Tuesday, January 12, 2016

မြန်မာ-ဗြိတိန် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေး



The Mirror Daily's photo.



နေပြည်တော် ဇန်နဝါရီ ၁၁
မြန်မာနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့သည် သမိုင်းကြောင်းအရ တပ်မတော် နှစ်ရပ်အကြားဆက်စပ်မှု၊ ချစ်ကြည်ရင်းနှီးမှုရှိခဲ့ပြီး ယခုခရီးစဉ် လာရောက်ခြင်းသည် ယင်းချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း၊ ဗြိတိန်နိုင်ငံအနေဖြင့် နှစ်နိုင်ငံ တပ်မတော်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို အလေးထား ဆောင်ရွက်မှုအတွက် များစွာဝမ်းမြောက်ပါကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ဗြိတိန်နိုင်ငံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျွန်နီကိုလက်စ် ရေနော့ဒ်စ်ဟော့တန်နှင့် တွေ့ဆုံဆွေးနွေးစဉ် ထည့်သွင်းပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ဇေယျာသီရိဗိမာန်ရှေ့၌ ဗြိတိန်နိုင်ငံတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျွန်နီကိုလက်စ် ရေနော့ဒ်စ်ဟော့တန်အား ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ကြိုဆိုသည်။
အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့ တက်ရောက်ကြပြီး ဗြိတိန်နိုင်ငံကာကွယ်ရေးဦးစီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး မစ္စတာ အင်ဒရူး ပက်ထရစ်၊ ဗြိတိန်နိုင်ငံစစ်သံမှူး Colonel Antony David Stem နှင့် ဗြိတိန်နိုင်ငံတပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။
ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ်တို့သည် ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးကြသည်။
ထိုသို့တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံအနေဖြင့် ၂ဝ၁၁ ခုနှစ် နောက်ပိုင်း ဒီမိုကရေစီစနစ်ကို စာမျက်နှာသစ်တစ်ခုအနေဖြင့် စတင်ပြုပြင်ပြောင်းလဲခဲ့ရာ ယင်းစနစ်ကို အောင်မြင်အောင် တပ်မတော်အနေဖြင့် အတတ်နိုင်ဆုံးကူညီဆောင်ရွက် ပေးနေကြောင်း၊ မိမိတို့တိုင်းပြည်၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရာတွင် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ လုံးဝချုပ်ငြိမ်းရမည်ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း တရားဥပဒေစိုးမိုးမှု ရှိရန်အတွက် ပြည်သူများက ဥပဒေနှင့်အညီ လေးစားလိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူကရွေးချယ်သည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာ ဖြစ်စေရန်အတွက် အခြေခံကောင်းအောင် လုပ်ဆောင်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် လက်နက်ကိုင် ပဋိပက္ခများမရှိအောင် ဆောင်ရွက်ရသကဲ့သို့ တရားဥပဒေစိုးမိုးမှုရှိအောင် ကြိုးစားဆောင်ရွက်မှသာ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ခိုင်ခိုင်မာမာသွားနိုင်မည်ဖြစ်ကြောင်းနှင့် ပြည်သူက ရွေးချယ်သည့် ပါတီစုံဒီမိုကရေစီစနစ် ကို လုံးဝသွေဖည်မည်မဟုတ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲ ရေးဆောင်ရွက်ရာတွင် မြန်မာ့တပ်မတော်မှ ပါဝင်လုပ်ကိုင်ဆောင် ရွက်ပေးနေမှုများကို ဂုဏ်ပြုပါကြောင်း၊ လက်ရှိမြန်မာနိုင်ငံသည် ကောင်းမွန်သည့် အခြေအနေကို ရောက်ရှိနေပါကြောင်း ပြောကြားသည်။
ထို့ပြင် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ လေ့လာရေးအဖွဲ့များ အပြန်အလှန်စေလွှတ်၍ အတွေ့အကြုံများ ဖလှယ်ရေး၊ စစ်ဆင်ရေး နှင့်မပတ်သက်သည့် လေ့ကျင့်ရေး သင်တန်းများ၊ ဆေးပညာနှင့်ကြံ့ခိုင်ရေး သင်တန်းများ စေလွှတ်တက်ရောက် နိုင်ရေးတို့အား ဆွေးနွေးကြသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

(မြဝတီ)

No comments: