မန္တလေး- ပြင်ဦးလွင်အတက်အဆင်းလမ်းပိတ်ဆို့မှု ရှင်းလင်းရေးအဖွဲ့ဖွဲ့စည်း
နေ့စဉ် ယာဉ်တစ်သောင်းကျော် အတက်အဆင်းရှိနေသည့် မန္တလေး-ပြင်ဦးလွင် လမ်းကြောတွင် ယာဉ်ကြောမကြာခဏပိတ်ဆို့နေသဖြင့် အချိန်မီရှင်းလင်းနိုင်ရန် လမ်းပိတ်ဆို့မှုရှင်းလင်းရေးအဖွဲ့ကို ဖွဲ့စည်းထားကြောင်း မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ဆိုသည်။
လမ်းပိတ်ဆို့မှုရှင်းလင်းရေးအဖွဲ့ကို ဒီဇင်ဘာလ ၂၉ ရက်နေ့က စတင်ဖွဲ့စည်းထားခြင်းဖြစ်ပြီး မန္တလေး- ပြင်ဦးလွင် အတက်အဆင်းလမ်းဘေးရှိ ပြင်စာကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် စုရပ်အဖြစ်ဖွင့်လှစ်ထားကြောင်း ၎င်းကဆိုသည်။
"ကားကြီးတွေ လမ်းမှာပျက်ရင် လမ်းပိတ်သွားတတ်တယ်။ အရင်က လမ်းပိတ် ဘယ်သူမှမလာဘူး။ ခုအဖွဲ့လိုက်တယ်ဆိုတော့ အရင်လို အကြာကြီးမပိတ်နိုင်ဘူး။ လမ်းမှာတွေလည်း လမ်းပိတ်ရင် ဖုန်းဆက်အကြောင်းကြားဖို့ ဖုန်းနံပါတ်ပါတဲ့ဆိုင်းဘုတ်တွေ ထောင်ထားတယ်" ဟု မန္တလေး-လားရှိုးလမ်းပိုင်းအမြဲသွားလာနေသူ ကိုငယ်( သီပေါ ) က ပြောကြားသည်။
အဆိုပါ လမ်းပိတ်ဆို့မှုရှင်းလင်းရေးအဖွဲ့တွင် ယာဉ်ထိန်းရဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများပါဝင်ပြီး အနည်းဆုံး ၁၀ ဦးဖြင့် ဖွဲ့စည်းထားကြောင်း၊ မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းရှိ ၁၆ မိုင်မှ ၂၄ မိုင်ကြားတွင် ယာဉ်ကြောပိတ်ဆို့မှု မကြာခဏဖြစ်ပွားနေသဖြင့် ယာဉ်ကြောစပိတ်ပါက ပိတ်ဆို့မှု မကြာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ဆိုသည်။
the voice
No comments:
Post a Comment