အမျိုးသမီးများ အပါဝင် မူဆယ်ဒေသခံ အနည်းဆုံး လူ ၂၀ ကျော်ခန့်ကို
ကေအိုင်အေ တပ်မဟာ ၄ မှ ယခု ရက်ပိုင်းအတွင်း ဖမ်းဆီးထား
31-12-2015
ဒေသခံ ရှမ်းနှင့် အခြားတိုင်းရင်းသူ အမျိုးသမီးများ အပါအ၀င် မူဆယ် ဒေသခံအနည်းဆုံး လူ ၂၀ ကျော်ခန့်ကို ကေအိုင်အေ တပ်မဟာ (၄) မှ ဖမ်းဆီးထားကြောင်းမူဆယ်ဒေသခံများထံမှ သိရသည်။
‘ကျန်တော်တို့ဆီမှာ စာရင်းရတာ အနည်းဆုံး ၁၅ ဦး ရှိနေပြီ ကျန်တဲ့ ရွာတွေမှာလည်း တစ်ရွာ ၇ ယောက်နှုန်းလောက်နဲ့ စစ်သားပေးဖို့ တောင်းနေတာ တချို့လည်း ပေးနေရတယ်ကြားတယ် ။ စာရင်းကတော့ ထပ်စုနေဆဲပဲ ရက်ပိုင်းအတွင်း ၊ဒီလထဲမှာကို ကေအိုင်အေက ဆွဲသွားတာ” ဟု မူဆယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ စိုင်းယဉ်လိတ်က ဒီဇင်ဘာလ ၃၀ ရက်နေ့ ညပိုင်းတွင် အတည်ပြုပြောဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တို့တွင် မူဆယ်မြို့နယ် နမ့်အွမ်းကျေးရွာအုပ်စု၌ ကျင်းပသည့် ရှမ်းနှစ်သစ် ကောက်သစ် ကောက်သစ်စားပွဲတော်ကိုကျင်းပခဲ့ရာ အဆိုပါ ပွဲတော်ကို လာရောက်သည့် ရှမ်းနှင့် တအာင်းပလောင်အမျိုးသမီးများ အပါဝင် စုစုပေါင်း ဒေသခံ ၁၅ ဦးကို ကေအိုင်အေမှ ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများမှ တညီတညွတ်တည်း ပြောဆိုသည်။
“ကျန်တော်တို့ နမ့်အွမ်ရွာက ပွဲတော်ကို လာတဲ့အချိန်မှာ ဖြစ်ကုန်တာ ၊ ရုပ်လည်းဆိုးတယ် ၊ ကေအိုင်အေ လုပ်ရပ်ကို ကန့်ကွက်ပါတယ်” ဟု နမ့်အွမ်ဒေသခံဖြစ်သူစိုင်းယီက ပြောသည်။
ကေအိုင်အေ တပ်မဟာ ၄ အနေဖြင့် ယင်းကဲ့သို့ ဖမ်းဆီးမှုများ အပါဝင် မူဆယ်ဒေသတွင်း ကျေးရွာများကို တစ်ရွာလျှင် လူ (၇) ဦးကျ စစ်သားစုဆောင်းမှုအတွက်ပေးကြရန် (သို့မဟုတ်) မပေးနိုင်ပါက ရန်ပုံငွေထည့်ရန်လည်း အကြောင်းကြားစာများ ပေးပို့ထားကြောင်း မူဆယ်ဒေသခံ ရှမ်းအသိုင်းဝိုင်းမှ အတည်ပြု ပြောဆိုပြီး
တအာင်းပလောင် လူငယ်များကလည်း တအာင်းပလောင် အမျိုးသမီးများပါ
ဖမ်းဆီးခံရမှုများ ရှိနေကြောင်း အတည်ပြုပြောဆိုသည်။
‘မူဆယ် ပန်ဝိုင်းဘက်မှာ တအာင်းပလောင် လူငယ် အမျိုးသမီးတွေရော အမျိုးသားတွေရော အဖမ်းခံလိုက်ရတယ် ကေအိုင်အေက ဆွဲသွားတာ’ ဟု တအာင်းပလောင်ဒေသအတွင်း သတင်းများကို အဓိက ရေးသားထုတ်ဝေနေသည့် လားရှိုးအခြေစိုက်
မားနဂါးဂျာနယ်မှ အယ်ဒီတာ မိုင်းကောင်းဆိုင်က ပြောသည်။
ဖမ်းဆီးခေါ်ဆောင် သွားမှုများနှင့် ပတ်သက်၍ မူဆယ်အခြေစိုက် ရှမ်းစာပေ
ယဉ်ကျေးမှု အသင်းကလည်း ကန့်ကွက်ကြောင်း ကြေညာာချက်တစ်ရပ်ကို
ဒီဇင်ဘာလ ၃၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားပြီး လူငယ်များကို မိဘများထံပြန်လည် အပ်နှံရန်လည်း တောင်းဆိုထားသည်။
‘ကျန်တော်တို့က တိုင်းရင်းသား အရေးအတွက် တော်လှန်နေတဲ့ အဖွဲ့တွေကို ဘ၀တူတွေအဖြစ် သတ်မှတ်ပြီး တစ်ချိန်လုံး သူတို့ဘက်က ရပ်ခံပြောဆိုပေးခဲ့တယ်။ အခုလိုလက်နက်အားကိုးနဲ့ ပြည်သူတွေ အမျိုးသမီးတွေကို အနိုင်ကျင့်တာ တော်တော်ရုပ်ဆိုးတယ် ။ ရှုံ့ချပါတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ
ပြောခွင့်ရ ဦးစိုင်းလိတ်က ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ထံ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ခရီးသွားနေသောကြောင့်ဆက်သွယ်၍ မရခဲ့ပေ။
ကေအိုင်အေနှင့် နီးစပ်သူတစ်ဦးကမူ တပ်မဟာ (၄) မှ ဖမ်းဆီး သွားသည်
ဆိုသည်မှာ မှန်ကန်ပါက ကေအိုင်အေမှ ပြန်လည် စိစစ်ပေးသွားမည် ဖြစ်ကြောင်းပြောသည်။
“တပ်မဟာ (၄) က ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ရှိနေတော့ ဗဟိုထိန်းချုပ်မှုနဲ့
အနည်းငယ်ဝေးနေတဲ့ အခြေနေမှာ ရှိနေပါတယ်” ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှဒေါ်ခွန်ဂျာက ပြောသည်။
အဆိုပါ ဖမ်းဆီးသွားသည့် မူဆယ် ဒေသခံများအား လွတ်ပေးရန် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းမှ KIA တာဝန်ရှိသူများထံ ယနေ့  ဒီဇင်ဘာလ ၃၁ ရက်နေ့ တွင် တောင်းဆို လိုက်သည်ဟု ၈၈ မျိုးဆက် အဖွဲ့မှ တာဝန်ရှိသူများကပြောသည်။
STAL/The Ladies
No comments:
Post a Comment