ပါကစ္စတန်နိုင်ငံ တောင်ဝါဇီရစ္စတန်ဒေသထဲမှ အမိုးမရှိသောနေအိမ်များကို မေ ၂၀ ရက်က ရဟတ်ယာဉ်ပေါ်မှ တွေ့မြင်ရစဉ်
ပါကစ္စတန်တာလီဘန်တို့၏
ခြေကုပ်ယူရာဖြစ်ခဲ့သော တောင်ဝါဇီရစ္စတန်ဒေသထဲ၌ အစွန်းရောက်များသည်
တစ်ချိန်က လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ခဲ့ကြသည်။ သို့သော်
ပါကစ္စတန်စစ်တပ်က တောင်တန်းထူထပ်သော နိုင်ငံအနောက်မြောက်ပိုင်းရှိ
ယင်းဒေသထဲမှ စစ်သွေးကြွတို့၏ နောက်ဆုံးခြေကုပ်ယူရာ နေရာကို
ရှင်းလင်းနေပြီဟု ပြောကြားခဲ့သည်။
တောင်ဝါဇီရစ္စတန်သည် အာဖဂန်နစ္စတန် နယ်စပ်မှ ဖက်ဒရယ်စနစ်ဖြင့် အုပ်ချုပ်သော မျိုးနွယ်စု ဧရိယာ (FATA) ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ၀ါဇီရစ္စတန်မှ တစ်ချိန်က ရွှေ့ပြောင်းထွက်ပြေးခဲ့ရသည့် မိသားစုထောင်ပေါင်းများစွာမှာ ၎င်းတို့၏ နေအိမ်များသို့ ပြန်လာနိုင်ပြီ ဖြစ်သော်လည်း နေအိမ်အများအပြား၌ အမိုးမရှိကြတော့ပေ။
အချို့နေအိမ်အမိုးများမှာ ရာသီဥတုကြောင့် ပျက်စီးခဲ့ခြင်းဖြစ်သော်လည်း အချို့နေအိမ်များကို စစ်တပ်က လေကြောင်းမှကြည့်လျှင် ကောင်းစွာမြင်ရစေရန်နှင့် စွန့်ပစ်ထားသော နေအိမ်များတွင် စစ်သွေးကြွများ မခိုအောင်းနိုင်စေရန် အမိုးများကို ဖယ်ရှားခဲ့သည်ဟု မီဒီယာများအား စစ်တပ်အုပ်ချုပ်ထားသည့် မြို့များကို ရဟတ်ယာဉ်တစ်စင်းဖြင့် လိုက်လံပြသခဲ့သည့် စစ်တပ်အရာရှိက ပြောကြားခဲ့သည်။ ဂျာနယ်လစ်များ ရဟတ်ယာဉ်ပေါ်မှ တွေ့ခဲ့ရသော မြင်ကွင်းများတွင် နေအိမ်အများအပြားသည် အမိုးမရှိသည်မှအပ အကောင်းပတိ ရှိနေကြသေးသည်။ သို့သော် အိမ်မည်မျှ၏အမိုးမှာ ရာသီဥတုဒဏ်ကြောင့် ပျက်စီးခြင်းဖြစ်ပြီး မည်မျှကို စစ်တပ်က ဖယ်ရှားခဲ့ခြင်း ဖြစ်သည်ကို တိတိကျကျ မသိခဲ့ရပေ။
ပါကစ္စတန်တာလီဘန်အဖွဲ့ (TTP) နှင့် ခေါင်းဆောင် ဘာတူလာမာဆွတ်တို့ကို စစ်တပ်က ၂၀၀၉ ခုနှစ်တွင်ွRah-e-Nijat စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲခဲ့သည်။ ထိုအတောအတွင်း နေရပ်မှ ရွှေ့ပြောင်းထွက်ပြေးခဲ့ရသည့် မိသားစုပေါင်း ၇၂၀၀၀ ကျော် ရှိခဲ့သည်။ ခုနစ်နှစ်ခန့်အကြာတွင် စစ်တပ်က မိသားစုပေါင်း ၄၂၀၀၀ ကို နေရပ်သို့ ပြန်ခေါ်နိုင်ခဲ့ပြီး ကျန်သော မိသားစု ၃၀၀၀၀ခန့်မှာ ၂၀၁၆ ခုနှစ်အကုန်တွင် ပြန်ရောက်လိမ့်မည်ဟု မျှော်မှန်းရသည်။ ဒေသထဲတွင်လည်း စစ်တပ်က လမ်းများ၊ ဆေးရုံများ၊ ကျောင်းများ၊ ရေပေးဝေရေး စနစ်များကို ပြန်လည်ပြုပြင် တည်ဆောက်ပေးထားသည်ဟု လိုက်လံပြသသည့် စစ်အရာရှိက ဆိုသည်။ သို့သော်လည်း အိမ်များ၌ အမိုးမရှိခြင်းမှာ အဓိက ပြဿနာတစ်ရပ်ဖြစ်နေသည်။
တောင်ဝါဇီရစ္စတန်တွင် ဆောင်းတွင်း၌ နှင်းထုအလေးချိန်ကို ခံနိုင်စေရန် နေအိမ်အမိုးများကို သစ်များ၊ သံပြားများဖြင့် ဆောက်လုပ်ကြသည်။ အစိုးရက နေအိမ်များကို ပြန်လည်တည်ဆောက်ရန် မိသားစုတစ်စုလျှင် ရူပီး ၄၀၀၀၀၀ (ဒေါ်လာ ၄၀၀၀) စီ ပံ့ပိုးပေးခဲ့သည်ဟု သိရသည်။ “ဒီငွေပမာဏဟာ အခန်းတစ်ခန်း ဆောက်ဖို့တောင် မလောက်ပါဘူး” ဟု အသက် ၅၅ နှစ်အရွယ် ဒေသခံ ဟာဂျီမူဟမ်မက်က ဆိုသည်။ ဂျာနယ်လစ်များက ထိုငွေပမာဏသည် နေအိမ်တစ်အိမ် ပြန်လည်တည်ဆောက်ရန် လုံလောက်မှုရှိ
မရှိ မေးမြန်းခဲ့ခြင်းကို ရဟတ်ယာဉ်ပေါ်မှ အရာရှိက ၎င်းမဖြေနိုင်ကြောင်း ဆိုခဲ့သည်။
FATA ဒေသထဲတွင် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ဒေါ်လာ ၂၈၅ သန်း လိုအပ်သည်ဟု အကြီးတန်း စစ်တပ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ သို့သော် ယခုအချိန်အထိ အစိုးရက ဒေါ်လာ ၄၈ သန်းသာ ချထားပေးပြီး ရွှေ့ပြောင်းမိသားစုများကို ဒေါ်လာ ၁၂ ဒသမ ၅ သန်း ဝေပေးထားကြောင်း သိရသည်။
ဒေသတွင်းအခြေအနေများမှာမူ ငြိမ်းချမ်းနေပြီး စစ်တပ်က အပြည့်အ၀ ထိန်းချုပ်ထားနိုင်သည်ဟု ကာနီဂူရမ်မြို့မှ ဒေသခံ မူဟာမက် အစ္စလာမ်က ပြောကြားခဲ့သည်။ သို့သော် သုံးထပ်ရှိသော သူ့နေအိမ်တွင် အခန်းနှစ်ခန်းသာ ပြန်ဆောက်ရသေးသည်။ နေအိမ်များကို ပြန်လည်ဆောက်နိုင်ရန် ပျမ်းမျှ ဒေါ်လာ ၁၅၀၀၀ ဆိုလျှင် လုံလောက်နိုင်ကြောင်း ၎င်းကဆိုသည်။ မြောက်ဝါဇီရစ္စတန်ရှိ မီရာရှာမြို့တွင်မူ နေအိမ်အများစုမှာ ဖြိုချဖျက်ဆီးခံထားရသည်ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
“အာဏာပိုင်တွေက ည ၇ နာရီကနေ မနက် ၇ နာရီအထိ ည မထွက်ရအမိန့် ထုတ်ထားတယ်။ သူတို့က ခြံထဲကိုတောင် မထွက်နဲ့လို့ ပြောကြတယ်။ ကျွန်တော်တို့ ဈေးတောင် မသွားနိုင်တော့ပါဘူး” ဟု ၎င်းက ဆိုသည်။

Writer:
Ref:AFP
No comments:
Post a Comment