Saturday, July 23, 2016

တရုတ်မြောက်ပိုင်းတွင် ရေလွှမ်းမိုးမှုကို အစိုးရ၏ ကိုင်တွယ်မှုအား ဒေသခံများက ဒေါသပေါက်ကွဲ

ဟူပေပြည်နယ် ရှားယန်ကောင်တီရှိ ချောင်ရန်မြို့တွင် ရေကြီးနေမှုအား ဆင်ဟွာသတင်းအေဂျင်စီက ဇူလိုင် ၂၀ ရက်တွင် ရိုက်ကူးထားသော ဓာတ်ပုံ (Photo: AP)
တရုတ်မြောက်ပိုင်းတွင် ရေလွှမ်းမိုးမှု၌ လူပေါင်း ၁၀၀ ကျော် သေဆုံး၊ ပျောက်ဆုံးခဲ့ရာ ဇူလိုင် ၂၃ ရက်တွင် ဒေသခံများက ဒေါသ ပေါက်ကွဲခဲ့ကြသည်။ မီဒီယာနှင့် အင်တာနက် အသုံးပြုများက အစိုးရ တာဝန်ရှိသူများသည် ယင်းဘေးအန္တရာယ်ကို လျစ်လျူရှုခဲ့ကြသည်ဟု စွပ်စွဲခဲ့ကြသည်။ တရုတ် မြောက်ပိုင်းတွင် ယခု သီတင်းပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ဟီပေပြည်နယ် စင်တိုင်မြို့ အနီးတွင် အဆိုးရွားဆုံး ဖြစ်ခဲ့ပြီး လူကိုးဦး သေဆုံးကာ ၁၁ ဦး ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်လာတော့မည့် ရေအကြီးအကျယ် လွှမ်းမိုးမှုကို သတိပေးရန် ဒေသဆိုင်ရာ တာဝန်ရှိသူများက ပျက်ကွက်ခဲ့သည်ဟု ဒေါသထွက်နေသော ရွာသားများက အပြစ်တင်နေချိန်တွင် ဟီပေဂြိုဟ်တုရုပ်သံက ထုတ်လွှင့်မှု၌ ဒေသခံတစ်ဦးက ယင်းသတိပေးချက် မထုတ်ပြန်မီ ကတည်းကပင် ရင်ဘတ်အထိ ရေတက်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။ နောက်ပိုင်းတွင် ဖော်ပြခဲ့သော ဓာတ်ပုံများ၌ ပြိုလဲနေသော ဖုန်းတိုင်များနှင့် လုံးဝပြိုကျနေသော နေအိမ်များ၊ အညိုရောင် ရွှံ့ရေများနှင့်အတူ မျောပါလာသော အပျက်အစီးများကို မြင်တွေ့ခဲ့ရသည်။
ဒေသဆိုင်ရာ ကွန်မြူနစ်ပါတီ ဒုတိယ အတွင်းရေးမှူး ၀မ်ချင်ဖေးက ယင်းရေကြီးမှုတွင် သေဆုံးဒဏ်ရာရသူ မရှိခဲ့ဟု အစောပိုင်းတွင် ပြောကြားခဲ့ရာ ဒေါသတကြီး တုံ့ပြန်မှုများ ကြုံခဲ့ရသည်။ မိသားစုဝင်များ သေဆုံးခဲ့သဖြင့် အော်ငိုနေပြီး စိတ်ကယောက်ကယက် ဖြစ်နေသော အမျိုးသမီး သုံးဦးက ဒူးထောက်နေသော ၀မ်ချင်ဖေးကို လက်မောင်းမှ ကိုင်လှုပ်လျက် လူဘယ်လောက် သေခဲ့သလဲဟု မေးမြန်းနေသည့် ဗီဒီယို တစ်ခုသည် လူမှုမီဒီယာတွင် ပျံ့နှံ့ခဲ့သည်။
နောက်ထပ် ဗီဒီယို တစ်ခုတွင်မူ တန်းစီ ပိတ်ဆို့ထားသော ရဲများနှင့် ဒေသခံများ အချင်းများနေသည်ကို မြင်တွေ့ခဲ့ရသည်။ ရေလွှမ်းမှု ဖြစ်စဉ်ကို ပေကျင်းသို့ သွားရောက် သတင်းပို့ရန် ကြိုးပမ်းသည့် ဒေသခံများအား ဟန့်တားရန်အတွက် လမ်းတစ်လမ်းကို ရဲများက တန်းစီ ပိတ်ဆို့ထားနေသည်ကို အခြားဗီဒီယို တစ်ခုတွင် မြင်တွေ့ခဲ့ရသည်။ ဇူလိုင် ၂၀ ရက် အစောပိုင်းက ရွာသားများ အိပ်နေချိန်တွင် ဖြစ်ပွားခဲ့သော ယင်း ရေလွှမ်းမိုးမှုသည် ဒေသထဲရှိ ဆည်တစ်ခုမှ ရေလွှတ်ချမှုကြောင့် သို့မဟုတ် အနီးရှိ မြစ်တစ်စင်းမှ ရေကာတာ ပေါက်ထွက်မှုကြောင့် ဖြစ်ပွားခဲ့ခြင်း သို့မဟုတ် ယင်းနှစ်ခုစလုံးကြောင့် ဖြစ်ပွားခဲ့ခြင်း ဟုတ်၊ မဟုတ်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း Beijing News က ဖော်ပြခဲ့သည်။ တရုတ်တွင် သဘာဝဘေးအန္တရာယ် ဖြစ်ပွားခဲ့ပြီးချိန်တိုင်း သတင်းအချက်အလက်များကို ထိန်းချုပ်ရန် ကြိုးပမ်းခြင်းနှင့် ပွင့်လင်းမြင်သာမှု မရှိခြင်းတို့ကြောင့် ပြည်သူများက တာဝန်ရှိသူများကို သံသယ၀င်လေ့ ရှိသည်။
Ref: AFP

No comments: