Saturday, July 23, 2016

မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းလမ်းတွင် (၂၂) ဘီးတွဲ ကားတစ်စီးပေါ်မှ မြေကျင်းတူးသည့်ကား ပြုတ်ကျမှုကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့

ရှမ်းပြည်နယ်(မြောက်ပိုင်း) မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းလမ်းတွင် ဇူလိုင်လ (၂၃)ရက်နေ့ မွန်းတည့်(၁၂)နာရီအချိန်က (၂၂) ဘီးတွဲကားယာဉ်တစ်စီးပေါ်မှ မြေကျင်းတူးသည့်ကား ပြုတ်ကျမှုကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် မူဆယ်ဘက်မှမောင်းနှင်လာသော (၂၂)ဘီးတွဲကား ယာဉ်တစ်စီးမှ တင်ဆောင်လာသော မြေကျင်းတူးသည့်ယာဉ်သည် ဂုတ်တွင်းခြောက်ထပ်ကွေ့ မိုင်တိုင်အမှတ်(၈၄) အနီးတွင် အရှိန်မထိန်းနိုင်ပဲ ပြုတ်ကျကာ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သဖြင့် ကုန်တင်ယာဉ်ကြီးများနှင့် ခရီးသည်တင်ယာဉ်များ အချိန်ကြာမြင့်စွာ လမ်းပွင့်မည့်အချိန်အား စောင့်ဆိုင်းခဲ့ကြရကြောင်း သိရသည်။

“မူဆယ်ကနေ မြေကျင်းတူးတဲ့ကား တင်လာတဲ့ (၂၂)ဘီးတွဲ ကားတစ်စီးပေါ်ကနေ ကြိုးမခိုင်ပဲ ကြိုးပြတ်သွားတဲ့အတွက် ပြုတ်ကျသွားတာပါ။ ဂုတ်တွင်းမှာတော့ လမ်းအတိမ်းအစောင်းနဲ့ဆိုတော့ ကြိုးကမထိန်းနိုင်ပဲ ကြိုးပြတ်ပြီး ပြုတ်ကျတာပါ။ ပိတ်သွားတဲ့ကားကို ဂုတ်တွင်းမှာရှိတဲ့ ကရိန်းကားနဲ့ ပြန်တင်ပြီး လမ်းရှင်းလိုက်ရပါတယ်။ တင်လာတဲ့ (၂၂)ဘီးတွဲကားကတော့ မှောက်မသွားပါဘူး။ အပေါ်ကကားပဲ ပြုတ်ကျသွားတာပါ။ ကရိန်းကားနဲ့ နှစ်ခုရွေ့ရတာပေါ့။ ပထမ တင်လာတဲ့ (၂၂)ဘီးကားကို ရွှေ့ရတယ်။ နောက်တစ်ခါ ကျသွားတဲ့မြေတူးကားကို ရွှေ့ရပါတယ်။” ဟု အမှတ် (၁၂၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျောက်မဲ)မှ တပ်ဖွဲ့စုမှူး ရဲမှူးချစ်စိန်က ပြောကြားသည်။

အဆိုပါ လမ်းပိတ်ဆို့မှုကြောင့် ဂုတ်တွင်းတစ်ဖက်စီရှိ နောင်ချိုနှင့် နောင်ပိန်တို့တွင် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ အချိန်အတန်ကြာ စောင့်ဆိုင်းခဲ့ကြရပြီး အမှတ်(၁၂၀)ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်မှုကြောင့် ညနေ (၂) နာရီ (၃၅)မိနစ်တွင် လမ်းပြန်ပွင့်သွားကြောင်း သိရသည်။

No comments: