Thursday, October 6, 2016

ကန်ထရိုက်စနစ်ဖြင့် အထက်တန်းပြဆရာ ခန့်ထားမည်ကို ကန့်ကွက်

ရန်ကုန်၊ အောက်တိုဘာ ၆

အထက်တန်းပြဆရာအဖြစ် ခန့်ထားရန် ဘွဲ့ရများကို ကန်ထရိုက်စနစ်ဖြင့် ငှားရမ်းမည် ဆိုခြင်းကို ပညာရေးတက္ကသိုလ် ဆရာအချို့နှင့် ကျောင်းသားများက ကန့်ကွက်ကြောင်း ရန်ကုန်ပညာရေးတက္ကသိုလ် စတုတ္ထနှစ်ကျောင်းသား ကိုနောင်ထက်အောင်က The Voice သို့ ပြောကြားသည်။ 

ယင်းသို့ ခန့်ထားရန် ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ပြီး ရန်ကုန်ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ကျောင်းသားများနှင့် ဆရာအချို့က ကန့်ကွက်ကြောင်း အဆိုပါ ကျောင်းသားများထံမှ သိရှိရသည်။ 

ထို့အတွက် ဆရာခန့်ထားရေး မူဘောင်ရေးဆွဲပြီး/မပြီး၊ ပြီးလျှင် အသိပေးချပြရန်၊ ကန်ထရိုက်စနစ် ဆိုသော အသုံးအနှုန်းကို ကန့်ကွက်ကြောင်းနှင့် နေ့စားလပေး ဆွဲခန့်ဆရာများ ထပ်မံမခန့်ထားရေး အချက်သုံးချက်ကို ပညာရေးတ္ကသိုလ် နှစ်ခုမှ ကျောင်းသားများက အောက်တိုဘာ ၅ ရက်တွင် သမ္မတရုံးသို့ စာပို့ခဲ့ကြောင်း ကျောင်းသားများက ဆိုသည်။

“အခြေခံဆရာ၊ ဆရာမများ ခန့်ထားရေး မူဘောင်ဆိုတာ ရှိလား၊ ရှိရင် ချပြပါ။ လက်ရှိ ခန့်နေတာကရော အဲ့ဒီမူဘောင်တွေ အတိုင်းလား၊ ဒါဆိုကန့်ကွက်ပါတယ်။ မူကြမ်းအဆင့်ဆို ချပြဆွေးနွေးပေးပါ။ မရှိသေးရင် ပညာရှင်တွေ ဖိတ်ခေါ်ဆွေးနွေးပါ။ ကန်ထရိုက်ဆိုတဲ့ စကားရဲ့ သဘောသဘာဝဟာ ပညာရေးမှာသုံးဖို့ မသင့်ကြောင်းနဲ့ ဝန်ကြီးအနေနဲ့ စကားအသုံးအနှုန်း ဆင်ခြင်ဖို့ပါ” ဟု ကိုနောင်ထက်အောင်က ပြောကြားသည်။ 

ကန့်ကွက်လှုပ်ရှားမှု အနေနှင့် လူမှုကွန်ရက် စာမျက်နှာတွင် “We just want professional teachers!, We don’t want unprofessional jobless!, Stop Contract Teachers” ဟူသော စာများ ရေးသားထားသည့် ဖဲကြိုးစိမ်း လှုပ်ရှားမှုကို ပြုလုပ်နေပြီး ဖေ့စ်ဘွတ်ခ် Blue Mark ရရှိထားသူ၊ အဖွဲ့အစည်းများ၏ ပို့စ်များအောက်တွင်လည်း လိုက်လံဖြန့်ဝေခဲ့ကြောင်း အဆိုပါ ကျောင်းသားများထံမှ သိရှိရသည်။ 

အောက်တိုဘာ ၃ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပညာရေးဝန်ကြီးက “တစ်နိုင်ငံလုံးမှာရှိတဲ့ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာ အထက်တန်းကျောင်းခွဲအဖြစ် အဆင့်တိုးမြှင့်ပေးခဲ့တဲ့ ၃၁၉ ကျောင်းအတွက် အောက်တိုဘာမှာ တစ်ကျောင်းကို ခုနစ်ဦးနှုန်းနဲ့ ခန့်ထားပေးဖို့အတွက် လိုအပ်တဲ့ ဆရာ၊ ဆရာမ ၂၂၃၃ ဦးကိုတော့ ဘွဲ့ရထားသူတွေကို ကန်ထရိုက်စနစ်နဲ့ အထက်တန်းပြဆရာ အဖြစ် ဖြည့်ဆည်းပေးဖို့အတွက် စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်” ဟုပြောကြားခဲ့ကြောင်း ပြည်တွင်းသတင်းဌာန အချို့က ရေးသားဖော်ပြခဲ့သည်။

ကန်ထရိုက်စနစ်ဖြင့် ငှားရမ်းခန့်ထားမည် ဆိုခြင်းနှင့် ပတ်သက်၍ စစ်ကိုင်းပညာရေးတက္ကသိုလ် ပညာရေး စိတ်ပညာဌာန ပါမောက္ခ၊ ဌာနမှူး (အငြိမ်းစား) ဒေါက်တာနုနုဝင်းက ဆရာအတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုလက်မှတ် ပါ/မပါ၊ သက်ဆိုင်ရာကျောင်း၏ ကျောင်းအုပ်ကြီးများ၊ အကြီးအကဲဆရာများ၊ မိဘများရှေ့တွင် စာသင်နည်း၊ အတန်းထိန်းနည်းများကို သေသေချာချာ စစ်ဆေးပြီး ခန့်ထားပါက ကောင်းမွန်မည် ဖြစ်ကြောင်း လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။ 

“ဒါမှ နိုင်ငံတကာစံချိန်၊ စံညွှန်းမီတဲ့ ကန်ထရိုက်စာချုပ်နဲ့ ခန့်အပ်နည်း ဖြစ်ပါတယ်။ ကန်ထရိုက်စနစ်ကို ဒီလို နိုင်ငံတကာစံချိန်၊ စံညွှန်းတွေ မမီဘဲနဲ့ မြန်မာ့နည်း၊ မြန်မာ့ဟန် လုပ်ပစ်ပြီး လက်သင့်ရာ စားတော်ခေါ်ကြရင်တော့ မြန်မာ့ပညာရေးဆက်ပြီး ဂွမ်းဦးမှာပါဘဲ။ အားလုံး သတိရှိကြပါစေ” ဟု ဒေါက်တာနုနုဝင်းက လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားမျှဝေထားသည်။ 

ပညာရေးတက္ကသိုလ်များမှ ကျောင်းသားများနှင့် ဆရာအချို့ ကန့်ကွက်နေမှုအပေါ် မည်သို့ တုံ့ပြန်မည်နှင့် ခန့်ထားမည်စနစ်၊ ရွေးချယ်မည့် မူဝါဒများကို သိရှိရန် ပညာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်မြဲထံ အောက်တိုဘာ ၆ ရက် နံနက် ၁၀ နာရီခွဲခန့်က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ လတ်တလော အစည်းအဝေးခန်းထဲ ရောက်ရှိနေသောကြောင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ဖြေကြားသည်။ 

ကန်ထရိုက်စနစ် ခန့်ထားမည် ဆိုခြင်းနှင့် ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် သက္ကလ အထက်တန်းကျောင်း အင်္ဂလိပ်စာပြဆရာ ဦးအောင်ကျော်သူက အထက်တန်း ဘာသာရပ်များ အမှန်တကယ် သင်ကြားနိုင်သူများကိုသာ မှန်ကန်သော ရွေးချယ်မှုနှင့် ခန့်ထားခြင်း၊ ဆရာလိုင်စင်ကဲ့သို့ ဘာသာရပ်ဆိုင်ရာ စစ်ဆေးခြင်းများ ထိရောက်စွာ စစ်ဆေးခန့်ထားခြင်း၊ ဘောဂဗေဒ ဘာသာရပ်အတွက် စီးပွားရေးဘွဲ့ရသ င်ကြားနိုင်သူများကို ဦးစားပေး ရွေးချယ်ခန့်ထားခြင်း ဖြစ်သင့်ကြောင်း The Voice သို့ မှတ်ချက်ပြု ပြောကြားသည်။ 

“အဓိကက ကန်ထရိုက်စနစ်နဲ့ ငှားမယ်ဆိုတော့ ခန့်ထားမယ့်စနစ်၊ ရွေးချယ်တဲ့စနစ် မှန်ကန်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်” ဟု ဦးအောင်ကျော်သူက မှတ်ချက်ပြု ပြောကြားသည်။ 

ထို့ပြင် ပညာရှင်များကို ဖိတ်ခေါ်သည့် အနေနှင့် လက်ရှိ အထက်တန်းပြလစာ နှုန်းထားဖြင့်သာ အမှန်တကယ် စိစစ်ရွေးချယ်ပါက ထိုက်တန်သည့် လစာအရ တတ်ကျွမ်းသူများ ပညာရေးလောကအတွင်း ဝင်ရောက်လာပြီး ပညာရေး ကောင်းမွန်စေရန် စီစဉ်ပေးခြင်း စသည့် မှန်ကန်သော ရွေးချယ်ခန့်ထားမှု ဖြစ်ပါက လက်ခံကြိုဆိုရမည်သာ ဖြစ်ကြောင်း ဦးအောင်ကျော်သူက ဆိုသည်။ 

မန္တလေးတိုင်းဒေသကြီးအတွင်း ယခုပညာသင်နှစ်တွင် ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခွင့် ရရှိမည့် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ၃၈ ကျောင်းအတွက် အထက်တန်းပြဆရာ ဖြည့်တင်းနိုင်မှု မရှိပါက အထက်တန်းပြ ခုနစ်ဦးစီကို မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ သို့မဟုတ် ဇီဝဗေဒ ဘာသာတွဲနှင့် ကိုက်ညီသူများကို ဒေသန္တရစာချုပ်ဖြင့် ၂၀၁၇ ခုနှစ် မတ်လ ၃၀ ရက်အထိ နေ့စားခန့်ထားရန် လျာထားကြောင်း အခြေခံပညာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး အမည်နှင့် စက်တင်ဘာ ၂၇ ရက် ရက်စွဲပါ စာတစ်စောင် လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။ 

အဆိုပါစာတွင် ခန့်ထားရာလိုက်နာရမည့် အချက်များအနေနှင့် ကျန်းမာသန်စွမ်းသူဖြစ်ရန်၊ ဘွဲ့ရရှိသည့် အထူးပြုဘာသာရပ်နှင့် သင်ကြားမည့် ဘာသာရပ်ကိုက်ညီမှုရှိသူ ဖြစ်ရန်၊ သက်မှတ်ရက်အထိ တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရန်၊ ဌာန၏ ဝန်ထမ်းစည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရန်၊ ကျောင်းတွင်လိုအပ်သည့် ဘာသာရပ်များကိုသာ ခန့်ထားပေးရန်၊ အထက်တန်းပြဦးရေ ခုနစ်ဦး မပြည့်သေးပါက လိုအပ်သော ဘာသာရပ်များအတွက် ထပ်မံလျာထားရန် အချက်များ ဖော်ပြပါရှိသည်။

No comments: