပစ်ရပ်ရေး လိုအပ်သည်ဟု ဆိုသည်။ အပစ်ရပ်ရေးနှင့် ယုံကြည်မှုတည်ဆောက်ရေးသည် လားလားမျှ မဆိုင်။ ယုံကြည်မှုတည်ဆောက်ရေးသည် နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုနှင့်သာ ဆိုင်သည်။ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု စိုးစဉ်းမျှမရှိသည့်အခြေအနေတစ်ရပ်တွင် ယုံကြည်မှုကို ဘယ်နည်းနှင့်မျှ တည်ဆောက်နိုင်ဖွယ် မမြင်။ သမ္မတဦးသိန်းစိန်တို့အုပ်စုက တစ်နိုင်ငံလုံးအပစ်ရပ်ရေးအတွက် လုံးပမ်းနေချိန်တွင် မြန်မာ့တပ်မတော်က အမြတ်ထုတ်ပြီး နောင်တစ်ချိန်တွင် သူတို့ကို စစ်ရေးအရ အန္တရာယ်ပြုနိုင်ခြေရှိသည်ဟု ထင်ရသည့် တိုင်းရင်းသားအဖွဲ့အစည်းများကို ချေမှုန်းလျက် ရှိသည်။ အပစ်ရပ်ရေးကို အမြတ်မထုတ်ရဟု ပြောခဲ့သည့် မင်းအောင်လှိုင်သည် အပစ်ပင် မရပ်ရသေး၊ အမြတ်ထုတ်၍ နေချေပြီ။ ဤအခြေအနေတွင် ယုံကြည်မှုဆိုသည်မှာ မြန်မာ့နိုင်ငံရေးအဘိဓာန်၌ မရှိနိုင်တော့။ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ကြီးလေးကြီးကို ငြင်းဆိုခဲ့သည့်၊ အဓိကရုဏ်းကို ဖန်တီး၍ အတိုက်အခံများကို ဖိအားပေးနေသည့်၊ တိုင်းရင်းသားများကို စစ်ရေးအရ ဖိထားသည့် ဤကဲ့သို့အချိန်မျိုး၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈-မျိုးဆက်များ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများသည် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတစ်ရပ် ကျင်းပ၍ ကျောချင်းကပ်ထားကြရန် လိုသည်။ အကယ်၍ သမ္မတဦးသိန်းစိန်က ဤတွေ့ဆုံမှုကို မနှစ်သက်လျှင် ပြည်ထောင်စုလွှတ်တော်နာယက သူရရွှေမန်းကို ချဉ်းကပ်သင့်သည်။ ယခုအခါ၌ သူရရွှေမန်းသည် အကြံကြီးကြီးဖြင့် ကိုယ်ရောင်ဖျောက်နေသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားများအတွက် လိုအပ်သည့် ဥပဒေပြုမှုများကို အားပေးသူ ဖြစ်သည်။ ဗွီအိုအေသတင်းတစ်ပုဒ်၌ အခန်း (၁၂)၊ ပုဒ်မ (၄၃၆)ကိုပင် ပြန်လည်သုံးသပ်ရန် လမ်းညွှန်ထားကြောင်း သိရသည်။ သုံးပွင့်ဆိုင်ဆွေးနွေးပွဲမျိုးကို သူရရွှေမန်း လိုလားခြင်းရှိမရှိ တီးခေါက်ကြည့်သင့်သည်။ ရှေ့ဆက်သွား၍ မရ မိမိတို့ခန့်မှန်းချက်အရ မြန်မာ့တပ်မတော်က နာဂစ်ဖွဲ့စည်းပုံကို မပြင်ဘဲ သွား၍ ရကြောင်း ယုံကြည်မှုတိုးနေသည်ဟု သိရသည်။ နာဂစ်ဖွဲ့စည်းပုံကို မပြင်ဘဲ ရှေ့ဆက်သွား၍ မရကြောင်းကို မြန်မာ့တပ်မတော်ကို အသိပေးရန် လိုအပ်သည်။ ၁။ မြန်မာ့တပ်မတော်ကို စစ်ရေးပူးတွဲလေ့ကျင့်မှုမှ ဖယ်ထုတ်ရန်၊ မြန်မာစစ်တပ်အား သင်တန်းပေးနေမှုများကို ဆိုင်းငံ့ထားရန်၊ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်၌ ပါဝင်ခြင်းကို ပြန်သုံးသပ်ရန် လိုသည်။ ၂။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများလည်း အပစ်ရပ်ရေးအစား နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးကို ဦးစားပေးရန်၊ မြန်မာအစိုးရ ပေးသည့် အတုအယောင်ဒီမိုကရေစီမှာ မူးယစ်နေသည့် လူငယ်များကို စစ်သင်တန်းများ ပေး၍ တောလှန်ရေးသားကောင်းဇာနည်များ ဖြစ်လာစေရန်၊ မြန်မာ့တပ်မတော်နှင့် စစ်ရေးချိန်ခွင်လျှာ ပြန်ညှိရန် လိုသည်။ ၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈-မျိုးဆက်ကျောင်းသားများအနေဖြင့် ပြည်သူတို့နစ်နာမည်စိုး၍ မြန်မာ့တပ်မတော်နှင့် ပြည်ခိုင်ဖြိုးတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်ကို ပြန်သုံးသပ်ရန်၊ အာရုံလွှဲရန် ကြိုးစားနေသည့် မြန်မာ့တပ်မတော်နှင့် ပြည်ခိုင်ဖြိုးအစိုးရတို့ကို တည့်မတ်ပေးရန်၊ ၂၀၁၅-ခု၊ ရွေးကောက်ပွဲဖြစ်မြောက်ရေးသည် ၂၀၀၈-ခုဖွဲ့စည်းပုံပြင်ရေးအပေါ် မူတည်ကြောင်း သိစေရန် လိုသည်။ ဘာမှမပြော၊ ဘာမှမလုပ်၊ ဘာမှ ဖိအားမပေး၊ ဘာမှ အရေးမယူဘဲ နေခဲ့လျှင် ပြည်သူများကို ကာကွယ်ရန် မဖြစ်နိုင်။ လူ့အခွင့်အရေး ဆုံးရှုံးခဲ့ရသည့်၊ ဆုံးရှုံးနေဆဲမြန်မာပြည်သူများကို ပညာမပေးနိုင်ရန် မိမိတို့က ဒီမိုကရေစီခေါင်းဆောင်၊ အတိုက်အခံခေါင်းဆောင်များဟု သတ်မှတ်၍ မရပါ။ ပြည်သူများကို ကယ်တင်ရန် ပြည်သူများက မိမိတို့ လူ့အခွင့်အရေးများ ဆုံးရှုံးနေကြောင်း သိမှ ဖြစ်မည်။ နားလည်သူကိုသာ ကယ်တင်နိုင်မည်။ နားမလည်သူကို မကယ်နိုင်။ များများနားလည်လေ များများကယ်နိုင်လေ ဖြစ်သည်။ လက်ရှိတွင် မြန်မာ့တပ်မတော်နှင့်ရဟန်းအချို့သည် အပေးအယူလုပ်၍ လူ့အခွင့်အရေးကို အဓိကရုဏ်းများဖြင့်နာမည်ဖျက်နေပြီဖြစ်သည်။ အရေးကြီးသည့်အချိန် ဖြစ်၍ အတိမ်းအစောင်း မခံနိုင်။ အတိမ်းအစောင်း ဖြစ်သွားလျှင် မြန်မာနိုင်ငံသည် နောင်နှစ်ပေါင်းမည်မျှကြာသည်အထိ စစ်ကျွန်ဘဝ၌ နေရဦးမည်မသိပါ။ ဆရာတော် အရှင်ရာဝိက

No comments: