Monday, January 11, 2016

MPU Credit စနစ်ပါဝင်သည့်ကတ်များ ဖေဖော်ဝါရီလတွင် အသုံးပြုနိုင်မည်



The Mirror Daily's photo.



နိုင်ငံတကာတွင် တွင်ကျယ်စွာ အသုံးပြုနေသော Credit ကတ်ဖြင့် ငွေပေးချေနိုင်သော စနစ်ကို မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလမှစ၍ အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိသည်ဟု ဧရာဝတီဘဏ်မှ သိရသည်။
Credit ကတ်ဆိုသည်မှာ ကြိုတင်သတ်မှတ်ထားသော ငွေပမာဏကို သတ်မှတ်ထားသော အတိုးနှုန်းဖြင့် ချေးယူအသုံးပြုနိုင်သော ကတ်အမျိုးအစားဖြစ်သည်။ ယင်းကတ်ဖြင့် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ခရီးသွားလုပ်ငန်းများ၊ စိန်ရွှေရတနာဆိုင်များ၊ အမှတ် တရပစ္စည်းအရောင်းဆိုင်များ အစရှိသော စီးပွားရေးလုပ်ငန်းများတွင် ငွေသားကိုင် ဆောင်စရာမလိုဘဲ ပေးချေနိုင်သည်။
ထို့ကြောင့် ဧရာဝတီဘဏ်နှင့်ဆက်သွယ်၍ အဆိုပါ Credit ကတ်အကြောင်းနှင့် အသုံးပြု ပုံများကို တွေ့ဆုံမေးမြန်းခဲ့သည်။
မေး- အစ်မနာမည်နှင့် တာဝန်ယူရတဲ့အပိုင်းကို ပြောပြပေးပါ။
ဖြေ-အစ်မက နန်းစောခမ်းဖြူပါ။ ဧရာဝတီဘဏ် ကတ်ဌာနရဲ့ ဒုတိယအထွေထွေ မန်နေဂျာပါ။
မေး-ဟုတ်ကဲ့။ Credit ကတ်အကြောင်းကို အရင်ဆုံးရှင်းပြပေးပါ။
ဖြေ- Credit ကတ်ဆိုတာကတော့ အကြွေး ဝယ်ကတ်ဆိုတာ အားလုံးသိနားလည်ကြပါတယ်။ နိုင်ငံတကာမှာတော့ Credit ကတ်ကို အမျိုးအစားနှစ်မျိုးနဲ့ အသုံးပြုကြတယ်။ ပထမ အမျိုးအစားက Credit ပေးမယ့် သက်ဆိုင်ရာ ဘဏ်ရဲ့ မူဝါဒနဲ့ လမ်းညွှန်ချက်တွေအတိုင်း သုံးစွဲတဲ့သူရဲ့ နောက်ခံသမိုင်း၊ ငွေကြေးခိုင်မာ မှု၊ အာမခံမယ့်သူရဲ့ ဝင်ငွေရရှိမှုအခြေအနေ အစရှိတဲ့ အချက်အလက်တွေပေါ်မူတည်ပြီး သုံးစွဲနိုင်မယ့် ငွေပမာဏကို သတ်မှတ်ပေးထားတဲ့ Unsecured Credit ကတ်ဖြစ်တယ်။ ဒီကတ်က အာမခံငွေသွင်းထားစရာမလိုပါဘူး။
ဒုတိယအမျိုးအစားက Secured Credit ကတ်ပါ။ ဒီကတ်က Credit အသုံးပြုတဲ့ နောက်ခံသမိုင်းမရှိသေးတဲ့ သူတွေအတွက် သတ်မှတ်ထားတာပါ။ ကတ်အသုံးပြုမယ်ဆိုရင် ဘဏ်မှာ စာရင်းသေအပ်ငွေကို အာမခံအဖြစ်ထားရှိပေးရမယ်။ ဒါကြောင့် နိုင်ငံတကာမှာ အကြောင်းအမျိုးမျိုးကြောင့် Unsecured ကတ်ကို အသုံးပြုခွင့်မရရှိ သေးတဲ့သူတွေကို ကနဦးအနေနဲ့ ဘဏ်ကနေ အချိန်ကာလတစ်ခုအထိ Secured ကတ်ကို စတင်အသုံးပြုစေပြီးမှ Unsecuredိ ကတ်ကို အသုံးပြုခွင့်ပေးကြပါတယ်။
မေး- ဒါဆို ဧရာဝတီဘဏ်အနေနဲ့ကကော ကတ်အမျိုးအစားနှစ်မျိုးလုံး ထုတ်သွားဖို့ရှိလား။
ဖြေ-ခုလောလောဆယ်တော့ ပထမအမျိုး အစားဖြစ်တဲ့ Unsecured ကို အရင်ထုတ်သွားမယ်။ နောက်ပိုင်း အခြေအနေပေါ် မူတည်ပြီး Secured ကတ်ကိုလည်း ပြန်ထုတ်သွားဖို့ရှိပါတယ်။
မေး- Unsecured Credit ကတ်ကို အရင် ထုတ်မယ်ဆိုတော့ အရင်ဆုံး အာမခံငွေသွင်း ထားစရာမလိုဘူး။ ဒါဆို ဘယ်လိုလူမျိုးတွေက ဘယ်လောက်ကြိုတင်သုံးစွဲခွင့် ရနိုင်မလဲ။
ဖြေ- ဝင်ငွေပြနိုင်မယ့်သူ မည်သူမဆိုကတ်ကို အသုံးပြုနိုင်ပါတယ်။ အဓိကက လစာပေါ် အခြေခံပြီး တွက်ချက်တာဆိုတော့ အများဆုံး ဝင်ငွေရဲ့ ၃ ဒသမ ၅ ရာခိုင်နှုန်းထိ ကြိုတင် သုံးစွဲခွင့်ရရှိမှာပါ။ ဥပမာ လစဉ်ဝင်ငွေ အထောက်အထား ကျပ်နှစ်သိန်းပြနိုင်ရင် ခုနစ်သိန်းထိ ကြိုတင်သုံးစွဲခွင့်ရရှိမှာပါ။ အစ်မတို့အနည်းဆုံး သုံးသိန်းကနေ အများဆုံး သိန်း ၅ဝ ထိ သတ်မှတ်ထားပါတယ်။
မေး-ဟုတ်ကဲ့ပါအစ်မ။ အသုံးပြုပြီးရင်ကော အားလုံးပြန်ဆပ်ရမှာလား။ ခွဲဆပ်ရမှာလား။ အတိုးနှုန်းက တစ်လကို ဘယ်လောက် သတ်မှတ်ထားလဲ သိချင်ပါတယ်။
ဖြေ-Credit Card ကို ထုတ်ပြီးရက်ကနေ ရက်ပေါင်း ၅ဝ ထိ အတိုးကင်းလွတ်ခွင့် ပေးထားပါတယ်။ ကင်းလွတ်ခွင့်ကာလ အတွင်းမှာ သုံးစွဲခဲ့တဲ့ငွေပမာဏအပြည့်ကို ပြန်ဆပ်မယ်ဆိုရင် အတိုးပေးစရာ မလိုပါဘူး။ ဒါမှမဟုတ်ဘဲ ကင်းလွတ်ခွင့်ကာလကျော် လွန်မှ အနည်းဆုံးပေးချေရမယ့် ငွေပမာဏ ကိုသာပေးမယ်ဆိုရင် ကျန်ရှိနေတဲ့ငွေပမာဏ ပေါ်မှာ တစ်လကို အတိုးနှုန်း ၁ ဒသမ ဝ၈ ရာခိုင်နှုန်း ကောက်ခံသွားမှာပါ။

မေး-အနည်းဆုံးပေးဆပ်ရမယ့် ငွေပမာဏကကော ဘယ်လောက်လဲ သိချင်ပါတယ်။
ဖြေ-အတိုးကင်းလွတ်ခွင့်ကျော်လွန်မှ ပေးဖို့ ကျန်နေသေးတဲ့ပမာဏရဲ့ စုစုပေါင်း ၁ဝ ရာခိုင်နှုန်း၊ ဒါမှမဟုတ် ငွေကျပ် ၁ဝဝဝဝ ကို အနည်းဆုံးပေးရမှာပါ။ အကြောင်းအမျိုးမျိုးကြောင့် အနည်းဆုံးပေးရမယ့် ပမာဏအောက်ကိုသာ ပေးမယ်ဆိုရင် ကျန်တဲ့ ပမာဏကို နောက်ကျကြေး နှစ်ရာခိုင်နှုန်းနဲ့အတူ ဆပ်ရန်ကျန်ရှိနေသေးတဲ့ ပမာဏရဲ့ နောက်လစာရင်းရှင်းတမ်းမှာ အတိုးပေါင်းပြီး ကောက်ခံသွားမှာပါ။ ဒါမှမဟုတ် သတ်မှတ်ထားတဲ့ အနည်းဆုံးပမာဏကို မပေးချေဘူးဆိုရင်တော့ အဲဒီလအတွက်ပေးရမယ့် ပမာဏပေါ်မှာ အနည်းဆုံးအတိုးနှုန်း နှစ်ရာခိုင်နှုန်း ဒါမှမဟုတ် ငွေကျပ် ၁ဝဝဝဝ ကို နောက်ကျကြေးအဖြစ် လစဉ်ပေးဆောင် သွားရမှာပါ။
မေး-လစဉ်ငွေစာရင်းရှင်းတမ်းတွေကိုကော အလွယ်တကူ ဘယ်လိုသိရှိနိုင်မှာလဲ။
ဖြေ-ငွေစာရင်းရှင်းတမ်းတွေကို အသုံးပြုတဲ့ သူတွေရဲ့အီးမေးလိပ်စာတွေထဲကို အစ်မတို့ က လစဉ်ပို့ပေးမှာပါ။
အဲဒီမှာ ကောင်းတဲ့အချက်က ဒီကတ်ကို သုံးပြီး တစ်လအတွင်းမှာ ငွေဘယ်လောက်သုံး မိခဲ့လဲ၊ ဘာတွေဝယ်ခဲ့လဲဆိုတာ သုံးစွဲသူက အသေးစိတ်ကို လစဉ်အလွယ်တကူသိရှိနိုင်တယ်။
မေး-ဟုတ်ကဲ့အစ်မ။ Credit Card တွေက နိုင်ငံတကာမှာသာ တွင်ကျယ်စွာ အသုံးပြုနေ ကြတာမှန်ပေမယ့် မြန်မာနိုင်ငံမှာက ခုမှ ကတ်နဲ့စသုံးရမှာဆိုတော့ ဘယ်နေရာတွေမှာ အသုံးပြုလို့ရနိုင်မှာလဲ သိချင်ပါတယ်။
ဖြေ-ခုလောလောဆယ် ပြည်တွင်းမှာ MPU တံဆိပ်ကပ်ထားတဲ့ ဈေးဆိုင်၊ စားသောက်ဆိုင်၊ ကုန်တိုက်တွေမှာ အသုံးပြုလို့ရပါတယ်။ နောက်ထပ်လည်း လုပ်ငန်းတော်တော်များများမှာ အသုံးပြုလို့ရနိုင်အောင် ချိတ်ဆက်ဆောင် ရွက်နေပါတယ်။
မေး-ကတ်ကို အသုံးပြုဖို့ လျှောက်ထားမယ်ဆို ဘာတွေလိုအပ်မလဲ။ ဘယ်လောက်ကြာနိုင်လဲ။
ဖြေ- လျှောက်ထားရမယ့်သူတွေက အသက် (၂၁) နှစ်ပြည့်ပြီးတဲ့ မြန်မာလူမျိုး၊ အမြဲတမ်း နေထိုင်ခွင့်ရသူ ဖြစ်ရမယ်။ လခစားဝန်ထမ်း၊ ကိုယ်ပိုင်လုပ်ငန်းရှင်၊ အငြိမ်းစားဝန်ထမ်းတွေ လျှောက်လို့ရပါတယ်။ ဝင်ငွေကို ပြနိုင်မယ့် စာရွက်စာတမ်း၊ အိမ်ထောင်စုစာရင်း၊ ကုမ္ပဏီထောက်ခံချက်အပြင် ထောက်ခံပေးမယ့်သူနှစ်ဦး စတာတွေလိုအပ်ပါတယ်။ ပြည့်စုံတဲ့လျှောက်လွှာ၊ စာရွက်စာတမ်းတွေကို အစ်မတို့ စိစစ်ဖို့အတွက် ၁၄ ရက်အချိန်ယူပါတယ်။ ကတ်ရပြီဆိုရင် အစ်မတို့ ဖုန်းဆက်ပြီး အကြောင်းကြားပေးပါတယ်။
မေး-ဟုတ်ကဲ့။ ကတ်ကို မိသားစုအလိုက် ဆင့်ပွားပြီးကော သုံးလို့ရနိုင်လား။
ဖြေ-ဟုတ်၊ ရပါတယ်။ မိသားစုဝင်တွေက ကိုယ်ပိုင်ကတ်တစ်ကတ်စီနဲ့ အဓိကငွေပြန် ဆပ်မယ့် အိမ်ထောင်ဦးစီးရဲ့ကတ်ကနေ မိသားစုလေးဦးအထိပွားပြီး အသုံးပြုလို့ရပါတယ်။
မေး-ဟုတ်ကဲ့ အစ်မ။ ကတ်တန်ဖိုးကို ဘယ်လောက်သတ်မှတ်ထားလဲ သိချင်ပါတယ်။ ကတ်အခိုးခံရတာ၊ ကတ်ပျောက်၊ ကတ်ပျက်သွားတာတွေအတွက် ဘယ်လိုဆောင်ရွက် ပေးသွားမလဲ သိချင်ပါတယ်။
ဖြေ- ဧရာဝတီဘဏ်ရဲ့ MPU Credit ကတ်ကို အခမဲ့လျှောက်ထားနိုင်ပါတယ်။ ကတ်အခိုးခံရပြီဆိုရင် ဝ၉-၄၂ဝဝ၅၅၅၈၂ကို ချက်ချင်းဆက်သွယ် အကြောင်းကြားပါ။ ဒါမှမဟုတ် နီးစပ်ရာ ဧရာဝတီဘဏ်ခွဲတွေကို အကြောင်းကြားပါ။ ကတ်အသစ်ပြန်လျှောက် မယ်ဆိုရင်တော့ ငွေကျပ် ၃ဝဝဝဝ ကျမှာပါ။ လျှို့ဝှက်နံပါတ်ပြောင်းမယ်ဆိုရင် ငွေကျပ် ၁ဝဝဝဝ ကျခံရမှာပါ။
မေး-အစ်မအနေနဲ့ ဧရာဝတီဘဏ် MPU Credit ကတ်နဲ့ပတ်သက်ပြီး ဖြည့်စွက်ပြော ကြားချင်တာများ ရှိပါသလား။
ဖြေ-ဒီကတ်ကို ထုတ်ဖြစ်တာက အစ်မတို့ မြန်မာလူမျိုးတွေရဲ့ ဘဝနေထိုင်မှုပုံစံကို ချိန်း ပေးချင်တာပါ။ ကတ်နဲ့ငွေပေးချေတဲ့ စနစ်ဆိုတာ နိုင်ငံတကာမှာ တွင်တွင်ကျယ်ကျယ်ကို အသုံးပြုနေကြတာလေ။ အခုကတ်ကတော့ ပြည်တွင်းမှာပဲ အသုံးပြုနိုင်တာပေါ့။ ဒါအစ်မတို့ ပထမခြေလှမ်းပါ။ နောက်ကျရင် ပြည်ပထိပါ သယ်သွားလို့ရတဲ့ ကတ်ကိုလည်း အစ်မတို့ ထုတ်သွားဖို့ရှိပါတယ်။

(ခင်ဇာလီ)

No comments: