Tuesday, January 12, 2016

မသန်သော်လည်းစွမ်းသူ ဘဝကိုအန်တုအနိုင်ယူ



The Mirror Daily's photo.
ပဲခူး ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် သရက်ကုန်းကျေးရွာနေ ဦးအောင်ဝင်း- ဒေါ်မော်မော်စန်းတို့၏သား မောင်သိန်းထူးအောင် (၁၉)နှစ်သည် မွေးရာပါ တင်ပါးဆုံအောက်ပိုင်း မပါရှိဘဲ ယင်းကျေးရွာတွင် မူလတန်းကျောင်းစာ တတိယတန်းသာတက်ခွင့်ရပြီး ညီငယ် ညီမငယ် နှစ်ဦးတို့အား မိဘများနှင့်အတူ လုပ်ကိုင်ရှာဖွေ ကျွေးမွေးခဲ့သည်။ ဖခင်မှာ ယာဉ်နောက် လိုက်ဖြစ်ပြီး မိခင်မှာ ခေါင်းရွက်ဈေး သည်တစ်ဦးဖြစ်သည်။ ရုန်းကန်ရှာဖွေ စားသောက်ရခြင်း ဖြစ်သည့်အတွက် မောင်သိန်းထူးအောင်သည် ပဲခူးမြို့နယ် အတွင်းရှိ ခြံအမှတ် (၄၃+၄၄)ရော်ဘာ ခြံတွင် စက်ပြင်လုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်ကာ တစ်လလျှင် ရှစ်သောင်း ကျပ်ရရှိပြီး ဥဿာမြို့သစ်ရပ်ကွက်ကြီး (၁) တိဿလမ်းနေ ဦးလေးတော်စပ်သူ နှင့် အတူလာနေကြောင်း သိရှိရသည်။
ယခုနှစ် ဇန်နဝါရီ ၁ဝ ရက် ကရင်နှစ်သစ်ကူးနေ့ ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲအဖြစ် သုံးယောက်တွဲ ပိုက်ကျော်ခြင်း ကစားပွဲတွင် မောင်သိန်း ထူးအောင်မှာ အံ့သြဖွယ်ကောင်းလောက်အောင် ကစားသွားဟန်နှင့် မသန်ပေမယ့် စွမ်းသည်ဆိုသည့် စကားနှင့်အညီ အသင်းလိုက် အောင်ပွဲခံယူသွားကြောင်း တွေ့ရှိရသည်။ ၄င်းသည် မသန်စွမ်း အသင်းဝင်တစ်ဦးဖြစ်၍ ဝှီးချဲကိုလွန်ခဲ့သော သုံးနှစ်ခန့်က ရရှိထားသူဖြစ်ပြီး ဝှီးချဲကိုအသုံးမပြုဘဲ လျင်မြန်ဖျတ်လတ်စွာ လှုပ်ရှားမှုပြုလုပ်နိုင်သည်။
ရော်ဘာခြံလုပ်သားတွင် စက်ပိုင်းဆိုင်ရာ တာဝန်ရှိသူဝန်ထမ်းတစ်ဦးဖြစ်ကာ ကျေးရွာ၊ ရပ်ကွက် မင်္ဂလာဆောင်တီးဝိုင်းများတွင်လည်း အနုပညာ ဝါသနာပါသည့်အတွက် ဝင်ရောက်သီဆို ဖျော်ဖြေခဲ့သူ တစ်ဦးလည်းဖြစ်သည်။ ၄င်းကို ခင်မင်ရင်းနှီးသူများက တေးသံရှင် ပိုင်သက်ကျော်အစား သိန်းထူးကျော်ဟူ၍ ပြောင်းလဲခေါ်ကြကြောင်း သိရှိရသည်။ မောင်သိန်းထူး အောင်သည် မသန်သော်လည်း ဘဝကို အရှုံးမပေးဘဲ စွမ်းသူဘဝအဖြစ် အန်တု အနိုင်ယူခဲ့သူတစ်ဦးဖြစ်သည်။
သုလင်း (ဟံသာမြေ)

No comments: