မာယာလူမျိုးများ
မာယာလူမျိုးများက မက္ကဆီကို တောင်ပိုင်းကနေ စန်တရယ် အမေရိက မြောက်ပိုင်း အထိ လွန်ခဲ့တဲ့နှစ်ပေါင်း ငါးထောင်ကျော်ကတည်းက နေထိုင်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်း သမိုင်းမှတ်တမ်းအနေအရ ကြည့်မယ်ဆိုရင်တော့ နှစ်ပေါင်း ၃၀၀၀ ကျော်လောက်ကပေါ့။
မာယာလူမျိုးတွေ ကျွန်တော်တို့ ကမ္ဘာမြေအတွက် ဘာတွေ ချန်ခဲ့သလဲဆိုရင် လှပတဲ့ ဘုရားကျောင်းတွေနဲ့ ပိရမစ်တွေပါပဲ။ နောက်ပြီး အားလုံးကို သို့လောသို့လော ဖြစ်စေတဲ့ Long Count ပြက္ကဒိန်ပေါ့။ တကယ်တော့ မာယာလူမျိုးတွေက အေးဆေးတဲ့ လူမျိုးတွေပါ။ တခါတရံ လူအချင်းချင်း ယဇ်ပူဇော်တာက လွဲလို့ပေါ့လေ။ နောက်ပြီး သူတို့ လူမျိုးတွေကို နက္ခတ်ဗေဒပညာရှင်တွေလို့လည်း ခေါ်ကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်လောက်မှာ တယ်လီစကုတ်မပါဘဲ နေစကြာဝဠာ၊ ဂြိုလ်တွေရဲ့ လည်ပတ်နေပုံကို လေ့လာနိုင်ခဲ့ကြတယ်။ အချိန်ကို အမြဲတမ်း သတိထား ကြည့်တတ်ကြတဲ့ လူမျိုးများ ဖြစ်ကြပြန်တယ်။ မာယာလူမျိုးတွေ တည်ထောင်ခဲ့တဲ့ မြို့တော်က အမေရိကရဲ့ မဟတ်တန်မြို့တော်လောက် ကြီးပါတယ်။ လူဦးရေကလည်း တော်တော်များပါတယ်။ ဒါပေမယ့် အဲသည်မြို့တော်ကို သူတို့အားလုံး ရုတ်တရက် စွန့်ခွာသွားကြတယ်။ အခုထက်ထိ ဘာကြောင့် စွန့်ခွာသွားသလဲ ဆိုတာကို ဘယ်သူမှ သေသေချာချာ မသိကြပါဘူး။ သမိုင်းပညာရှင်တွေ၊ ရှေးဟောင်း သုတေသန ပညာရှင်တွေအတွက် အခုထက်ထိ အဖြေရှာ မရသေးတဲ့ ပုစ္ဆာတစ်ပုဒ်ပါပဲ။
မာယာလူမျိုးတွေက ပထမဆုံး ဖတ်စာကို တီထွင်ကြသူတွေလို့လည်း ဆိုပြန်ပါတယ်။ ဒါပေမယ့် သူတို့တွေ ဘာတွေ ရေးခဲ့သလဲဆိုတာကို တော်တော်နဲ့ အဖြေရှာ မရခဲ့ပါဘူး။ သူတို့ ရေးသားတဲ့ စာတွေက ပုံတွေ သင်္ကေတတွေချည်းပါပဲ။ စပိန်လူမျိုးတွေရဲ့လက်အောက်ကို ၁၇ ရာစုမှာ ကျရောက်ခဲ့ပြီး မာယာလူမျိုးတွေရဲ့ လက်ဆင့်ကမ်း သယ်လာတဲ့ မှတ်တမ်း စာအုပ်တွေ အားလုံး မီးရှို့ဖျက်ဆီး ခံခဲ့ရတယ်။ ထိုမီးရှို့ခဲ့တဲ့ အထဲက စာအုပ်လေးအုပ်ပဲ မပျက်ဆီးပဲ ကျန်ရစ်ခဲ့တယ်။ ထိုကျန်ခဲ့တဲ့ စာအုပ်တွေက သင်္ချာအက္ခရာတွေအကြောင်း ရေးထားပါတယ်။ ဒါပေမယ့် နောက်ပိုင်း သမိုင်းပညာရှင်တွေခမျာ သူတို့ ဘာတွေ ရေးထားသလဲဆိုတာ သေသေချာချာ မဖော်ထုတ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ဂျာမဏီမှာ ဟစ်တလာစစ်ရှုံးပြီး သူ့ရဲ့ အမျိုးသား စာကြည့်တိုက်ကြီး မီးလောင်ခံရပါတယ်။ ထောင်ပေါင်းများစွာသော စာအုပ်တွေ မီးလောင်ခံနေရတဲ့ အထဲက ရုရှစစ်ဗိုလ်တွေက တွေ့ရာစာအုပ်တွေကို ဆွဲပြီး လက်ဆောင်ပစ္စည်းအဖြစ် သိမ်းကြပါတယ်။ စစ်ဗိုလ်တစ်ဦးက မာယာလူမျိုးတွေရဲ့ အက္ခရာတွေကို ဖော်ပြထားတဲ့ စာအုပ်ကို ရခဲ့ပြိး ထိုစာအုပ်မှ တဆင့် မာယာလူမျိုးတွေရဲ့ သမိုင်းနဲ့ အရေးအသားတွေကို အဓိပ္ပါယ် ဖော်နိုင်ခဲ့ကြတယ်။
မာယာလူမျိုးတွေရဲ့အကြောင်းကို ဆက်ပြောပြရလျင်တော့ အံ့သြဖွယ်ရာကောင်းတဲ့ သူတို့ရဲ့ နက္ခတ်ပညာပါပဲ။ ကြယ်တွေရဲ့ အခင်းအကျင်းကို တယ်လီစကုတ်မပါဘဲ လေ့လာနိုင်ခဲ့ကြတယ်။
နောက်ပြီး မာယာရှေးဟောင်းမြို့တော် အချို့ကိုလည်း ခုနှစ်စဉ်ကြယ်ဘက်ကို မျက်နှာလှည့်ပြီး တည်ထောင်ခဲ့ကြတယ်။
မာယာလူမျိုးတွေက အာကသသဘောတရားနဲ့ သက်ဆိုင်တဲ့ အချိန်တွေကို ယုံကြည်ကြတယ်။ သူတို့ရဲ့ ဘာသာရေးပွဲတွေဟာ အာကာသနဲ့ မိခင်ကမ္ဘာမြေဲကြီးတို့ရဲ့ သဘာဝလည်ပတ်မှုနဲ့ အလွန်ပဲ ဆက်စပ်နေကြပြီး ပြက္ကဒိန်တွေကို အသုံးပြုခဲ့ကြတယ်။ မာယာဘုန်းတော်ကြီးတွေက ထိုလည်ပတ်မှုသံသရာကို လေ့လာပြီး ပြက္ကဒိန်ပေါ်က ခုနှစ်တွေ ဂဏန်းတွေပေါ်မှာ မူတည်ပြီး အနာဂတ်ကို တွက်ချက်ကြပါတယ်။ ထိုပြက္ကဒိန်ပေါ် မှုတည်ပြီးတော့လည်း အာကာသ ဂြိုလ်သွားဂြိုလ်လာနဲ့ဆိုင်တဲ့ အခမ်းအနားတွေကို ကျင်းပကြတယ်။ တခါတရံ ထိုအခမ်းအနားတွေအတွက် လူကို စတေးတဲ့ ယဇ်ပူဇော်ပွဲတွေကို ထည့်သွင်းကြတယ်။ စတေးခံရမည့်လူရဲ့ ခြေတွေလက်တွေကို ကိုင်ထားပြီး ဘုန်းတော်ကြီး လုပ်သူက ထိုလူရဲ့ ရင်ကိုခွဲ အသည်းကို ထုတ်ပြီး ပူဇော်ကြပါတယ်။ တခါတရံ ကလေးတွေကို ဖြူစင်မှု အထိန်းအမှတ်အနေနဲ့ စတေးကြပြန်ပါသေးတယ်။ ဘာပဲပြောပြော သူတို့ရဲ့ ဘာသာရေး ဓလေ့ထုံးစံတွေကို ပညာရှင်တွေ သေသေချာချာ နားမလည်နိုင်ကြသေးပါဘူး။
မာယာလူမျိုးတွေက ပြက္ခဒိန် တခုကို ကျောက်တုံးတွေဖြင့် အခိုင်အမာ တည်ဆောက်ခဲ့ပါတယ်။ အဲသည်အရာက El_Castillo Pyramid ဖြစ်ပါတယ်။ အဲသည်ပိရမစ်ရဲ့ လှေကားစုစုပေါင်းဟာ ပြက္ခဒိန်က ရက်ပေါင်း ၃၆၅ရက်ကို ကိုယ်စားပြုတဲ့ ၃၆၅ လှေကားထစ် ရှိပါတယ်။ ကမ္ဘာက နေကိုလှည့်ပတ်သည့်အခါ နေ့စဉ် နေရောင်ကျမှုတွေက ကွဲပြားပါတယ်။ ထိုကွဲပြားမှုကို မာယာလူမျိုးတွေက သေသေချာချာ တွက်ချက်ပြီး ပိရမစ်ကို တည်ဆောက်ခဲ့တာကြောင့် ပိရမစ်အပေါ် အရိပ်ကျမှုတွေက ထူးခြား လှပနေပါတယ်။ မာယာပြက္ခဒိန်မှာ အဆင့်ကိုးဆင့်ရှိသလို ထိုပိရမစ်ကလည်း အဆင့်ကိုးဆင့်စီ ရှိပါတယ်။ အဆင့်တိုင်းမှာလည်း အစိတ်အပိုင်း ၁၃ ခုစီ ရှိပါတယ်။ ထိုအစိတ်အပိုင်းများက ကမ္ဘာဖန်တီးမှု ၇ ရက် (7Period of Light) ၆ ည (6 period of Dark) ကို ကိုယ်စားပြုတဲ့ သင်္ကေတ ကျောက်ပြားတွေ ဖြစ်ပါတယ်။ နေ့တွေက လူတွေရဲ့ Consciousness အသိအမြင် နားလည်တိုးတက်အောင် လုပ်သည့်အပိုင်းဖြစ်ပြီး ညတွေကတော့ ထိုအသိအမြင်ကို အသုံးချသည့်အပိုင်း ဖြစ်ပါတယ်။
မာယာလူမျိုးတွေက ဖြစ်ပြီး၊ ပျက်မယ်ဆိုတဲ့ သဘောတရားနဲ့ ထိုပျက်ဖို့အတွက် အကြောင်းတရား ဖန်လာနိုင်တဲ့ အချက်ကို ပြက္ခဒိန်ကနေတဆင့် နားလည်ကြပါတယ်။
Credit-ကျော်ထူးအောင်
No comments:
Post a Comment