Tuesday, January 12, 2016

အငြင်းပွား ကျောက်စိမ်းအရိုင်းတုံးနှင့်ပတ်သက်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးသွားမည်



The Mirror Daily's photo.



နေပြည်တော် ဇန်နဝါရီ ၁၁
ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၂)ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင်ကျင်းပရာ မေးခွန်း(၃)ခု မေးမြန်းဖြေကြားခြင်း၊ ဥပဒေကြမ်း(၃)ခု အတည်ပြုခြင်း၊ အစီရင်ခံစာ(၂)ခု တင်သွင်းခြင်း၊ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ဥပဒေကြမ်း(၁)ခု အသိပေးခြင်း၊ အစီရင်ခံစာ(၁)ခု ဆွေးနွေးခြင်းနှင့် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးဝင်းနောင်၏ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်၏ အလားအလာကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးကံချွန်က နေပြည်တော်တွင် ရာသီဥတုကောင်းမွန်ခြင်း၊ လူနေထူထပ်မှု အသင့်အတင့် ရှိခြင်း၊ ယာဉ်ကြောပိတ်ဆို့မှုမရှိခြင်း၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ခြင်း၊ ဟိုတယ်၊ တည်းခိုခန်းများ၊ Shopping Mall များ ၊ Restaurant များ ရှိခြင်း၊ ပညာရေး၊ ကျန်းမာရေး ပြည့်စုံခြင်းနှင့် အပန်းဖြေစရာများရှိခြင်းတို့ကြောင့် ပြည်တွင်းပြည်ပဧည့်သည်များ လာရောက်လည်ပတ်နေထိုင်ရန် သင့်တော်ပါကြောင်း။
ထို့ပြင် နိုင်ငံတကာအစည်းအဝေးကြီးများနှင့် နိုင်ငံ့ခေါင်းဆောင်များ တည်းခိုနေထိုင်ရေး၊ သွားလာရေး၊ လုံခြုံရေးအတွက် အထူးကောင်းမွန်သည့် နေရာဖြစ်ပါကြောင်း၊ အုပ်ချုပ်မှုကိစ္စများ တစုတစည်းတည်းရှိခြင်း၊ ဆက်သွယ်ရေးကောင်းမွန်ခြင်း၊ လုံခြုံရေးကောင်းမွန်ခြင်းတို့နှင့် ပြည့်စုံသော မြို့တော်ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအနေဖြင့်လည်း သွားလာရေး၊ ပို့ဆောင် ရေးကောင်းမွန်ပြီး လူ့စွမ်းအားအရင်းအမြစ်၊ သဘာဝသစ်တောနှင့် သီးနှံများ ထွက်ရှိပါကြောင်း၊ လျှပ်စစ်မီးနှင့် ရေ အထူးကောင်းမွန်သဖြင့် ရင်းနှီးမြှုပ်နှံလိုသူများ၏ လိုအင်ဆန္ဒနှင့်ကိုက်ညီနိုင်မည်ဟု ယူဆပါကြောင်း၊ အဆင့်မီ Grand ACE Villa ကို စီစဉ်ဆောင်ရွက်ထားရှိသဖြင့် သံရုံးများ၊ စီးပွားရေးလုပ်ငန်းရှင်များအတွက် အဆင်ပြေမှုရှိကြောင်း ဖြေကြားသည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁ဝ)မှ ဦးမြင့်ထွန်းက ဖားကန့်ဒေသရှိ ငွေစည်ဟိန်းကျောက်မျက်ကုမ္ပဏီပိုင် လုပ်ကွက်အတွင်းမှ တူးဖော်ရရှိခဲ့သော အချင်းဖြစ်ကျောက်အား နိုင်ငံတော် (သို့မဟုတ်) တွင်းပိုင်ရှင် (သို့မဟုတ်) အခွန်ပေးဆောင်ထားသူတို့အနက် မည်သူပိုင်ဆိုင်သင့်သည်ကို ဆုံးဖြတ် ဆောင်ရွက်ရန်အတွက် အစိုးရအဖွဲ့ သက်ဆိုင်ရာတရားရုံးသို့ အမှုဖွင့်လွှဲပြောင်းပေးရန် သင့်၊ မသင့်၊ မသင့်ပါက မည်သည့်အတွက်ကြောင့် လွှဲပြောင်းပေးရန် မသင့်ကြောင်းနှင့် ကော်မတီ၏ လေ့လာတွေ့ရှိချက်အရ အချင်းဖြစ်ကျောက်အား ဝန်ကြီးဌာနက သိမ်းဆည်းထားသည်မှာ နှစ်နှစ်ကျော်ခန့်ရှိနေပြီး ပြည်ထဲရေး ဝန်ကြီးဌာနကလည်း ယင်းအမှုကို တစ်နှစ်ကျော်ကြာ ပညာရှင်များဖြင့် စစ်ဆေး၍ အစီရင်ခံခဲ့ပြီးဖြစ်ရာ သတ္တုတွင်းဝန်ကြီးဌာနအနေဖြင့် ယခုလွှတ်တော် သက်တမ်းအတွင်း ပွင့်လင်းမြင်သာစွာ ဆုံးဖြတ်ဆောင်ရွက်ပေးမည့် အစီအစဉ်ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က အငြင်းပွားကျောက်စိမ်းအရိုင်းတုံးသည် ကန့်သတ်တားမြစ်ထားသည့်ကာလအတွင်း တရားမဝင်တူးဖော်ရယူခဲ့ခြင်းဖြစ်၍ စည်းကမ်းပျက်ကျောက်အဖြစ်သတ်မှတ်ပြီး နိုင်ငံတော်ကသာ စီမံခန့်ခွဲရမည့် ကျောက်စိမ်းအရိုင်းတုံးဖြစ်သည်ကို သုံးသပ်တွေ့ရှိရပါကြောင်း၊
လက်ရှိအခြေအနေအရ အငြင်းပွားကျောက်စိမ်းအရိုင်းတုံးတွေ့ရှိသူ အဓိကသက်သေ ဦးလတောင်နှင့် ဦးလတောင်ကဲ့သို့ တိကျခိုင်မာသည့် သက်သေခံချက်ပေးနိုင်သူ သို့မဟုတ် ငွေစည်ဟိန်းကုမ္ပဏီကတင်ပြလာသည့် အသံဖိုင်နှင့်ပတ်သက်၍ ကိုယ်တိုင်ပါဝင်ပြောဆိုခဲ့သူနှင့် ၎င်းအချိန်တွင် အတူရှိနေသူများ၏ ထောက်ခံထွက်ဆိုချက်များရရှိပြီး စစ်ဆေးဖော်ထုတ်ချက်အရ မှန်ကန်ကြောင်း အတည်ပြုနိုင်မည်ဆိုပါက သတ္တုတွင်းဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်နှင့် အကျိုးတူဖက်စပ်ကုမ္ပဏီတို့၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်းမြင်သာစွာ ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် အငြင်းပွားကျောက်စိမ်းအရိုင်းတုံးနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းပြီး သက်သေများအား အသေးစိတ်စစ်ဆေး ခြင်း၊ သက်ဆိုင်ရာ လုပ်ကွက်အသီးသီးသို့ သွားရောက်စစ်ဆေးခြင်းနှင့် စာရွက် စာတမ်းအထောက်အထားနှင့် ဓာတ်ပုံမှတ်တမ်းများ စုစည်းလေ့လာခြင်းနှင့် အဓိကသက်သေ၏ထွက်ဆိုချက်အား ရရှိအောင်ဆောင်ရွက်သကဲ့သို့ သတ္တု တွင်းဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းအနေဖြင့်လည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ၁၉၅၁ ခုနှစ် အလုပ်ရုံများအက်ဥပဒေ ကို ပြင်ဆင်သည့်ဥပဒေကြမ်း၊ ၂ဝ၁၅ ခုနှစ် ဆိုင်များနှင့်အလုပ်ဌာနများ ဥပဒေကြမ်း၊ အခကြေးငွေပေးရေးဥပဒေကြမ်း တို့နှင့်စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်၏ပြင်ဆင်ချက်ကို လွှတ်တော်၏အဆုံးအဖြတ်ရယူအတည်ပြုသည်။
ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်းတို့နှင့်စပ်လျဉ်းသည့် အစီရင်ခံစာများကို ဥပဒေကြမ်းကော်မတီက အမျိုးသားလွှတ်တော်တွင် ဆွေးနွေးနိုင်ရန် တင်သွင်းသည်။
ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြု ပြီးပေးပို့ထားသော မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် ပတ်သက်၍ လွှတ်တော်သို့ အသိပေးရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်သူ့ငွေစာရင်းကော်မတီ၏ ပထမအကြိမ်အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးကာလများအတွင်း ဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ ဦးစံပြည့်က ဆွေးနွေးပြီး ယင်းအစီရင်ခံစာကို လွှတ်တော်၏အဆုံးအဖြတ်ရယူ အတည်ပြုသည်။

(သတင်းစဉ်

No comments: