Tuesday, January 12, 2016

ပို့ဆောင်ရေးစနစ်ကြောင့် ငါးဈေးနှုန်းမြင့်တက်မှုအပေါ် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က အဆင်ပြေအောင်ဆောင်ရွက်မည်


မုံရွာ ဇန်နဝါရီ ၁၁
ဖွံ့ဖြိုးသည့်နိုင်ငံများကဲ့သို့ အအေးခန်းပါသည့်ကားကြီးများဖြင့် ပို့ဆောင်ပေးနိုင်ခြင်းမရှိ သေးသောကြောင့် လူစီးအမြန်မှန်လုံယာဉ်ကြီးများဖြင့် အဆင်ပြေစွာ ပို့ဆောင်ပေးနေရာမှအမြန်လမ်းပေါ်မှပို့ဆောင်မှုကို ကန့်သတ်လိုက်ရာ ရန်ကုန်မှ မုံရွာအရောက် ငါးတစ်ပိဿာ ပို့ဆောင်ခမှာ ကျပ် ၃ဝဝ အထိ ပိုပေးနေရသောကြောင့် စားသုံးသူများ ဈေးပိုပေးနေရသလို ယခင်ကကဲ့သို့ လတ်ဆတ်သော ငါးကိုမစားရတော့ကြောင်း သိရသည်။
''အရင်က ရန်ကုန်ကနေ ညနေတင်လိုက်တဲ့ ငါးပုံးက မနက် ၄ နာရီလောက်ဆို မုံရွာကိုရောက်ပြီး စားသုံးသူတွေဆီကို လတ်လတ်ဆတ်ဆတ်နဲ့ ရောက်တယ်။ အခုခရီးသည် တင်မှန်လုံယာဉ်ကြီးတွေအပေါ် ငါးပုံးတင်ပို့တာကို နိုဝင်ဘာ၂၉ ရက်ကစပြီး အမြန်ယာဉ် လမ်းဥပဒေနဲ့အညီ ကန့်သတ်လိုက်တာ နောက်ပိုင်းကားခဈေးတက်တာကြောင့် စားသုံးသူ လက်ဝယ်ရောက်တော့ အရင်ကထက် ငွေကျပ် ၃ဝဝ ပိုပေးမှ ရောက်လာတယ်။ အဲဒီလို ဖြစ်နေတာတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းပေါင်းစပ်ပြီး စားသုံးသူတွေဘက်က ရပ်တည်ပြီး ပို့ဆောင်ရေးစနစ် ယခုထက်ပိုကောင်းသလို ပိုပြီးဈေးသက်သာအောင် ဆောင်ရွက်သွား မှာဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းချိုက ပြောသည်။
ရန်ကုန်မှ မုံရွာသို့ ယခင်ခရီးသည်တင် မှန်လုံယာဉ်ကြီးများဖြင့် ငါးပုံးများကို စနစ်တကျ ပို့နေစဉ်က ညပို့လျှင် မနက်ရောက်ကာ ဈေးကွက်ဦးသောကြောင့် ရောင်းသူမျက်နှာပန်းပွင့်သလို လတ်ဆတ်သောငါးကို ဈေးချိုစွာစားရသောကြောင့် ကျန်းမာရေးနှင့် ညီညွတ်စေကြောင်း သိရသည်။ ပို့ဆောင်ရေးစနစ်ကန့်သတ်လိုက်ပြီးနောက်ပိုင်း ငါးပုံး ၅ဝ ခန့်စုကာ ကုန်ကားတစ်စီး ကျပ်လေးသိန်းခွဲပေးငှား၍ ပို့ကြရာ ယခင်လိုနာရီပိုင်းအတွင်း မရောက်တော့ဘဲ တစ်ရက်နောက်ကျမှ ရောက်သောကြောင့် ရေခဲဖိုးထပ်မံကုန်ကျပြီး ငါးလတ်ဆတ်မှုမှာ လျော့လာသလို ကားခပိုပေးရသောကြောင့် ဈေးနှုန်းမှာ မတင်မဖြစ် တင်လိုက်ရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူးထံမှ သိရသည်။
ရန်ကုန်မြို့မှ မုံရွာမြို့သို့ တစ်ရက်လျှင် ငါးကုန်ချိန်ပိဿာတစ်သောင်းခန့်နှင့် ရွှေဘိုမြို့သို့ ပိဿာ ၇ဝဝဝ ခန့် နေ့စဉ် တင်ပို့လျက်ရှိရာ စားသုံးသူများဈေးမြင့်ပေးဝယ်စားရရာမှ ဈေးလျော့နည်းစေရန်နှင့် ပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရန် မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်က သက်ဆိုင်ရာအဖွဲ့အစည်းအဆင့်ဆင့်ဖြင့် ညှိနှိုင်းဆောင်ရွက်မှုကို စတင်နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းချိုက ပြော သည်။
မျိုးဝင်းထွန်း (မုံရွာ)

No comments: