ဖားကန့်မြို့ မြေဇာတင်ယာဉ်များ ကျေးရွာများအတွင်း ဖြတ်သန်းသွားလာခြင်းကို ဦးဆောင်ဆန္ဒပြ သူများအား KIA ရင်း (၆) မှ ဖမ်းဆီးခေါ်ဆောင် (KIA ဒုဥက္ကဌ ဂွမ်မော်မှ ဖမ်းခိုင်းကြောင်း သိရ)
=======================================
ဖားကန့်မြို့နယ်အတွင်းသို့ သွားရောက်မည့် မြေဇာတင်ယာဉ်များသည် တရုတ်နိုင်ငံမှ နယ်စပ် ကံပိုက်တီလမ်းကြောင်းအတိုင်း ၀င်ရောက်လာခဲ့ခြင်းဖြစ်ပြီး ယခုလပိုင်းအတွင်း ပိုမို များပြားစွာ ၀င်ရောက်လာပြီး ကျေးရွာများအတွင်းရှိ လမ်းကြောင်းများအသုံးပြုနေသောကြောင့် ဒေသခံပြည်သူများမှာ သွားရေးလာရေးကအစ အစစအရာရာအားလုံး အခတ်အခဲဖြစ်နေ ကြောင်းလည်း သိရသည်။
ထို့ကြောင့် ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းကုမ္ပဏီများမှ မြေဇာတင်ယာဉ်များက ကျေးရွာများအတွင်း ဖြတ်သန်းသွားလာမှုအပေါ် ရပ်ဆိုင်းရန်အတွက် လုံးခင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများစုပေါင်းကာ လမ်းမပေါ်ထွက်၍ ဆန္ဒပြခဲ့ကြသည်။
အဆိုပါ မြေဇာတင်ယာဉ်များ ဖြတ်သန်းသွာလာမှုနှင့် ပက်သက်၍ ရပ်ဆိုင်းရန်အတွက် ဒီဇင်ဘာ (၁၇) ရက်နေ့တွင် လုံးခင်းကျေးရွာအုပ်စု မနောကွင်းခန်းမ၌ ညိနှိုင်းဆွေးနွေးပွဲပြုလုပ်ရန် ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်ခဲ့ကြသော ကချင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဖားကန့်၊ လုံးခင်း၊ ဆိပ်မူကျေးရွာရှိ ဒေသခံပြည်သူများအား ဖိတ်စာများ လိုက်လံဖြန့်ဝေမှုများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထိုသို့ အစည်းအဝေးဖိတ်စာများ လိုက်လံဖြန့်ဝေခဲ့သော ကချင်အမျိုးသားဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့ဝင် ဒေါ်ကိုင်ထန်၊ ဦးဇောင်ဘွမ်၊ ဦးနော်လော်၊ ဦးဒူခေါ်၊ ဦးဇော်တော် အပါအ၀င် စုစုပေါင်း (၇) ဦးအား ဒီဇင်ဘာ (၁၆) ရက်နေ့တွင် KIA ရင်း (၆) မှ သာယာကုန်းကျေးရွာရှိ ၎င်းတို့၏ နေအိမ်များသို့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
ထိုကိစ္စနှင့်ပက်သက်၍ ဆန္ဒပြခဲ့သော ဒေသခံပြည်သူများနှင့် ကျေးရွာဒေသခံများက ပြန်လည်စေလွှတ်ပေးရန် တောင်းဆိုမည်ဟု သိရပြီး အဘယ့်ကြောင့် လာရောက် ဖမ်းခေါ်သည် ကိုလည်း မသိရသေးကြောင်း ပြောသည်။ “ ကျွန်တော်တို့ အကြမ်းဖျင်းသိရသလောက်တော့ လာဖမ်းတဲ့အချိန်မှာ KIA ရင်း (၆) က လို့ပြောတယ်..။ အခုလို လမ်းပေါ်တက် ဆန္ဒပြတာဟာ ပုံစံ မမှန်ဘူးဆိုပြီးပြောတယ်..။ ဒီလိုလာဖမ်းရတာကလည်း အထက်က ဗိုလ်ချုပ်ဂွမ်မော်ကိုယ်တိုင် ပြောလို့ပါလို့ ပြောသွားတယ်” ဟု သာယာကုန်းကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။
ယခုလို မြေဇာတင်ယာဉ်များအား ဖြတ်သန်းသွားလာနေမှုအပေါ် KIA/KIO ၏ ခွင့်ပြုချက် ဖြင့် သွားလာနေခြင်းကြောင့် ဒေသခံပြည်သူများက ၀ိုင်းဝန်းတားဆီးလိုက်သောအခါ KIA/KIO မှ မကျေနပ်ခြင်းကြောင့်သာ ဖြစ်နိုင်ကြောင်း၊ ကုမ္ပဏီများမှ အခွန်(ဆက်ကြေး) ယူထားပြီးသား ဖြစ်၍ ဒေသခံပြည်သူများအား လာရောက်ခြိမ်းခြောက်ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံပြည်သူများက အမျိုးမျိုး ပြောဆိုနေကြပါသည်။
By Voice Of Kachin
No comments:
Post a Comment