နေပြည်တော်၊ စက်တင်ဘာ ၁
လက်ရှိ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဖက်ဒရယ်စနစ်နှင့် ကိုက်ညီသော ဝိသေသ
လက္ခဏာများ ပါဝင်သည်ဟု (၂၁) ရာစု ပင်လုံညီလာခံတွင် တပ်မတော်က
သဘောထားတင်ပြသည်။
၂၁ ရာစု ပင်လုံညီလာခံကို
နေပြည်တော်၌ ဩဂုတ် ၃၁ရက်မှ စက်တင်ဘာ ၃ ရက်အထိ လေးရက်ကြာ
ကျင်းပသွားမည်ဖြစ်ပြီး ညီလာခံ ဒုတိယနေ့တွင် တပ်မတော်၏ သဘောထားကို
တင်ပြခဲ့ခြင်းဖြစ်သည်။
ညီလာခံတွင် တပ်မတော်၏ သဘောထားများကို ဗိုလ်မှူးကြီး တင့်နိုင်အေးနှင့် ဒုတိယဗိုလ်မှူးကြီး သန့်ဇော်တို့က ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။
၂၀၀၈
ဖွဲ့စည်းပုံတွင် ပါဝင်သည့် ပုဒ်မများကို အခြေခံ၍ ဖက်ဒရယ်စနစ်နှင့်
ကိုက်ညီမှု ရှိကြောင်းကို ၎င်းတို့က ညီလာခံတွင် ဖတ်ကြားတင်ပြသွားခြင်း ဖြစ်သည်။
လက်ရှိ
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ပြည်နယ်၊
တိုင်းဒေသကြီးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ၏ နယ်နမိတ်ကို
အာမခံချက် ပေးထားခြင်း၊ တိုင်းရင်းသားလူမျိုးများ တန်းတူအခွင့်အရေး
ပေးထားခြင်း၊ လူမျိုးစုလွှတ်တော် ဖြစ်သည့် အမျိုးသားလွှတ်တော်ကို
ပြည်သူ့လွှတ်တော်နှင့် တန်းတူအခွင့်အရေး ပေးထားခြင်းတို့ကြောင့်
ဖဒရယ်ပြည်ထောင်စု ဝိသေသ လက္ခဏာများ ပါဝင်ကြောင်း ဗိုလ်မှူးကြီး
တင့်နိုင်အေးက တပ်မတော်၏ သဘောထားကို ဖတ်ကြားသည်။
“၂၀၀၈
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို
အောင်မြင်စွာ တည်ဆောက်နိုင်ရေးအတွက် လိုအပ်တဲ့ အင်စတီကျူးရှင်းနဲ့
အုပ်ချုပ်ရေး ယန္တရားများကို စနစ်တကျ ဖော်ဆောင်သင့်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင်
ဒုတိယဗိုလ်မှူးကြီး သန့်ဇော်ကလည်း တရားစီရင်ရေး အာဏာများကို ပြည်နယ်၊
တိုင်းဒေသကြီးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများတွင်
ကျင့်သုံးခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီး
ဖြစ်သောကြောင့် ဖက်ဒရယ်ပြည်ထောင်စု စနစ်နှင့် ကိုက်ညီကြောင်း
ဆက်လက်ပြောကြားသည်။
ညီလာခံ ဒုတိယနေ့တွင် အစုအဖွဲ့ အသီးသီတို့မှ သဘောထားအမြင်များကို ကိုယ်စားလှယ် ၃၃ ဦးက ဖတ်ကြားသွားခဲ့သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး
ညီလာခံ- (၂၁) ရာစု ပင်လုံညီလာခံတွင် တပ်မတော် အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၅၀
ဦး ပါဝင်ပြီး အစိုးရနှင့် လွှတ်တော်မှ ၁၅၀ဦး၊ တိုင်းရင်းသား
လက်နက်ကိုင်များမှ ၂၀၀ ဦး၊ နိုင်ငံရေးပါတီများမှ ၁၅၀ ဦး၊ တိုင်းရင်းသား
ကိုယ်စားလှယ် ၅၀ ဦး၊ ပါဝင်သင့် ပါဝင်ထိုက်သူ ၅၀ ဦး စုစုပေါင်း ၇၅၀
ဦးဖြင့် ကျင်းပနေခြင်း ဖြစ်သည်။
No comments:
Post a Comment