Tuesday, January 12, 2016

ငြိမ်းချမ်းရေးဖော်ဆောင်မှုဆိုင်ရာကိစ္စရပ်များ၊ အစိုးရသစ်နှင့် တပ်မတော်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေး

The Mirror Daily's photo.



နေပြည်တော် ဇန်နဝါရီ ၁၁
ဇန်နဝါရီ ၁၂ ရက်တွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကြီးသည် NCA လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံအတွက် သမိုင်းသစ်တစ်ခု၊ နိုင်ငံရေးဆွေးနွေး ပွဲအတွက် ခြေလှမ်းသစ်တစ်ရပ် စတင်ခြင်းဖြစ်ပြီး ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဟု အပြည့်အဝ မျှော်လင့်ကြောင်း၊ ထာဝရငြိမ်းချမ်းရေးနှင့် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက်ပေးနိုင်မည့် ညီလာခံကြီးအဖြစ် ယုံကြည်ပါကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang အား ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။
တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ငြိမ်းချမ်းရေးသည် နိုင်ငံ၏ အဓိကလိုအပ်ချက်တစ်ခု ဖြစ်ကြောင်း၊ NCA လက်မှတ်ရေးထိုးခြင်းသည် တိုင်းပြည် ထာဝရငြိမ်းချမ်းရေးအတွက် စာချုပ်ချုပ်ဆိုခြင်းဖြစ်ကြောင်း၊ သာမန်ပစ်ခတ်မှုရပ်စဲရေးအတွက် လက်မှတ်ရေးထိုးခြင်း မဟုတ်ဘဲ ယခင်လက်မှတ်ရေးထိုးခဲ့သည့်ပစ်ခတ်ရပ်စဲမှု စာချုပ်ပါအချက်အလက်များနှင့်လည်း ကွဲလွဲခြင်းကြောင့် ကျန်ရှိနေသည့်အဖွဲ့များအနေဖြင့် NCA ကို လက်မှတ် ရေးထိုးရန် လိုအပ်ကြောင်း၊ NCA လက်မှတ်ရေးထိုးပြီးမှသာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများမှတစ်ဆင့် မိမိတို့၏ လိုအပ်ချက်များကို ဆွေးနွေးမှု၊ တောင်းဆိုမှုများပြုလုပ်ရမည်ဖြစ်ကြောင်း၊ NCA လက်မှတ်ရေးထိုးမှသာ ယင်းအခွင့်အရေးများ မဆုံးရှုံးမှာဖြစ်၍ထပ်ကာထပ်ကာ မေတ္တာရပ်ခံနေခြင်းဖြစ်ကြောင်း၊ တပ်မတော်ရပ်တည်ချက်သည်လည်း ပြောင်းလဲမည်မဟုတ်သဖြင့် ဥပဒေနှင့်အညီ လုပ်ဆောင်ရန် တိုက်တွန်းလိုကြောင်း၊ ထာဝရငြိမ်းချမ်းရေး ရရှိခြင်းဖြင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အပြည့်အဝဆောင်ရွက် နိုင်ခြင်းကြောင့် အကျိုးကျေးဇူးများ ပိုမိုဖြစ်ထွန်းနိုင်ကြောင်း ဆွေးနွေးပြောကြားသည်။
ဧည့်သည်တော်က တရုတ်နိုင်ငံအစိုးရနှင့်တပ်မတော် အနေဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ထူးခြားသည့်ဆက်ဆံရေးအား အလေးထားပါကြောင်း၊ တရုတ်-မြန်မာ ချစ်ကြည်ရေးမူဝါဒများဖြစ်သည့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေ တည်မြဲရေးကို ထောက်ခံပါကြောင်း၊ ပြည်ပမှဝင်ရောက် စွက်ဖက်မှုများကို ဆန့်ကျင်၍ မြန်မာနိုင်ငံနှင့်ကိုက်ညီသည့်လမ်းကြောင်း ရွေးချယ်မှုကို ထောက်ခံကြောင်း၊ အမြန်ဆုံး ငြိမ်းချမ်းရေးရရှိခြင်းဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူလူထုအတွက် အကျိုးပြုခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ ကောင်းမွန်သည့် အနာဂတ်အတွက် အတတ်နိုင်ဆုံး ဆက်လက်ကူညီဆောင်ရွက်သွား မည်ဖြစ်ကြောင်းပြောကြားပြီး ငြိမ်းချမ်းရေးဖော်ဆောင်မှု ကိစ္စရပ်များ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကိစ္စ ရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ညနေပိုင်းတွင် မြန်မာနိုင်ငံအမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei SASAKAWA အား ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် အထွေထွေရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုဆိုင်ရာကိစ္စရပ်များနှင့် အစိုးရသစ်နှင့် တပ်မတော်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးကြသည်။

(မြဝတီ)

No comments: