Sunday, October 2, 2016

မန္တလေးမှာ စည်းကမ်းမဲ့ ရပ်နားယာဉ်တွေကို ကားဘီးသော့ခတ်၊ ဒဏ်ငွေရိုက် အရေးယူတော့မယ်


မန္တလေးစည်ပင်သာယာနယ်နိမိတ်အတွင်း စည်းကမ်းမဲ့ရပ်နားထားတဲ့ယာဉ်တွေကို လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့ကစပြီး ကားဘီးသော့ခတ်ကာ(Car Wheel Lock ) ဖမ်းဆီးအရေးယူ ဒဏ်ငွေတပ်ရိုက်ဆောင်ရွက်သွားမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောကြားလိုက်ပါတယ်။

မန္တလေးမြို့မှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဖောက်ဖျက်ကျူးလွန်ပြီး စည်းကမ်းမဲ့ရပ်နားထားတဲ့ ယာဉ်တွေများလာကာ ယာဉ်ကြောပိတ်ဆို့တာတွေ၊ ယာဉ် အန္တရာယ်တွေဖြစ်ပေါ်နေလို့ အခုလိုအရေးယူဆောင်ရွက်မှာဖြစ်ပါတယ်။ စည်းကမ်းမဲ့ရပ်နားထားတဲ့ယာဉ်တွေကို အရင်က Tow Truck ယာဉ်နဲ့ချိတ်ဆွဲကာ ဖမ်းဆီး အရေးယူဆောင်ရွက်ခဲ့ပေမယ့် Tow Truck ယာဉ်တစ်စီးတည်းနဲ့ ဆောင်ရွက်ရာမှာ လုံလောက်မှုမရှိလို့ အခုလို Car wheel lock များနဲ့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှသိရပါတယ်။

“ဒဏ်ကြေးလိုချင်လို့ ဘဏ္ဍာငွေရချင်လို့လုပ်တာမဟုတ်ပါဘူး၊ အားလုံးစည်းကမ်းလိုက်နာဖို့အတွက်ပါ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် တစ်ခါမိတယ်၊ တစ်ခါ မှတ်တမ်းတင်ခံရပြီး ဒဏ်ငွေဆောင်လိုက်ရတယ်ဆိုရင် အလိုက်တသိနဲ့ နောင်ဒါမျိုးမလုပ်ဘဲဆင်ခြင်အောင်ပါ၊ မန္တလေးအတွက်လည်းကောင်းတယ်၊ အခုလို car wheel lock နဲ့ဆောင်ရွက်တာကလည်း မြန်မာနိုင်ငံမှာဆိုရင် ပထမဦးဆုံးဆောင်ရွက်တာလည်းဖြစ်ပါတယ်” လို့ ဦးသက်နိုင်ထွန်းကပြောပါတယ်။

စည်းကမ်းမဲ့ယာဉ်တွေကို car wheel lock နဲ့ အရေးယူတာမျိုးမဆောင်ရွက်ခင် အောက်တိုဘာ ၁ရက်နေ့ကစတင်ကာ နှစ်ပတ်ကြာ ပညာပေးကာလအနေနဲ့ အခုလိုဆောင်ရွက်မယ့်အကြောင်းကို သတင်းစာတွေကနေအသိပေးကြေငြာတာ၊ယာဉ်စည်းကမ်းဖောက်ဖျက်မှုများတဲ့နေရာတွေမှာ ဗီနိုင်းတွေကပ်ကကြေငြာတာ၊ လူစည်ကားတဲ့နေရာတွေမှာ လက်ကမ်းစာစောင်တွေဖြန့်ဝေကာ အသိပေးတာတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ပညာပေးကာလပြီးတာနဲ့ အောက်တိုဘာ ၁၅ ရက်ကစတင်ပြီး ထိရောက်စွာအရေးယူသွားမယ်လို့ စည်ပင်သာယာရေးကော်မတီကသိရပါတယ်။

မန္တလေးမြို့ စည်ပင်နယ်နိမိတ်အတွင်း ယာဉ်နှစ်ထပ်ရပ်တာ၊ လမ်းပြောင်းပြန်ရပ်နားတာ၊ ဖြူနီကြားမှာရပ်နားတာ၊ မီးပွိုင့်ဧရိယာအတွင်းရပ်နားတာ၊ အခြားယာဉ်တွေ လမ်းအသုံးပြုတွေကိုအနှောက်အယှက်ဖြစ်အောင်လမ်းပိတ်ဆို့ရပ်နားတာ၊ လမ်းဆုံလမ်းခွမှ ပေ ၂၀ အတွင်းရပ်နားတာ၊ ခရီးသည်တင်ယာဉ်တွေ သတ်မှတ် ထားတဲ့မှတ်တိုင်တွေမှာမရပ်နားဘဲ အခြားနေရာတွေမှာ စည်းကမ်းမဲ့ရပ်နား၊ ခရီးသည်တင်ချ စောင့်ဆိုင်းတာ၊ မော်တော်ယာဉ်ပျက်ရင် လမ်းဘေးချမရပ်ဘဲ လမ်းမပေါ်ပြင်ဆင်တာ၊ ကျောင်းကြိုပို့ယာဉ်တွေစည်းကမ်းမဲ့လမ်းပိတ်ဆို့ရပ်နားတာတွေကို ကားဘီးသော့ခတ်ကာ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။

စည်းကမ်းမဲ့ယာဉ်အဖြစ် ဖမ်းဆီးခံရတဲ့အခါ ပေးဆောင်ရမယ့် ဒဏ်ငွေအနေနဲ့ ယာဉ်မောင်းက ယာဉ်နဲ့အတူရှိနေပါက ကားဘီးသော့ခတ်တာမျိုးမလုပ်ဘဲ ၂ တန် အောက် ယာဉ်ငယ် ဖြစ်ပါက ဒဏ်ငွေ ကျပ်တစ်သောင်း၊ ၂ တန်နဲ့ ၃တန်ကြား ယာဉ်နဲ့ ၃တန်အထက် ယာဉ်ဖြစ်ပါက ဒဏ်ငွေ ကျပ်သုံးသောင်း ပေးဆောင် ရမှာဖြစ်ပါတယ်။

ဖမ်းဆီးစဉ်မှာ ယာဉ်မောင်းက ယာဉ်နဲ့အတူမရှိရင် ယာဉ်ကို ကားဘီးသော့ခတ်မှာဖြစ်ပြီး ပေးဆောင်ရမယ့်ဒဏ်ငွေကတော့ ယာဉ်အမျိုးအစားမခွဲခြားတော့ဘဲ
ကျပ် ၅ သောင်းပေးဆောင်ရမှာဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့နေ့မှာ ဒဏ်ငွေဆောင်ပြီး ယာဉ်ကိုပြန်လည် မရွေးယူပါက နောက်ကျရက်လွန်ဒဏ်ကြေးအနေနဲ့ တစ်ရက်လျှင် ကျပ် ၅၀၀၀ ဒဏ်ကြေးထပ်မံပေးသွင်းရမှာဖြစ်ပါတယ်။

Car wheel Lock နှင့်ဖမ်းဆီးခံထားပါက ယာဉ်မောင်းသိစေဖို့အတွက် ယာဉ်မောင်းထိုင်တဲ့နေရာရဲ့ အရှေ့ဘက်ကားမှန်မှာ အသိပေးစာကပ်ပေး ထားမှာဖြစ်ပါတယ်၊ အသိပေးစာမှာပါတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်ပြီး ဒဏ်ငွေပေးဆောင်ရမှာဖြစ်တယ်၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဖောက်ဖျက်မှုအတွက် ကျသင့်ဒဏ်ငွေ ကိုပေးဆောင်ပြီးမှသာ ကားဘီးသော့ခတ်ခြင်းကို ဖြုတ်သိမ်းပေးမှာဖြစ်ပါတယ်။

car wheel lock ကို ကိုယ့်သဘောနဲ့ကိုယ် ဖျက်ဆီးလို့ ပျက်စီးသွားပါက ပစ္စည်းတန်ဘိုးငွေ ၁၀ ဆပေးလျော်ရမှာဖြစ်တယ်လို့ စည်ပင်သာယာရေးကော်မတီကသိရပါတယ်။

Car Wheel Lock နဲ့ ဖမ်းဆီးအရေးယူတာကို စည်ပင်သာယာရေးကော်မတီအခွန်ဌာနမှ အရာရှိတစ်ဦး ဦးဆောင်ကာ ယာဉ်ထိန်းရဲ၊စည်ပင်ရဲ အပါအ၀င် ၈ ယောက်အဖွဲ့ နှစ်ဖွဲ့နဲ့ ဈေးတွေ ၊ဆေးရုံ ၊စာသင်ကျောင်းတွေနဲ့ လူစည်ကားတဲ့ အဓိက လမ်းမကြီးတွေမှာ နေ့စဉ်စစ်ဆေးဆောင်ရွက်သွားမယ်လို့ စည်ပင်သာယာရေးကော်မတီအခွန်ဌာနမှူး ဦးဝင်းမောင်ကပြောပါတယ်။

သက်စုအောင်

No comments: