ဇူလိုင် ၁၄ ရက်က ဗာဂျီးနီးယားပြည်နယ်တွင် မဲဆွယ်မှု၌ တွေ့ရသော ဟီလာရီ ကလင်တန်နှင့် အထက်လွှတ်တော်အမတ် တင်မ်ကိန်း (Photo: AFP)
မည်သည့်
ပါတီကို မဲပေးမည်ဟု တိတိကျကျ မဆုံးဖြတ်ရသေးသော ပြည်နယ်တစ်ခုဖြစ်သည့်
ဗာဂျီးနီးယား ပြည်နယ်မှ စပိန်စကားပြောသော အထက်လွှတ်တော်အမတ် တင်မ်ကိန်းကို
ဟီလာရီကလင်တန်က ၎င်း၏ ဒုတိယ သမ္မတလောင်းအဖြစ် ဇူလိုင် ၂၂ ရက်တွင်
ရွေးချယ်ခဲ့သည်။ ဖီလားဒဲဖီးယားတွင် ဒီမိုကရက်တစ် ပါတီ၏ နိုင်ငံလုံးဆိုင်ရာ
ကွန်ဗင်းရှင်း မကျင်းပမီ သုံးရက် အလိုတွင် ကလင်တန်ကကိန်းကို
ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အကြိတ်အနယ် ယှဉ်ပြိုင်ရသော ရွေးကောက်ပွဲတွင်
စိတ်ချရသည့် ရွေးချယ်မှုတစ်ရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံထားရသည့်
ကိန်းက သူ့ကိုယ်သူ ငြီးငွေ့နေပြီဟု ဟာသလုပ်ခဲ့သည်။
အထက်လွှတ်တော် ပြည်ပဆက်ဆံရေးနှင့် လက်နက်ကိုင် ကော်မတီတွင် တာဝန်ထမ်းဆောင်ဖူးပြီး ပြည်ပမူဝါဒ ရေးရာ၌ အတွေ့အကြုံ ရှိထားသော ကိန်းက မဲရရှိစေရန် အဓိကကျသော အရာနှစ်ခုဖြစ်သည့် စပိန်စကားပြော လက်တင် အမေရိက နိုင်ငံသားများနှင့် အသေအကျေ ယှဉ်ပြိုင်ရမည့် ဗာဂျီးနီးယား ပြည်နယ်တို့တွင် အနိုင်ရစေရန် ကလင်တန်ကို ကူညီပေးနိုင်မည်ဖြစ်သည်။ နိုင်ငံရေးအရ ဗဟိုလက်ဝဲယိမ်း ဒီမိုကရက် တစ်ဦးဖြစ်ပြီး အလုပ်သမား လူတန်းစားများနှင့်အတူ လုပ်ကိုင်ကာ ပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် အထက်လွှတ်တော် အမတ်အဖြစ် ထမ်းဆောင်စဉ်က အမည်ပျက် မရှိခဲ့သော ကိန်းက ဒီမိုကရက်တစ် ပါတီကို မဲပေးရန် တွန့်ဆုတ်နေသည့် အမျိုးသား မဲဆန္ဒရှင်များ၏ မဲများ ရရှိနိုင်ရန်လည်း ကလင်တန်ကို ကူညီနိုင်မည်ဟု ရှုမြင်ခံရသည်။
၎င်းတို့ နှစ်ဦးသည် ဇူလိုင် ၂၃ ရက်တွင် ဖလော်ရီဒါ ပြည်နယ်ရှိ မိုင်ယာမီမြို့၌ ပထမဆုံးအကြိမ် အတူမဲဆွယ်မည်ဖြစ်သည်။ အသက် ၆၈ နှစ်ရှိ ကလင်တန်က ၎င်းနှင့်အတူ ယှဉ်ပြိုင်မည့်သူသည် တစ်ချိန်တွင် အမေရိကန် ပြည်ထောင်စု၏ သမ္မတ ဖြစ်လာနိုင်သည့် လုံလောက်သော အတွေ့အကြုံ အမှန်တကယ် ရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ကလင်တန်၏ ဒုတိယသမ္မတလောင်း ဆန်ခါတင် စာရင်းတွင် အသက် ၅၈ နှစ်ရှိ ကိန်းအပြင် ကလင်တန် မိသားစုနှင့် ဆယ်စုနှစ်နှင့်ချီ မိတ်ဆွေ ဆက်ဆံရေး ရှိခဲ့သော ပင်ဆယ်ဗေးနီးယား ပြည်နယ်မှ စိုက်ပျိုးရေးဝန်ကြီး တွမ်ဗီလ်ဆက်၊ စစ်မှန်သော လစ်ဘရယ် တစ်ဦးဖြစ်သည်ဟု ရှုမြင်ခံရသည့် အလုပ်သမား ၀န်ကြီး သောမတ်ပီရက်ဇ်တို့ ပါဝင်ကြောင်း သိရသည်။
ကိန်းသည် ပြဿနာတစ်ရပ် ဖြစ်ပွားပါက ဖြေရှင်းနိုင်ရန် ကြိုးစားနေသရွေ့ မဖြေရှင်းနိုင်သော ပြဿနာ မရှိနိုင်ဟု ယုံကြည်ထားသည့် အကောင်းမြင်စိတ်ရှိသူ တစ်ဦးဖြစ်ကြောင်း ကလင်တန်က Twitter တွင် ချီးကျူးရေးသားခဲ့သည်။ ထို့ပြင် ကိန်းငယ်ရွယ်စဉ်က ဟွန်ဒူးရပ်စ်တွင် ဘရင်ဂျီဘာသာရေး ဂိုဏ်းဝင်အဖြစ် လုပ်ဆောင်ခဲ့မှုများအတူ အိုးအိမ်မဲ့များအတွက် ကူညီပေးမှုများ၊ လူမျိုးရေး ခွဲခြား ဆက်ဆံမှုများနှင့် သေနတ်ကိုင် အကြမ်းဖက်မှုများကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကို ဖော်ပြသည့် အချက်ငါးချက်ပါ ဂရပ်ကိုလည်း ကလင်တန်က ဖော်ပြခဲ့သည်။
အင်ဒီးယားနား ပြည်နယ် အုပ်ချုပ်ရေးမှူး မိုက်ပင့်စ်က ကလိဗ်လန်းတွင် ကျင်းပခဲ့သော ရီပက်ဘလီကင်ပါတီ ကွန်ဗင်းရှင်း၌ သမ္မတလောင်း ဒေါ်နယ်ထရန့်၏ ဒုတိယ သမ္မတလောင်းအဖြစ် ရွေးချယ်မှုကို တရားဝင် လက်ခံခဲ့ပြီးနောက် နှစ်ရက်အကြာတွင် ကလင်တန်က ၎င်း၏ ဒုတိယ သမ္မတလောင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ကွန်ဆာဗေးတစ် ဧ၀ံဂေလိ အသင်းဝင်နှင့် လွှတ်တော် အမတ်ဟောင်း တစ်ဦးဖြစ်သော မင့်စ်ကို ရွေးချယ်မှုသည် စကားကို လူအထင်ကြီးအောင် ပြောတတ်သော ထရန့်ကြောင့် ထိတ်လန့်နေသော မဲဆန္ဒရှင်များကို အာမခံချက် ပြန်ပေးနိုင်ရန် အထောက်အကူပေးနိုင်မည် ဖြစ်သည်။
Ref: AFP

No comments:
Post a Comment