Monday, January 11, 2016

မူးယစ်မှောင်ခိုဂိုဏ်း ခေါင်းဆောင်ချာပိုနှင့် အင်တာဗျူးလုပ်ခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် ရှောင်ပင်းကို စုံစမ်းမေးမြန်းလိုဟုဆို

ချာပိုနှင့် အမေရိကန် ရုပ်ရှင်မင်းသား ရှောင်ပင်းတို့ အင်တာဗျူးကို ဖော်ပြထားသည့် ရိုးလင်းစတုန်း မဂ္ဂဇင်းဝက်ဘ်ဆိုက်အား ကြည့်နေသူတစ်ဦးကို တွေ့ရစဉ်
မက္ကဆီကို မူးယစ်မှောင်ခိုဂိုဏ်း ခေါင်းဆောင် ချာပိုနှင့် အင်တာဗျူးလုပ်ခဲ့သည့် အမေရိကန် ရုပ်ရှင်သရုပ်ဆောင် နာမည်ကြီး မင်းသားရှောင်ပင်းကို စုံစမ်းစစ်ဆေးလိုကြောင်း ဖက်ဒရယ်အရာရှိများက ပြောကြားလိုက်သည်။
တာဝန်ရှိသူတစ်ဦးက AFP သို့ ပြောရာတွင် ချာပိုအားဖမ်းမိရန် သုံးလအလို လွန်ခဲ့သည့် အောက်တိုဘာတွင် အမေရိကန် ရုပ်ရှင်မင်းသား ရှောင်ပင်းနှင့် မက္ကဆီကို ရုပ်ရှင်မင်းသမီး ကာလစ်စတိုတို့က ချာပိုနှင့် လျှို့ဝှက်တွေ့ဆုံ မေးမြန်းခဲ့မှုအပေါ် စုံစမ်းလိုကြောင်း ဆိုသည်။ အခြားတာဝန်ရှိသူ တစ်ဦးက ပြောရာတွင် ထိုသို့တွေ့ဆုံရန် ပွဲစားလုပ်ပေးခဲ့သူ ကာလစ်စတိုနှင့် မင်းသားရှောင်ပင်းတို့၌ ရာဇ၀တ်မှု မြောက် မမြောက် မသေချာကြောင်းဆိုသည်။ သတင်းထောက် တစ်ယောက်က မူးယစ်ရာဇာတစ်ဦးကို အင်တာဗျူး လုပ်နိုင်သော်လည်း ယခုသူတို့မှာ ဂျာနယ်လစ်များ မဟုတ်ကြကြောင်းလည်း အရာရှိက ဆိုသည်။
အမေရိကန်အစိုးရ အိမ်ဖြူတော် ပြောခွင့်ရသူ ဒဲနစ်က AFP သို့ပြောရာတွင် ရှောင်ပင်းက ချာပိုကို တွေ့ဆုံမှုကြောင့် သူနှင့် အခြားပတ်သက် သူများအတွက် စိတ်ဝင်စားစရာ မေးခွန်းများ ဖြစ်ပေါ်စေကြောင်း၊ ဘာဖြစ်လာမည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဆိုသည်။
စနေနေ့ထုတ် ရိုးလင်းစတုန်းမဂ္ဂဇင်းက ထိုအင်တာဗျူးကို ဖော်ပြခဲ့သည်။ အသက် ၅၈ နှစ်ရှိ ချာပိုသည် အနောက်မြောက်ပိုင်း ဇာတိပြည်နယ် ဆီနာလိုအာမှ လော့မိုချစ်မြို့တွင် သောကြာနေ့က ဖမ်းဆီးခံခဲ့ရသည်။
Ref : AFP

No comments: