Friday, February 21, 2014

ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား တပ်မ (၈၈) တပ်မမှူးဘ၀နဲ့ တွေ့ဆုံခဲ့တဲ့ ပုံရိပ်တချို့ ဆောင်းပါးရှင်။ ဗိုလ်မှူးအောင်လင်းထွဋ် က္ဈန်တော်တို့ တန်ပြန် ထောက်လှမ်းရေး အရာရှိသင်တန်း တက်ရောက်နေခဲ့စဉ်က မဆလခေတ် အချိန်ကာလအတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တပ်မမှူး ဖြစ်ခဲ့စဉ် တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေး တစ်ခုကို တင်ပြချင်ပါတယ်။ ဗဟိုထောက်လှမ်းရေးတပ်မှာ တန်ပြန် ထောက်လှမ်းရေး အရာရှိသင်တန်း စာတွေ့ (၃) လသင်တန်း တက်ပြီးတော့ လက်တွေ့အနေနဲ့ ရှေ့တန်း ကျိုင်းတုံဒေသမှာ (၃) လ တာဝန်ထမ်းဆောင်ဖို့ ကျိုင်းတုံမြို့ကို ကျနော် ရောက်ရှိခဲ့ပါတယ်။ အဲဒီမှာ ရှေ့တန်းတပ်မ(၈၈) ဌာနချူပ် တပ်မမှူး ဗိုလ်မှူးကြီးသန်းရွှေကို ၁၉၈၃ ခုနှစ် မတ်လအတွင်း ရှေ့တန်း တပ်မမှူးနေအိမ်မှာဘဲ အမှတ် (၂) ထောက်လှမ်းရေးတပ် တပ်ဖွဲ့မှူး ဗိုလ်ကြီးကံဝင်းနဲ့အတူ သင်တန်းသား အရာရှိတွေဖြစ်ကြတဲ့ က္ဈန်တော် ဗိုလ်အောင်လင်းထွဋ်၊ ဗိုလ်စိုးမြင့်အောင်၊ အခြားအဆင့်တွေဖြစ်ကြတဲ့ တပ်ကြပ်ကြီးကျော်သိန်း၊ တပ်ကြပ်ကြီးတင်လှိုင်တို့ဟာ တပ်မမှူးကြီးရဲ့ တွေ့ဆုံ လမ်းညွှန်မှုကို ခံခဲ့ကြရဖူးပါတယ်။ က္ဈန်တော့်ရဲ့ရှေ့မှာဘဲ မယုံနိုင်လောက်အောင် ဗိုလ်မှူးကြီးသန်းရွှေဟာ ထောက်လှမ်းရေးတပ်ဖွဲ့မှူး ဗိုလ်ကြီးကံဝင်းကို လေးလေးစားစား ဆက်ဆံနေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဗိုလ်ကြီးကံဝင်းက တပ်မမှူး ဗိုလ်မှူးကြီးသန်းရွှေကို ဒူးလှုပ်နှံ့ကာ အထက်က မှာလိုက်တယ်ဆိုပြီး အထက်စည်းကနေ စကားပြောနေတာကိုမယုံနိုင်လောက်အောင် ကျနော့်မျက်မြင် ကိုယ်တွေ့ ဖြစ်ခဲ့ရပါတယ်။ ပြီးတော့မှ တပ်မမှူးက ဗိုလ်ကြီးကံဝင်းကို ရန်ကုန်မှ အဖွဲ့အတွက် လိုအပ်တာတွေကို နယ်မြေခံ စစ်မြေပြင် နည်းဗျူဟာဌာနချုပ်ရဲ့ တပ်များကနေ အကူအညီပေးဖို့ ညွှန်ကြားချက်ပေးမယ် အခြားလိုအပ်တာတွေရှိလဲ ပြောပါလို့ ပြန်လည် အမိန့်ရှိခဲ့ပါတယ်။ အဲ့ဒီအချိန်က တပ်မမှူးကြီး ဗိုလ်မှူးကြီးသန်းရွှေကို စစ်ထောက်လှမ်းရေးတပ်ဖွဲ့မှူး ဗိုလ်ကြီးကံဝင်းက ဘာလို့ဒီလို ဆက်ဆံနိုင်တာလဲလို့ ကျိုင်းတုံက စစ်ထောက်လှမ်းရေး ဆရာတွေကို မေးကြည့်တော့ တပ်မမှူးကြီးဟာ မိသားစုများပြီး ဆင်းရဲတာကြောင့်မလွှဲမရှောင်သာ မှောင်ခိုစီးပွားရေးသမားတွေနဲ့ ပူးပေါင်း ငွေရှာနေတဲ့ သတင်းတွေ ဥပမာ လေယာဉ်လက်မှတ်မှောင်ခိုနဲ့ ကျိုင်းတုံ၊ တောင်ကြီး စစ်ယာဉ်တန်းအကြုံ မှောင်ခိုပစ္စည်းသယ်ယူနေခြင်း စတဲ့သတင်းများကို သတင်းပေးများထံမှ ကျိုင်းတုံ စစ်ထောက်လှမ်းရေးတွေက သတင်းစုဆောင်း သိရှိထားနိုင်ကြောင်း သိခဲ့ရတယ်။ ဒါကြောင့် တပ်မမှူး ဘာတွေ မဟုတ်တာ လုပ်နေသည်ကို သိရှိထားတာကြောင့် ဂရုစိုက်စရာ မလိုတဲ့အကြောင်း တပ်မမှူးကြီးကတော် ဒေါ်ကြိုင်ကြိုင်ကျိုင်းတုံလာရင် တပ်မရဲ့ စစ်ဦးစီး အရာရှိတွေက အပြန်မှာ မှောင်ခိုပစ္စည်းတွေကို ကယ်ရီရိုက်သွားဖို့ စီစဉ်ပေးရတာတွေက အစ ထောက်လှမ်းရေးရဲ့ မှတ်တမ်းတွေမှာ ရှိနေကြောင်း သိခဲ့ရပါတယ်။ ဒီ့အပြင် ၁၉၈၀ ခုနှစ် အတွင်း မိုင်းယောင်းမြို့ကို ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ကော်(၈၁၅) နဲ့ တပ်မဟာ (၇၆၈) တပ်တွေက တပ်မတော် စခန်းတွေကို ဝင်ရောက်စီးနင်းတဲ့ တိုက်ပွဲမှာ စစ်ရှူံးခဲ့တဲ့ အရည်အချင်း ညံ့ဖျင်းသော ဗိုလ်မှူးကြီးသန်းရွှေတစ်ယောက် တပ်မမှူးဖြစ်နေတာကို စစ်ရုံးချုပ်က ထုချေလွှာ တောင်းခံမှု၊ သတိပေးခံရမှု စတဲ့ အပစ်တင်မှုတွေကို ခံနေရချိန်လည်းဖြစ်လို့ အခုလို ညက်ညောပြနေတာလို့ သိရပြန်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ၁၉၈၀ ခုနှစ်မှာ တပ်စုမှူးသင်တန်းတက်ဖို့ ရန်ကုန်မြို့ကို ရှေ့တန်းက ပြန်လာတော့ တပ်မမှူးရဲ့ ဦးစီးအရာရှိက လူကြုံ့ပစ္စည်းပေးခိုင်းလို့ ရန်ကုန် တောင်ဥက္ကလာမှာရှိတဲ့ ဝေဇယန္တာရှိ စစ်အရာရှိကြီးများ အိမ်ယာသို့ ရောက်ခဲ့ပြီး တပ်မမှူး ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်အား ပစ္စည်းထုပ်ကြီးကြီး တစ်ခု ပေးခဲ့ရဖူးပါတယ်။ အဲဒီတုံးက ထမီရင်လျားနဲ့ တွေ့မြင်ခဲ့ရတဲ့ နွမ်းနွမ်းပါးပါး ဒေါ်ကြိုင်ကြိုင်ဟာ ယနေ့ ဒေါ်ကြိုင်ကြိုင်နဲ့ စိတ်ဓါတ်ရော လူပုံပါ လုံးဝ ကွာခြားသွားပြီ ဖြစ်ပါတယ်။ အဲဒီခေတ်ကာလတုံးက ဒေါ်ကြိုင်ကြိုင်တစ်ယောက်ကတော့ ဒိုဘီမပေးနိုင်ဘဲ မိသားစုတွေရဲ့ အဝတ်အစားများကို ကိုယ်တိုင် လျှော်ဖွတ်နေရတဲ့ဘဝမှာ ရှိနေတုန်းပါ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့မိသားစုတို့ဟာ ဘဝမမေ့ဘဲ နောင်တတရားတွေရပြီး တိုင်းသူပြည်သားတွေအပေါ် အကြင်နာတရားတွေ ထားနိုင်ပါစေ၊ တိုင်းပြည်ကောင်းစားရေးကို ဆောင်ရွက်နိုင်ပါစေ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အမြန် ဆုံးဖြတ်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။ စည်းလုံးခြင်းရဲ့အင်အားမှကူးယူဖော်ပြသည်။

No comments: