Monday, January 11, 2016

၂၀၁၄ ခုနှစ် အောက်တိုဘာ ၁ ရက်က ထိုင်းတောင်ပိုင်း ကာပါရွာ ရော်ဘာခြံတွင် ရော်ဘာပင်များမှ အစေးများ ခွက်ထဲသို့ ကျနေစဉ် (Photo:AFP)
ထိုင်းစစ်အစိုးရအဖွဲ့ အကြီးအကဲသည် ထိုင်းနိုင်ငံ၏ အကုန်အကျများသည့် စိုက်ပျိုးရေးဆိုင်ရာ ထောက်ပံ့မှု သမိုင်းရှည်ကြီးကို အဆုံးသတ်မည်ဟု ပေးထားသည့်ကတိကို ဖောက်ဖျက်ကာ အကျပ်ရိုက်နေသော စိုက်ပျိုးရေးသမားများကို ကူညီရန်အတွက် ရော်ဘာများဝယ်ယူရန် ၀န်ကြီးဌာနရှစ်ခုကို အမိန့်ပေးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ ရော်ဘာစိုက်ပျိုးရေးသမား အများစုသည် တောင်ပိုင်းပြည်နယ်များမှဖြစ်ပြီး ၎င်းတို့သည် စစ်တပ်ကို အာဏာရသွားစေသည့် ၂၀၁၄ ခုနှစ် မေလ စစ်အာဏာသိမ်းမှုကို အားပေးသည့် အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှု၌ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသူများဖြစ်သည်။
ကမ္ဘာ့ရော်ဘာဈေးနှုန်းများ ကျဆင်းခဲ့သောကြောင့် ထိုင်းရော်ဘာဈေးသည် တစ်ကီလိုဂရမ်လျှင် ၁၉ ဘတ် (၇၉ ဆင့်) သာ ရှိတော့ပြီး နွေရာသီတစ်လျှောက် ထက်ဝက်ခန့် ကျဆင်းခဲ့ခြင်း ဖြစ်သည်။
ရော်ဘာစိုက်ပျိုးသမားများက တစ်ကီလီဂရမ်လျှင် ဘတ် ၆၀အထိ ဈေးနှုန်းဖြင့် ၀ယ်ယူရန် စစ်အစိုးရကို တောင်းဆိုထားသော်လည်း စစ်အစိုးရအဖွဲ့ခေါင်းဆောင် ပရာယွတ်ချန်အိုချာက ယခုအထိ ငြင်းဆန်ထားဆဲဖြစ်သည်။
ဒီမိုကရေစီနည်းကျရွေး ကောက်တင်မြှောက်ခံရသော ယင်လက်နာဝပ်ထရာ အစိုးရအဖွဲ့ကို စစ်တပ်က ဖြုတ်ချခဲ့ပြီ ယင်လက် မိသားစုသည် မဲဆွယ်ရန်အတွက် နိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းရှိ စပါးစိုက် လယ်သမားများအား နိုင်ငံတော်ငွေကြေးဖြင့် အကြီးအကျယ် ထောက်ပံ့ခဲ့သည်ဟု စွပ်စွဲခဲ့သည်။
ဘဏ္ဍာငွေ အကုန်အကျများသော ဆန်စပါးဝယ်ယူရေး အစီအစဉ်တစ်ရပ်အတွက် ရာဇ၀တ်မှုဖြင့် ယင်လက်ကို ပရာယွတ် ဦးဆောင်သော စစ်အစိုးရ အဖွဲ့က တရားစွဲဆိုခဲ့သည်။ အဆိုပါအစီအစဉ်အရ ယင်လက် အစိုးရအဖွဲ့သည် လယ်သမားများထံမှ ဆန်စပါးများကို ပေါက်ဈေး၏ နှစ်ဆပေးကာ ၀ယ်ယူခဲ့သည်ဟု ဆိုသည်။
ယင်းအစီအစဉ်နှင့်ပတ်သက်၍ ယင်လက်ကို တာဝန်ပေါ့လျော့မှုဖြင့် တရားစွဲဆိုထားပြီး ယင်လက်သည် ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရဖွယ်ရှိနေသည်။
ရော်ဘာ စိုက်ပျိုးရေးသမားများ၏ စိတ်ပျက်မှုများ အကြီးအကျယ် ကြီးထွားလာနေချိန်တွင် ပရာယွတ်က အဓိက၀န်ကြီးဌာနများကို ၎င်းတို့၏ ဘတ်ဂျက်များအား ဈေးနှုန်းကျဆင်းခြင်း ပြဿနာကြီးကို ဖြေရှင်းရာ၌ မြှုပ်နှံခိုင်းခဲ့သည်။
“၀န်ကြီးဌာနတွေအနေနဲ့ ရော်ဘာနဲ့ ပတ်သက်ပြီး သူတို့ရဲ့ဘတ်ဂျက်တွေ ဘယ်လိုသုံးရမလဲဆိုတာ ကြည့်ကြပါလိမ့်မယ်”ဟု ပရာယွတ်က သတင်းထောက်များအား ဇန်န၀ါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ သူက “၀န်ကြီးဌာန အသီးသီးအနေနဲ့ ဒီနေ့အကုန်မှာ သူတို့ရဲ့အစီအစဉ်တွေကို တင်သွင်းဖို့ လုပ်ထားကြပြီးပါပြီ”ဟုလည်း ပြောကြားခဲ့သည်။                     

Writer: 
Ref: AFP

No comments: