Monday, January 11, 2016

ပည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဖွင့်ပွဲနေ့တွင် သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်နာယက၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် KNU ဥက္ကဋ္ဌတို့ တက်ရောက် နှုတ်ခွန်းဆက်စကား ပြောကြားမည်

ပည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို နေပြည်တော်၌ ဇန်န၀ါရီ ၁၂ ရက်မှ ၁၆ ရက် အထိ ငါးရက်ကြာ ပြုလုပ်မည်ဖြစ်ရာ ဇန်န၀ါရီ ၁၂ ရက်တွင် ကျင်းပမည့် ညီလာခံဖွင့်ပွဲ အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးတို့ တက်ရောက်၍ နှုတ်ခွန်းဆက်စကား ပြောကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ညီလာခံဖွင့်ပွဲသို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့၊ နိုင်ငံရေး ပါတီနှင့် အခြားပါဝင်သင့် ပါဝင်ထိုက်သူများ၊ အထူးဖိတ်ကြားထားသူများ စုစုပေါင်း တစ်ထောင်ဝန်းကျင် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲနေ့ အခမ်းအနား အစီအစဉ်နှင့် ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့ ဒုတိယဥက္ကဋ္ဌ KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက "သမ္မတကြီးရော နောက်ပြီးတော့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရော နောက်ပြီးတော့ လွှတ်တော်နာယက၊ ပြီးတော့ ကာကွယ်ရေးဦးစီးချုပ် နောက် တိုင်းရင်းသား ခေါင်းဆောင်ထဲက ဗိုလ်ချုပ်မူတူးတို့ကို နှုတ်ခွန်းဆက် စကားပြောဖို့တော့ ကျွန်တော်တို့ ဖိတ်ထားတယ်။ ဗိုလ်ချုပ်မူတူးလည်း ပြောမယ်။ သမ္မတလည်း ပြောမယ်။ နောက် လွှတ်တော်နာယကလည်း ပြောမှာပဲ။ ပြီးရင် NLD ဥက္ကဋ္ဌလည်း ပြောမယ်လို့တော့ ကျွန်တော်ကြားတာပဲ" ဟု ပြောကြားသည်။

ဆက်လက်၍ ပဒိုစောကွယ်ထူးဝင်းက "ဒီပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို အဓိက ကျွန်တော်တို့ ဆွေးနွေးရမယ့် အချက် ခြောက်ချက်ထဲက အဓိက အချက်တွေကို အခြေခံမူလောက်ပဲ ကျွန်တော်တို့ ဆွေးနွေး ပြီးရင်တော့ နောက်တက်မယ့် အစိုးရမှာ ဆက်လက်ပြီးတော့ သယ်ယူသွားမှာ ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်" ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက် နှုတ်ခွန်းဆက်စကား ပြောကြားမည့် ကိစ္စနှင့်ပတ်သက်ပြီး NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်အား အတည်ပြုမေးမြန်းရာ ၎င်းက "အဲဒါကို UPDJC က ဖိတ်ပါတယ်ခင်ဗျ။ အဲဒါကို တက်ပါမယ်လို့လည်း ကြားရပါတယ်ဗျ" ဟု ပြောကြားသည်။

No comments: