Monday, January 11, 2016

ရော်ဘာဈေး အကျများ၍ ရော်ဘာခြံပိုင်ရှင်များ အခက်ကြုံ

တရုတ်နိုင်ငံ စီးပွားရေး ကျဆင်းမှုကြောင့် ၀ယ်လိုအား လျော့လာ၍ ကမ္ဘာ့ဈေးကွက်တွင် ရော်ဘာဈေး ကျဆင်းလာပြီး ပြည်တွင်းမှ ရော်ဘာခြံပိုင်ရှင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ် လုပ်သူများ အသင်းအတွင်းရေး မှူး ဦးခိုင်မြင့်က ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ရော်ဘာအစေးခြစ်သည့် အချိန်ဖြစ်သော်လည်း ဈေးကွက်တွင် ရော်ဘာတစ်ပေါင် ပေါက်ဈေးသည် ထုတ်လုပ်မှု ကုန်ကျစရိတ် အောက်သို့ ကျဆင်းနေ၍ အစေး ခြစ် လုပ်ငန်း မလုပ်နိုင်ကြကြောင်း ဘီးလင်းမြို့နယ်မှ ရော်ဘာခြံပိုင် ရှင်တစ်ဦးက ပြောသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးအ ခြေအနေသည် စတော့ရှယ်ယာ တန်ဖိုးများ ကျဆင်းမှု၊ ချေးငွေ ကန့်သတ်မှုတို့အပြင်  ယွမ်ငွေတန်ဖိုး လျော့ကျမှုများ ကြုံတွေ့ နေရသည်။ ထို့ကြောင့် တရုတ် နိုင်ငံသို့ ကုန်ပစ္စည်းများ ရောင်းချ နေကြသော နိုင်ငံများသည် အခက်အခဲများ ကြုံတွေ့နေရကြောင်း ကုန်သည်စက်မှု အသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌက ပြောသည်။

‘‘တရုတ် စီးပွားရေးကျလို့ မ၀ယ်တာနဲ့ ကမ္ဘာ့ဈေးကွက်မှာ ရော်ဘာဈေးက ဆိုးဆိုးရွားရွားကို ကျနေတယ်။ မြန်မာနိုင်ငံလည်း ဒီအကျိုးဆက်ကို ခံစားနေရတယ်’’ဟု ဦးခိုင်မြင့်က ပြောသည်။

လက်ရှိ ကမ္ဘာ့ဈေးကွက်တွင် ရော်ဘာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၁၀၀ ခန့်ဈေးဖြင့်သာ အရောင်းအ၀ယ်ဖြစ်နေပြီး ပြည်တွင်းဈေးကွက်၌ RSS-3 အမျိုးအစား ရော်ဘာတစ်ပေါင် လျှင် ၅၃၀ ကျပ်ခန့်ဈေးဖြင့်သာ ရောင်းချနေရသည်။

ရော်ဘာတစ်ပေါင်၏ လက်ရှိ ပေါက်ဈေးသည် ယခင်နှစ်(၂၀၁၅ နှစ်ဦးပိုင်း တစ်ပေါင် ၇၅၀ ကျပ်)ထက်၂၂၀ ကျပ်ခန့် လျော့နည်းပြီး မြင့်တက်လာသော ကုန်ဈေးနှုန်းကြောင့် ခြံပိုင်ရှင်ငယ်များ အစေးခြစ်သည့် လုပ်ငန်းကို ရပ်နားထားရကြောင်း၊ ခြံကြီးများမှာလည်း အလုပ်သမားများ အလုပ်အကိုင်မပြတ်ရေးအတွက်သာ အစေးခြစ်နေရကြောင်း ဘီးလင်းမြို့နယ်မှရော်ဘာခြံပိုင်ရှင်က ပြော သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 Day Daily

No comments: