ဘားအံ၊ အောက်တိုဘာ ၂၀
ဧည့်စာရင်းတိုင်ရန် မလိုဟု လွှတ်တော်မှ ချမှတ်ထားသော်လည်း ကရင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးကိစ္စနှင့် တရားမဝင် လက်နက်ကိုင်ဆောင်မှု ပြဿနာများ ရှိသည့်အတွက် ဧည့်သည်များ လာရောက်တည်းခိုပါက ဒေသတွင်း လုံခြုံရေးအတွက် ဧည့်စာရင်းတိုင်ရန် လိုကြောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။
ယင်းသို့ ဧည့်စာရင်း တိုင်ကြားခြင်းသည် အိမ်ရှင်များအတွက် လုံခြုံမှုတစ်ခု ဖြစ်ကြောင်း အောက်တိုဘာလ ၁၈ ရက်နေ့က ပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးများ တွေ့ဆုံပွဲတွင် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ဧည့်စာရင်းမတိုင် မနေရ တိုင်ရမယ်၊ မတိုင်ရင် ဘာဖြစ်မယ်လို့ မဆိုလိုဘူး။ ဒါပေမဲ့ လာတည်းတဲ့ ဧည့်သည်မှာ မူးယစ်ဆေးဝါး ပါလာတယ်၊ လက်နက်ပါလာတယ်ဆိုလို့ ရှိရင် လက်ခံတဲ့ အိမ်ရှင်မှာ ပြဿနာတက်တာမျိုး ဖြစ်တတ်တယ်” ၎င်းက ဆိုသည်။
ကရင်ပြည်နယ်အတွင်း ယခင်က ဧည့်စာရင်း တိုင်ကြားမှုကို တင်းကြပ်စွာ ကိုင်တွယ်ခဲ့သော်လည်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၏ ရန်ပုံငွေသာ အဓိကဖြစ်နေပြီး ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အိမ်ရှင်အနေနှင့် ယင်းအမှုကိစ္စတွင် ပါဝင်ပတ်သက်သည်ဟု ဆိုကာ တရားရင်ဆိုင်ရမှုမျိုး ရှိကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။
No comments:
Post a Comment