Monday, January 11, 2016

အဆိပ်သင့် အစားအစာ အန္တရာယ် ဘယ်လိုကာကွယ်မလဲ

ရန်ကုန်မြို့ လမ်းနံဘေးနှင့် ဈေးများတွင် စားသောက်ကုန်နှင့် အကင် ရောင်းချနေသည့် ဆိုင်များကို တွေ့ရစဉ်
လူ့ဘ၀တွင် ရောဂါဘယ ကင်းဝေးပြီး အသက်ရှည်စွာ နေထိုင်သွားရန် မရှိမဖြစ် လိုအပ်သည့် အရာများမှာ သန့်ရှင်းသောရေနှင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များပင် ဖြစ်ပါသည်။

လူတို့သည် အသက်ရှင် နေထိုင်နိုင်ရန် သောက်သုံးရေနှင့် အစားအသောက်များကို နေ့စဉ်စားသောက်ကာ နေကြရပါသည်။ ထိုသို့ စားသောက်ရာတွင်  နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ တူညီမှု မရှိသည်ကို တွေ့ရှိရပေသည်။

အစားအစာနှင့် ပတ်သက်၍ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် စားသုံးသူ ကာကွယ်ရေး ဥပဒေများပြဋ္ဌာန်းကာ စားသုံးသူများကို ကာကွယ်မှု အပြည့်အ၀ ပေးထားသော်လည်း ဖွံ့ဖြိုးဆဲ နိုင်ငံမျာတွင်မူ စားသုံးသူများ၏ အခွင့်အရေး ကာကွယ်မှု ပေးရာတွင် အားနည်းမှုများစွာ ရှိနေသည်ကို တွေ့ရှိရပါသည်။

မြန်မာနိုင်ငံတွင် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်၊ လူသုံးကုန် ပစ္စည်းများ၏ အရည်အသွေးနှင့် ထိန်းသိမ်းရေးအတွက် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနကို ၁၉၉၅ တွင် ကျန်းမာရေး ဦးစီးဌာန၏ ဌာနခွဲ တစ်ခုအဖြစ် စတင်တည်ထောင်ခဲ့ပါသည်။ သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၃ ခုနှစ် ဧပြီတွင် ဦးစီးဌာနအဖြစ် အဆင့်မြင့်တင်ခဲ့ပါသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ဓာတ်ခွဲခန်းများမှာ လက်ရှိအချိန်၌ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် တည်ရှိပြီး ပြည်နယ်၊ တိုင်းများနှင့် နယ်စပ်စခန်းများတွင်လည်း minilab များနှင့် test kit များဖြင့် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်၊ လူသုံးကုန် ပစ္စည်းများ၏ အရည်အသွေးကို စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် အစားအသောက် အဏုဇီဝ ဓာတ်ခွဲဌာန (ရန်ကုန်) အား နိုင်ငံတကာ အသိအမှတ်ပြု ဓာတ်ခွဲခန်း တစ်ခုအဖြစ် ပေါ်ပေါက်လာစေရေးအတွက် ISO 17025 လက်မှတ် ရရှိစေရေးကို ဆောင်ရွက်လျက်ရှိပြီး ဆေးဝါးဓာတ်ခွဲဌာန (နေပြည်တော်) ကိုလည်း ISO 17025 လက်မှတ် ရရှိစေရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

ထို့ပြင် ၁၉၉၇ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် အမျိုးသား အစားအသောက် ဥပဒေအား ပြင်ဆင်သည့် ဥပဒေကို၂၀၁၃ ခုနှစ် သြဂုတ်တွင် ပြင်ဆင်ပြဋ္ဌာန်းနိုင်ခဲ့ပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန အနေဖြင့် အမျိုးသား အစားအသောက် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်အတွင်း ထုတ်လုပ်၊ တင်ပို့၊ တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချလျက်ရှိသော အစားအသောက်များ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရှိရပါသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် မတ်လ ၁၄ ရက်တွင် စားသုံးသူ ကာကွယ်ရေး ဥပဒေကို ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းပေးခဲ့သော်လည်း လက်ရှိအချိန်ထိ နည်းဥပဒေကို ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးပေ။

■ စားသုံးသူများအတွက် အန္တရာယ်

မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ရှိသော်လည်း ဟင်းသီးဟင်းရွက်မှအစ မုန့်ပဲသရေစာအထိ အလုံးစုံသော ကုန်ပစ္စည်းများတွင် ဓာတုဆေးဝါးများ ပါရှိနေခြင်းကြောင့် စားသုံးသူများ အနေဖြင့် နေ့စဉ်လိုလို အစာအဆိပ်များကို စားသုံးနေကြရပါသည်။

တိုင်းပြည်၏ ဖွံ့ဖြိုးမှု နောက်ကျခြင်းကို အခွင့်ကောင်းယူကာ ၀ိသမလောဘသမားများမှာ လူသားချင်း စာနာစိတ် ကင်းမဲ့စွာဖြင့် အစားအသောက်များထဲတွင် လူများကို အန္တရာယ်ပေးနိုင်သည့် ဆိုးဆေး၊ ပိုးသတ်ဆေး၊ ဓာတုဆေးဝါးများနှင့် တာရှည်ခံဆေးဝါးများကို အသုံးပြုလာခြင်းကြောင့် အစားအစာများ၏ အန္တရာယ်မှာ လူ့အသက်များကို ခြိမ်းခြောက်လို့ လာနေပါသည်။

ဟင်းသီးဟင်းရွက် အသားငါးများတွင် ပိုးသတ်ဆေးနှင့် ဓာတုဆေးဝါးများကို အသုံးပြုလာသည့်အပြင် ငါးပိ၊ ငါးခြောက်တို့တွင်လည်း ဓာတ်မြေသြဇာနှင့် ဆိုးဆေးများကို အသုံးပြုလာကြောင်း သိရှိရပါသည်။

ထို့ပြင် အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းလာသည့် အချိုမှုန့်၊ အသားမှုန့်နှင့် မုန့်မျိုးစုံများကလည်း စားသုံးသူများ၏ အသက်ကို တဖြည်းဖြည်း အမှည့်ခြွေသလို ခြွေနေပါသည်။

“အစ်မတို့ကတော့ ဈေးဝယ်ရင် ကိုယ်ဝယ်နေကြ ဆိုင်မှာပဲ ၀ယ်တယ်။ ခုခေတ်မှာ ဘယ်ကိုမှ စိတ်မချရတော့ဘူး။ ဈေးထဲမှာ ဟင်းသီးဟင်းရွက်ကစလို့ အသားငါးအထိ ကိုယ်ဝယ်နေကျ ဆိုင်မှာပဲ ၀ယ်တာကောင်းပါတယ်။ နို့မို့ဆို ဈေးသည်တွေကလည်း အမျိုးမျိုးလုပ်ပြီး ရောင်းနေတော့ တခြားကိုယ့်နဲ့မသိတဲ့ ဆိုင်တွေဆို မ၀ယ်ရဲဘူး။ အချိုမှုန့်ကတော့ အန္တရာယ်ရှိတယ် ဆိုတာကို ကြားကတည်းက ရှောင်လိုက်တာ။ အသားမှုန့် ပြောင်းသုံးနေတာပေါ့။ ခုလည်း ကြားနေရတာပဲ။ အသားမှုန့်က အချိုမှုန့်ထက် ပိုဆိုးတယ် ဆိုပြီးတော့။ အဲဒါတွေကြားရင် တစ်နေ့တစ်နေ့ စားရမှာတောင် ကြောက်ကြောက်လာတယ်” ဟု ရန်ကုန်မြို့တွင်းမှ အိမ်ရှင်မ တစ်ဦးက ဆိုပါသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဟု သတ်မှတ်ထားသည့် ရန်ကုန်မြို့တွင် နိုင်ငံတကာမှ ကုန်ပစ္စည်းများစွာ ၀င်ရောက်လျက်ရှိပြီး အနယ်နယ် အရပ်ရပ်မှ ဒေသထွက်ကုန် ပစ္စည်းမှာလည်း စဉ်ဆက်မပြတ် ရောင်းဝယ် ဖောက်ကားနေသည်ကို မိတ်ဆွေများ အနေဖြင့် မြင်တွေ့ဖူးကြပါလိမ့်မည်။

မြန်မာနိုင်ငံတွင် ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားလာသည့်အတွက် လက်လုပ်လက်စား အခြေခံ လူတန်းစားများ အနေဖြင့် မိမိတို့၏ ကျန်းမာရေးကို ငဲ့ကွက်ခြင်း မရှိဘဲ တန်ဖိုးနည်းပါးသည့် အစားအစာများကိုသာ ရွေးချယ်ဝယ်ယူ စားသောက်နေကြ ရပါသည်။

ထိုသို့ ဈေးပေါပေါဖြင့် ရောင်းချနိုင်ရန် ကုန်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းရှင်များ အနေဖြင့် အာဟာရပြည့်ဝသည့် ကုန်းပစ္စည်းများ နေရာတွင် ဈေးပေါသည့် ဓာတုပစ္စည်းများကို အသုံးပြုလာသည့်အတွက် အခြေခံ လူတန်းစားများ စားသောက်နေရသည့် အစားအစာများမှာ အဆိပ်အတောက်များ ဖြစ်လာပါသည်။

“ဦးတို့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ သူတွေဆိုတော့ သိပ်ပြီး မစဉ်းစားနိုင်ဘူး။ အဓိကက ဗိုက်ပြည့်သွားဖို့ပဲ။ အိမ်စရိတ်ကလည်း ရှိနေတော့ လမ်းမှာဖြစ်သလို စားလိုက်တယ်။ ဦးက တောင်ဒဂုံကနေ ဒီမှာ ဆိုက္ကားလာနင်းတာ။ အိမ်ကို သုံးလေးရက်လောက်မှ တစ်ခေါက်ပြန်ဖြစ်တယ်။ သားသမီးတွေကလည်း ကျောင်းတက်နေတော့ အိမ်စရိတ်နဲ့ သူတို့ကျောင်းစရိတ်လေး ကာမိအောင် ချွေတာပြီးတော့ စားရတာပေါ့။ နို့မို့ဆို မလွယ်ဘူး” ဟု ပန်းဘဲတန်း မြို့နယ်မှ အနှေးယာဉ် လုပ်သားတစ်ဦးက ဆိုပါသည်။

င်္ီ■ FDA ၏ လုပ်ဆောင်ချက်

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန အနေဖြင့် အစားအသောက်လုပ်ငန်း ကွပ်ကဲခြင်းနှင့် ပတ်သက်၍ ပြည်တွင်း အစားအသောက် ထုတ်လုပ်ခြင်းကို ကြီးကြပ်ကွပ်ကဲခြင်း၊ ပြည်ပမှ တင်သွင်းသည့် အစားအသောက်များကို ကြီးကြပ်ကွပ်ကဲခြင်း၊ ပြည်ပသို့ တင်ပို့မည့် အစားအသောက်များကို ကြီးကြပ်ကွပ်ကဲခြင်းနှင့် ဈေးကွက်ထောက်လှမ်း စောင့်ကြည့်ခြင်း စသည့် အပိုင်းလေးပိုင်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ပြည်တွင်းရှိ အစားအသောက် ထုတ်လုပ်ခြင်း လုပ်ငန်းများ စိစစ်ရာတွင် လုပ်ငန်းများအား ကောင်းမွန်သော ထုတ်လုပ်မှု (Good Manufacturing Practice)။ ဘေးအန္တရာယ် ဖြစ်နိုင်ခြေ စိပ်ဖြာထိန်းချုပ်ခြင်း (Hazard Analysis and Critical Control Point) နှင့်အညီ ဆောင်ရွက်ခြင်း ရှိမရှိ စိစစ်ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် သြဂုတ် ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ကန်တော်ကြီး ပဲလေ့ (စ်) ဟိုတယ်၌ ကျင်းပခဲ့သည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန အလုပ်ရုံ ဆွေးနွေးပွဲတွင် FDA အစားအသောက် ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းဇော်က “ပထမပိုင်းဖြစ်တဲ့ ပြည်တွင်း အစားအသောက် ထုတ်လုပ်ခြင်း ကြီးကြပ်ကွပ်ကဲတဲ့ ကိစ္စကို တင်ပြပါ့မယ်။ ပြည်တွင်းမှာ အစားအသောက် ထုတ်လုပ်တဲ့ စက်ရုံအလုပ်ရုံ လုပ်ငန်းတွေက လုပ်ငန်းများအား ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP) နဲ့ ကိုက်ညီခြင်း ရှိမရှိကို စိစစ်ဆောင်ရွက်ပါတယ်။ ဆောင်ရွက်တဲ့ အခါမှာ ပြည်တွင်း အစားအသောက် ထုတ်လုပ်တဲ့ လုပ်ငန်းတွေက GMP ကို ကျင့်သုံးခြင်း ရှိမရှိ နောက်တစ်ခုက ဘေးအန္တရာယ် ဖြစ်နိုင်ခြေ စိပ်ဖြာထိန်းချုပ်ခြင်း (HACCP) ဆောင်ရွက်ခြင်း ရှိမရှိကို အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေး စီမံခန့်ခွဲမှု စနစ်တွေကို သက်ဆိုင်ရာ စက်ရုံအလုပ်ရုံ လုပ်ငန်းအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေတာတွေဟာ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှု ရှိမရှိကို ကျွန်တော်တို့က စိစစ်ဆောင်ရွက်ပါတယ်။ ဒါက ပြည်တွင်း ထုတ်လုပ်တဲ့ လုပ်ငန်းတွေ အတွက်ကို စိစစ်တဲ့ အပိုင်းပါ” ဟု ပြောကြားသည်။

မြန်မာနိုင်ငံ၌ FDA မှ အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက် ထုတ်ပေးပြီးသည့် လုပ်ငန်းများ စာရင်းအရ ထောက်ခံချက် အမှတ် စ-၁ သောက်ရေသန့် လုပ်ငန်းများ ၈၁၆ ခု၊ စ-၂ ယိုစုံ၊ ဂျယ်လီ စသည့် လုပ်ငန်းများ ၄၃ ခု၊ စ-၃ နို့နှင့် နို့ထွက်ပစ္စည်း လုပ်ငန်းများ ၂၇ ခု၊ စ-၄ အချိုရည်၊ ကော်ဖီမစ်စသည့် လုပ်ငန်းများ ၁၀၂ ခု၊ စ-၅ အပူမီးဖုတ် လုပ်ငန်းများ ၁၀၆ ခု၊ စ-၆ Sauce လုပ်ငန်းများ ၂၁ ခု၊ စ-၇ အရက်အမျိုးမျိုး ၂၁ ခု၊ စ-၈ စည်သွတ်ဘူး လုပ်ငန်းများ ၁၄ ခု၊ စ-၉ အမှုန့်ကြိတ် လုပ်ငန်းများ ၃၁ ခု၊ စ-၁၀ ရေခဲမုန့်၊ ရေခဲချောင်း လုပ်ငန်းများ ငါးခု၊ စ-၁၁ သကြားလုံး လုပ်ငန်းများ ၁၃ ခု၊ စ-၁၂ စားသုံးဆီ လုပ်ငန်းများ ၂၃ ခု၊ စ-၁၃ အသားလုံးလုပ်ငန်း ၁၇ ခု၊ စ-၁၄ နေကြာစေ့ လုပ်ငန်းများ သုံးခု၊ သ-၁ လက်ဖက်နှင့် အကြော်စုံ လုပ်ငန်းများ ၃၂ ခု၊ သ-၂ ငါးပိထောင်း လုပ်ငန်းများ ၁၅ ခု၊ သ-၃ မြန်မာ့အစားအစာများ ၁၅ ခု၊ သ-၄ အစားအသောက် လက်လီထုပ်ပိုးခြင်း ၁၅ ခု၊ သ-၅ အသားပြား လုပ်ငန်း (Processed food) တစ်ခု လုပ်ငန်း စုစုပေါင်း ၁၃၂၀ ခုကို ထောက်ခံချက်လက်မှတ် ထုတ်ပေးခဲ့ကြောင်း သိရသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန အနေဖြင့် အပိုင်းလေးပိုင်းခွဲ၍ လုပ်ဆောင်မှုများ ရှိသော်လည်း ဈေးကွက်ထဲ၌ ရှိနေသည့် ကုန်ပစ္စည်းများမှာ ၎င်းတို့ စိစစ်ပြီးသည့် လမ်းကြောင်းမှ ရောက်လာသော ပစ္စည်းချည်းဟု မဆိုနိုင်ကြောင်းနှင့် ပြည်တွင်းသို့ တရားမ၀င် တင်သွင်းလာသည့် ပစ္စည်းများလည်း ရှိနိုင်ကြောင်း ဒေါက်တာ ထွန်းဇော်က ပြောကြားသည်။

“အမှန်တကယ် ဈေးကွက်ထဲမှာ ဒီလမ်းကြောင်းတွေက ရောက်လာတဲ့ ပစ္စည်းတွေချည်းပဲလို့ ကျွန်တော်တို့ စိစစ်စစ်ဆေးပြီးသားလို့တော့ ယူဆလို့ မရပါဘူး။ ပြည်တွင်း ထုတ်လုပ်တဲ့ လုပ်ငန်းမှာလည်း ဘယ်မှာထုတ်လုပ်မှန်း မသိတဲ့ ချောင်ကြိုချောင်ကြားက အိမ်တွင်းမှု အဆင့်လောက်ကနေ ထွက်လာတဲ့ စားသောက်ကုန်တွေလည်း ဈေးကွက်ထဲမှာ ရှိနိုင်တယ်။ ပြည်တွင်းကို တရားမ၀င် လမ်းကြောင်းကနေ တင်သွင်းလာတဲ့ ပစ္စည်းတွေလည်း ရှိနိုင်တယ်။ ဒါဆိုရင် ကျွန်တော်တို့လည်း မသိနိုင်ဘူး။ တရားမ၀င် တင်သွင်းပါတယ်ဆိုမှတော့ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ မသိအောင် နည်းလမ်းပေါင်းစုံနဲ့ တင်သွင်းလာတာ ဖြစ်နိုင်ပါတယ်။ အဲဒါတွေက ဈေးကွက်ထဲကို အမှန်တကယ် ရောက်လာမှာပဲ။ ဒါကြောင့်မို့ ဈေးကွက်ထဲကို အမှန်တကယ် ရောက်နေတဲ့ ပစ္စည်းတွေ စားသောက်ကုန်တွေ အရည်အသွေး ပြည့်မီရေးနဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးကို အခုဈေးကွက် ထောက်လှမ်းစောင့်ကြည့်ရေးဆိုတဲ့ အစီအစဉ်မျိုးနဲ့ ထောက်လှမ်းပြီး စောင့်ကြည့်ပြီးတော့ ဆောင်ရွက်ရတယ်” ဟု ဒေါက်တာ ထွန်းဇော်က ပြောကြားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနရှိ ကုန်သွယ်ရေး ဦးစီးဌာန၏ ၂၀၁၅ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ ထုတ်ပြန်ထားသည့် Mobile Team အဖွဲ့မှ ဖမ်းဆီးရမိသည့် အမှုတွဲပေါင်း (၆၇၉၁)၊ ခန့်မှန်းတန်ဖိုး ကျပ်သန်းပေါင်း (၄၅၅၆၅ ဒသမ ၇၃၂) သန်း ရှိသည့်အနက် စားသုံးသူ အကာအကွယ် ပေးရေးအတွက် ဖျက်ဆီးခဲ့ရသည့် ပစ္စည်းများ၏ စာရင်းမှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဖျက်ဆီးခဲ့သည့် အမှုတွဲ ၁၆၇ မှုရှိကာ ခန့်မှန်းတန်ဖိုး ကျပ်သန်းပေါင်း ၂၇၄ ဒသမ ၀၀၆ ကိုလည်းကောင်း၊၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဖျက်ဆီးခဲ့ရသည့် အမှုတွဲ ၁၂၇ မှုရှိကာ ခန့်မှန်းတန်ဖိုး ကျပ်သန်းပေါင်း ၃၉၁ ဒသမ ၈၅၅ ကိုလည်းကောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဖျက်ဆီးခဲ့ရသည့် အမှုတွဲ ၂၂၃ မှုရှိကာ ခန့်မှန်းတန်ဖိုး ကျပ်သန်းပေါင်း ၇၃၈ ဒသမ ၄၅၉ ကိုလည်းကောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဖျက်ဆီးခဲ့ရသည့် အမှုတွဲ ၂၀၄ မှုရှိကာ ခန့်မှန်းတန်ဖိုး ကျပ်သန်းပေါင်း ၈၂၅ ဒသမ ၄၀၀ ကိုလည်ကောင်း စုစုပေါင်း ဖျက်ဆီးခဲ့သည့် အမှုတွဲ ၇၂၁ မှုရှိပြီး ခန့်မှန်းတန်ဖိုး ကျပ်သန်းပေါင်း ၂၂၂၉ ဒသမ ၇၂၀ ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ အိမ်နီးချင်း နိုင်ငံများမှ တရားမ၀င် ၀င်ရောက်လာသည့် ကုန်ပစ္စည်းများထဲတွင် မြန်မာနိုင်ငံမှ အခြေခံ လူတန်းစားများကို အသက်တိုစေမည့် အဆိပ်အတောက် ကုန်ပစ္စည်းများ ပါဝင်နေမည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။

■ ပြည်တွင်းဖြစ် သေမင်းတမန်ဆိုးဆေးများ

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန အနေဖြင့် လူတို့ဖန်တီးထားသော ဓာတုဆိုးဆေးများ၌ အစားအသောက်များတွင် သုံးစွဲရန် ခွင့်ပြုထားသည့် ဆိုးဆေးများ ရှိသကဲ့သို့ အစားအသောက်များတွင် မသုံးစွဲရန် တားမြစ်ထားသော ဆိုးဆေးလေးမျိုးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အများဆုံး တွေ့ရှိရသော အစားအသောက်တွင် သုံးစွဲခွင့် မပြုသည့် ဆိုးဆေးလေးမျိုးမှာ Auramine (O)၊ Rhodamine(B)၊ Sudan Dyes၊ Orange || တို့ဖြစ်ပါသည်။

Auramine (O) (အ၀ါရောင်) ဆိုးဆေးကိုချည်၊ သိုးမွှေး၊ ပိုးထည်၊ စက္ကူ၊သားရေများအား အရောင်ဆိုးရာတွင် အသုံးပြုခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၌ လက်ဖက်များတွင် အများဆုံး အသုံးပြုသည်ကို တွေ့ရှိရပါသည်။ ယင်းဆိုးဆေးကို စားသုံးမိလျှင် အဆိပ်အတောက် မဖြစ်သော်လည်း ရေရှည်တွင် ခန္ဓာကိုယ် ကြီးထွားမှုကို ထိခိုက်စေခြင်း၊ အသည်းနှင့် ကျောက်ကပ်များ ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

ွRhodamine(B) (ပန်းရောင်) ဆိုးဆေးကို ရောဂါရှာဖွေရာ၌ အသုံးပြုသည့်အပြင် ချည်၊ သိုးမွှေး၊ ပိုးထည်၊ စက္ကူ၊ သားရေများ အရောင်ဆိုးရာတွင် အသုံးပြုလျက်ရှိပြီး ငါးပိများကို အညိုရောင်မှ ပန်းရောင်အဖြစ် အမြင်လှစေရန် အဓိက အသုံးပြုကြောင်း သိရသည်။ ယင်းဆိုးဆေးကို စားသုံးမိလျှင် အစာအိမ် အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက် အာရုံကြော ထိုင်းမှိုင်းခြင်း စသည့် လတ်တလော ဆိုကျိုးများ ဖြစ်ပေါ်စေပါသည်။

Sudan Dyes (အနီရောင်) ဆိုးဆေးကို ဖိနပ်နှင့် သားရေများတွင် အရောင်ဆိုးသော ဆိုးဆေးဖြစ်ပြီး ငရုတ်သီးမှုန့် အရောင်တင်မှုန့်များတွင် အများဆုံး အသုံးပြုကြောင်း တွေ့ရသည်။ ယင်းဆိုးဆေးကို စားသုံးမိလျှင် အသည်းကို အဆိပ်အတောက် ဖြစ်စေပြီး ကျောက်ကပ် ပျက်စီးခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။

Orange || (လိမ္မော်ရောင်) ဆိုးဆေးကို ငရုတ်သီးမှုန့်၊ ယိုစုံ၊ ပဲနီလေး စသည်တို့ကို အရောင်လှစေရန် အသုံးပြုကြပြီး အစာအိမ် အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက် အာရုံကြော ထိုင်းမှိုင်းခြင်း စသော လတ်တလော ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်။

အစားအသောက်များကို ဖြန့်ဖြူးရောင်းချသူများ အနေဖြင့် အစားအသောက်ထဲတွင် သုံးစွဲရန် ခွင့်မပြုထားသော ဓာတုဆိုးဆေးများကို လုံးဝအသုံးမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက အမျိုးသား အစားအသောက် ဥပဒေပုဒ်မ ၂၈ (က) အရ တရားစွဲဆို အရေးယူသွားမည်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ထုတ်ပြန်ထားပြီး အမျိုးသား အစားအသောက် ဥပဒေအား ပြင်ဆင်သည့် ဥပဒေတွင် ပုဒ်မ၂၈၊ ပုဒ်မခွဲ (က) ၌ ပါရှိသော “ငွေဒဏ်ကျပ် ၃၀၀၀၀ အထိ” ဆိုသည့် စကားရပ်ကို “ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်ဟု ဒဏ်ငွေတိုးမြှင့် သတ်မှတ်ထားသည်ကို တွေ့ရသည်။

■ ရေမသန့်ဘူးများ

၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က ကျန်းမာရေး ဦးစီးဌာနမှ အရည်အသွေး အာမခံချက် မရှိသော သောက်ရေသန့် ၂၂ မျိုးကို အများပြည်သူ သိရှိရန် အသိပေး ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။

ဈေးကွက် ထောက်လှမ်း စိစစ်ချက်အရ ယင်းသောက်ရေသန့် ၂၂ မျိုးမှာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ အရည်အသွေး စိစစ်ထောက်ခံထားသည့် သောက်ရေသန့်များ မဟုတ်ပါကြောင်းနှင့် သောက်ရေသန့် သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိကြောင်း တွေ့ရှိရပါသဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်းကို ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားပါသည်။

အဆိုပါ ရေသန့် ၂၂ မျိုးမှာ ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေသည့် ရေသန့်များ ဖြစ်သည်ကို တွေ့ရှိရပြီး ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဗိုလ်တထောင်မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)နှင့် ထန်းတပင်မြို့နယ်များတွင် ထုတ်လုပ် ဖြန့်ဖြူး ရောင်းချနေကြောင်းကို တွေ့ရှိရသည်။

ရန်ကုန်မြို့တွင် လူနေမှုစရိုက် ပြောင်းလဲလာသည်နှင့်အမျှ ကျန်းမာရေး ကောင်းမွန်ရန်အတွက် ရေသန့်သောက်သုံးသည့် အလေ့အထမှာ လူတို့၏ အသိဥာဏ်တွင် ထင်ရှားလာသည့် ခေတ်ပေါ်အယူအဆတစ်ရပ် ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံတွင် FDA မှ အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက် ထုတ်ပေးပြီးသည့် လုပ်ငန်းများ စာရင်းအရ သောက်ရေသန့် လုပ်ငန်းများ ၈၁၆ ခု လုပ်ကိုင်ခွင့် ရရှိထားသော်လည်း မြို့စွန်များတွင် တစ်ပိုင်တစ်နိုင် ရေသန့်စက်လေးများဖြင့် ထုတ်လုပ်နေသော ရေသန့်လုပ်ငန်းများကိုမူ FDA မှ ထိန်းသိမ်းနိုင်ခြင်း မရှိသောကြောင့် ယခုကဲ့သို့ တရားမ၀င် aရသန့်များ ထွက်ပေါ်နေခြင်း ဖြစ်ပါသည်။

“သောက်ရေသန့်ကတော့ ကိုယ့်ရပ်ကွက်ထဲမှာ ရောင်းတဲ့ တံဆိပ်ကိုပဲ ရွေးချယ် သောက်ရတာပေါ့။ FDA ရဲ့ အရည်အသွေး ထောက်ခံချက် ရှိမရှိတော့ မသိဘူး။ တစ်ခါတလေ အမှိုက်တွေပါတာတို့ ရေအနံ့အသက် မကောင်းတာတို့ဆို ရေလာပို့တဲ့သူကို ပြောလိုက်တယ်” ဟု ဒဂုံမြို့သစ် တောင်ပိုင်းတွင် နေထိုင်သည့် ဦးထွန်းနိုင်ဦးက ပြောကြားသည်။

ထိုသို့ မြို့စွန်များတွင် ထုတ်လုပ် ရောင်းချနေသည့် FDA ထောက်ခံချက် ရယူထားခြင်း မရှိသော ရေသန့်များကို စိစစ်၍ အရေးယူ ဆောင်ရွက်ပေးရန် ရေသန့် လုပ်ငန်းရှင်များကလည်း တောင်းဆိုလျက် ရှိကြသည်။

င်္ီFDA ထောက်ခံချက် မရှိသည့် တစ်ပိုင်တစ်နိုင် ထုတ်လုပ်လျက်ရှိသော ရေသန့်များမှာ သန့်ရှင်းမှု မရှိခြင်းနှင့် ရေ၌ပါဝင်သည့် ပိုးမွှားများကြောင့် ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်နိုင်သည့်အပြင် အသည်းရောင် ရောဂါများပါ ဖြစ်နိုင်ကြောင်း ဒေါက်တာ စစ်နိုင်က ပြောကြားသည်။

“ရေက လောလောဆယ် ချက်ချင်း ကြောက်ရတာကတော့ ပိုးမွှားပါတာပေါ့။ ဒါ့ပြင် မမြင်ရတဲ့ အမှုန်အနည် ပါရင်တော့ ပိုဆိုးတာပေါ့။ အရင်တုန်းကတော့ ရေသန့်တချို့မှာ အမှုန်အနည်တွေက ကြည့်လိုက်ရင် ဒီအတိုင်း တွေ့ရတာတောင် ရှိတယ်။ ဒါတွေက ၀မ်းလျှော ၀မ်းပျက် ရောဂါအပြင် အသည်းရောင်တာဘက်ကိုပါ ကူးစက်လာ နိုင်တာပေါ့။ ကျန်တာကတော့ သူ့အထဲမှာ ဘာဓာတ်ပါလာနိုင်မလဲ။ ခဲဓာတ် ပါနေမလား။ အာစင်းနစ် ပါနေတာလား။ ဘယ်က ထွက်လာတဲ့ရေကို ကောက်ထည့်ထားတာလဲပေါ် မူတည်ပြီး အခြားသော ဓာတ်ပစ္စည်းတွေ ပါနိုင်တာပေါ့။ အဲဒါတွေက ရေရှည်အကြာကြီး သောက်ရင် အန္တရာယ်ရှိတဲ့ ဟာတွေပေါ့။ ချက်ချင်းကတော့ ခုနက ၀မ်းလျှောဝမ်းပျက်တို့ အသည်းရောင်တာတို့ ဖြစ်နိုင်တာပေါ့” ဟု ဒေါက်တာ စစ်နိုင်က ဆိုသည်။

■ နည်းဥပဒေ မထွက်သေးတဲ့ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ

စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေကို ၂၀၁၄ ခုနှစ် မတ် ၁၄ ရက်တွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းပေးခဲ့ပါသည်။

အခန်းပေါင်း ၁၂ ခန်းပါဝင်ပြီး ပုဒ်မ ၃၁ ခုပါဝင်သည့် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေကို ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းပေးခဲ့သော်လည်း ယနေ့အချိန်ထိ နည်းဥပဒေကို ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးပေ။

နည်းဥပဒေ မထွက်ရှိလာသေးသည့်အတွက် ဌာနဆိုင်ရာများ အနေဖြင့် အရေးယူသည့် အပိုင်းတွင် စိုးရိမ်မှုများ ရှိနေကြောင်း အရပ်ဘက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် မြန်မာစားသုံးသူများ သမဂ္ဂမှ အတွင်းရေးမှူး ဦးမောင်မောင်က ထောက်ပြပြောဆိုသည်။

“ကာကွယ်ရေး ဥပဒေက နည်းဥပဒေ မထွက်သေးတော့ ဌာနဆိုင်ရာ သဘောအရ အကုန်လုံးက သုံးရမှာ စိုးရိမ်နေတယ်။ တခြားနိုင်ငံမှာဆိုရင် ဥပဒေတစ်ခု ထုတ်တော့မယ်ဆိုရင် နည်းဥပဒေတွေက အဆင်သင့် ဖြစ်နေပြီးသား။ ဥပဒေကို ထုတ်လိုက်ပြီဆိုတာနဲ့ နည်းဥပဒေက ချက်ချင်းလိုက်တာ။ ကျွန်တော်တို့ တိုင်းပြည်မှာကျတော့ အဲဒီလိုမဟုတ်ဘဲနဲ့ နည်းဥပဒေကို အချိန်အကြာကြီး ဆွဲထားတဲ့အတွက် အဲဒီမှာ လစ်ဟာမှုတွေ အများကြီး ဖြစ်သွားရတာပေါ့။ အဲဒါလေးတွေက ကျွန်တော်တို့တွေ လောလောဆယ် ရင်ဆိုင်ခံစား နေရတာပေါ့” ဟု ဦးမောင်မောင်က ဆိုသည်။

ဥပဒေတစ်ခု ထွက်ရှိပြီးပါက နည်းဥပဒေမှာ ပျမ်းမျှ ရက်ပေါင်း ၉၀ အတွင်း ထွက်ရှိရမည်ဟု ပြဋ္ဌာန်းထားသော်လည်း ယနေ့ထိ  စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ၏ နည်းဥပဒေ ထွက်ရှိလာခြင်း မရှိသည့်အပေါ် စားသုံးသူရေးရာ ကျွမ်းကျင်သူ ဦးရန်လင်းက “နည်းဥပဒေက သုံးလအတွင်းမှာ ထွက်ရမှာ။ ဒါပေမဲ့ ထွက်မလာဘူး။ တမင်လုပ်လို့ မရအောင်ဘဲ ထားသလား။ နောက်ပြောရရင် လွှတ်တော်က မသိဘူးဆိုပြီး သိမ်းထားတာတွေ ရှိတယ်။ လွှတ်တော် စတက်တုန်းက ဥပဒေက အခုမှ ပြန်ပေါ်တာလည်း ရှိတယ်။ မရိုးသားဘူးလို့ ထင်တာပေါ့နော်။ နောက်တစ်ခုက သက်ဆိုင်ရာ ၀န်ကြီးပိုင်းကလည်း ဒီမှာပြောလိုက်မယ်ဆိုရင် ပြောစရာက အပြစ်တွေကြီးပဲ၊ အဲဒါ လုပ်မရမယ့် အတူတူ ခေါက်ထားရုံပဲ ရှိတယ်။ တချို့ဟာတွေက လုပ်လို့မရအောင် တမင်လုပ်ထားတယ်လို့ ယူဆတယ်” ဟု  ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားသည်။

ထို့သို့ နည်းဥပဒေ မထွက်ရှိသည့်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနတွင် အဓိက တာဝန်ရှိကြောင်းကို မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောဆိုလိုက်သည်။

“ကျွန်တော်ထင်တယ်။ အဲဒီဥပဒေက လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က တစ်နှစ်ခွဲလောက်တောင် ရှိပြီထင်တယ်။ အမှန်ကတော့ အဲဒီဥပဒေထွက်ပြီး ရက်ပေါင်းကိုးဆယ် သုံးလနေရင် နည်းဥပဒေ ထွက်ရတယ်။ နည်းဥပဒေထွက်မှ အဲဒီဥပဒေကို အသုံးပြုပြီးတော့ တရားစွဲလို့ရတယ်။ နည်းဥပဒေ မထွက်တော့ ကျွန်တော်တို့ အနေနဲ့ရော၊ တခြားအသင်း အဖွဲ့တွေရော NGO တွေရော ဘာမှလုပ်လို့မရဘူး ။ ဥပဒေကို ဒီအတိုင်း အလှကြည့်နေရတယ်။ နည်းဥပဒေ ဘာဖြစ်လို့ မထွက်သေးတာလဲ ထွက်ဖို့လုပ်ပါလို့ သူတို့နဲ့ အစည်းအဝေးတွေမှာလည်း ပြောတယ်။ ဒါပေမဲ့ အခုအချိန်ထိ မထွက်သေးဘူး။ တစ်နှစ်ခွဲလောက် ရှိတဲ့အထိ နည်းဥပဒေ မထွက်ဘူးဆိုတာက သူတို့မှာ တာဝန်ရှိတာပေါ့။ စီးပွားကူးသန်း ဌာနမှာပေါ့” ဟု ဦးဗအုပ်ခိုင်က ပြောကြားသည်။

■ ဘယ်လို ကာကွယ်ကြမလဲ

မြန်မာနိုင်ငံတွင် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်၊ လူသုံးကုန် ပစ္စည်းများ၏ အရည်အသွေးနှင့် ထိန်းသိမ်းရေးအတွက် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနကို ၁၉၉၅ ခုနှစ်တွင် ကျန်းမာရေး ဦးစီးဌာန၏ ဌာနခွဲတစ်ခုအဖြစ် စတင်တည်ထောင်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်လက်ထက်၂၀၁၃ ခုနှစ် ဧပြီတွင် ဦးစီးဌာနအဖြစ် အဆင့်မြှင့်တင်ခဲ့ပါသည်။

ထို့ပြင် ၁၉၉၇ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် အမျိုးသား အစားအသောက် ဥပဒေအား ပြင်ဆင်သည့် ဥပဒေကို ၂၀၁၃ ခုနှစ် သြဂုတ်တွင် ပြင်ဆင်ပြဋ္ဌာန်းနိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ် မတ် ၁၄ ရက်တွင် စားသုံးသူ ကာကွယ်ရေး ဥပဒေကိုလည်း ပြည်ထောင်စု လွှတ်တော်မှ ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါသည်။

ထိုသို့ စားသုံးသူများကို အကာအကွယ်ပေးမည့် ဌာနဆိုင်ရာ အဖွဲ့အစည်းတစ်ခု ရှိသည့်အပြင် ဥပဒေများလည်း ပြဋ္ဌာန်းထားသည့်အတွက် စားသုံးသူ ကာကွယ်ရေးကို မည်သို့လုပ်ဆောင်လျှင် ထိရောက်မှု ရှိနိုင်မည်နည်းဆိုသည့် မေးခွန်းက အားလုံးပါဝင် စဉ်းစားရတော့မည့် အခြေအနေ တစ်ခုသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး စားသုံးသူရေးရာ ကျွမ်းကျင်သူ ဦးရန်လင်းက “FDA က နိုင်ငံတကာမှာဆိုရင် တတိယ အဖွဲ့အစည်းပဲ။ ကျွန်တော်တို့မှာတော့ အဲဒီလို မဟုတ်ဘူး ဖြစ်နေတယ် FDA က အစိုးရဌာနတစ်ခုလို ဖြစ်နေတယ်။ ဒါကတော့ ၀မ်းနည်းစရာ ကောင်းပါတယ်။ FDA နဲ့ ပူးတွဲဆောင်ရွက်တဲ့အခါ ဘာတွေ့ရလဲဆိုတော့ FDA က ထွက်သမျှ စားသောက်ကုန် ပစ္စည်းတွေ ဆေးတွေက သူ့ရဲ့တံဆိပ် မပါဘဲနဲ့ မရောင်းရဘူး ဆိုတဲ့ဟာမျိုး ဖြစ်သင့်ပါတယ်။ အခုတော့ အဲဒီလို မဟုတ်ဘူး။ သူ့ဆီကို လာတင်ပေးတဲ့ ပစ္စည်းတွေတော့ သူစစ်ပေးတယ်။ သူတို့ကို မပြောဘဲနဲ့ ဒီတိုင်းရောင်းတဲ့သူတွေ ရှိတယ်။အမှန်တကယ် ဖြစ်ရမှာက ဥပဒေမှာ FDA က စစ်ဆေးပြီးမှ ရောင်းရမယ်ဆိုတဲ့ ဥပဒေမျိုး ရှိဖို့ကောင်းပါတယ်။ အခုက အဲဒီလို မဟုတ်ဘူး နောက်တစ်ခါ FDA က ဘာဖြစ်လဲဆိုတော့ သူရဲ့ဓာတ်ခွဲခန်းက သူ့ဆီကို လာပို့တဲ့ အစားအသောက် အကုန်လုံးကိုတောင် အလျင်မီအောင် မစစ်ပေးနိုင်ဘူး။ အဲဒါကြောင့် ဈေးကွက်ထဲက ပစ္စည်းစစ်ဖို့ဆိုတာ ဝေလာဝေးပဲ” ဟု သုံးသပ် ပြောကြားသည်။

ထို့ပြင် စားသုံးသူများကို အကာအကွယ် ပေးမည်ဆိုလျှင် FDA ဌာနအပြင်၊ အစိုးရ ဌာနပေါင်းစုံ၊ လူမှုအဖွဲ့အစည်းများနှင့် စားသုံးသူများကပါ ပူးပေါင်းလုပ်ဆောင်မှသာလျှင် ကာကွယ်နိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားသည်။

အစိုးသစ် အနေဖြင့် ရင်ဆိုင်ဖြေရှင်းရမည့် ပြဿနာများစွာက စောင့်ကြိုနေပြီး ယင်းပြဿနာများထဲတွင် မြန်မာနိုင်ငံ အတွင်းရှိ စားသုံးသူများကို အကာအကွယ် ပေးရမည့်ကိစ္စမှာလည်း အစိုးသစ် ဖြေရှင်းပေးရမည့် ပြဿနာများထဲမှ ပြဿနာတစ်ခုပင် ဖြစ်ပါသည်။

သို့ဆိုလျှင် လက်ရှိ မြန်မာနိုင်ငံတွင် အဆိပ်အစားအသောက်များကို စားသုံးနေကြရသည့် နိုင်ငံသူနိုင်ငံသားများအတွက် မည်သို့အကာအကွယ် ပေးသင့်သည်ကို တိုင်းပြည်၏ ခေါင်းဆောင်ပိုင်းများ အနေဖြင့် အဖြေထုတ်သင့်ပြီ ဖြစ်ပါသည်။

“FDA ကို နှစ်ခုပေးဖို့ လိုတာပေါ့။ တစ်ခုက နည်းပညာပိုင်းဆိုင်ရာ စွမ်းရည် လူအရေအတွက်ရော ဓာတ်ခွဲခန်း စသည့်ပစ္စည်းပစ္စယ အဲဒါပေးဖို့ တစ်ခုလိုတယ်။ နောက်တစ်ခုက သူတားမြစ်မယ့်ဟာ သူအရေးယူလို့ရမယ့် အာဏာလည်း အပ်နှင်းဖို့ လိုမယ်။ အရေးယူတဲ့ အဖွဲ့ကပဲဖြစ်ဖြစ် သူ့ကိုပံ့ပိုးပေးဖို့ လိုတယ်။ အဲဒီနှစ်ခု လုပ်ပေးဖို့တော့ လိုတယ်။ အရင်တုန်းကလည်း လူတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ လူနည်းတယ်။ ဓာတ်ခွဲခန်းက စွမ်းရည်မပြည့်ဆိုတဲ့ အားနည်းချက်တွေ ရှိခဲ့တဲ့အတွက်လည်း ဒီလိုဖြစ်ခဲ့တာပေါ့။ ပေါ့ပေါ့နေခဲ့ကြတာကိုး။ တကယ်တော့ ခုနက အဲဒီနှစ်မျိုး လိုတယ်။ နည်းပညာရယ်၊ ပံ့ပိုးမှုရယ် အာဏာပိုင်း ပံ့ပိုးမှု လိုတယ်။ ဒီနှစ်ခုရှိမှ တကယ် အလုပ်လုပ်လို့ ရမှာလေ” ဟု ဒေါက်တာ စစ်နိုင်က ပြောကြားခဲ့ပါသည်။              
Writer: 
ဆန်းမိုးထွန်း

No comments: