Monday, January 11, 2016

ဖခင်ရဲ့ သမိုင်းပေးတာဝန်ကို မဖြစ်မနေ ထမ်းဆောင်ရမယ့် ဒေါ်အောင်ဆန်းစုကြည်


ဖခင်ရဲ့ သမိုင်းပေးတာဝန်ကို မဖြစ်မနေ ထမ်းဆောင်ရမယ့် ဒေါ်အောင်ဆန်းစုကြည်

|| စိုင်းထွန်းအောင်လွင် ||

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ အစိုးရအကြား နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်
ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီး နောက် ဆက်လက် ပြုလုပ်မယ့် နိုင်ငံရေး ဆွေးနွေးပွဲကို
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အစက မတက်ဘူးလို့ ပြောဆိုထားပေမယ့်
နောက်ဆုံးမှာတော့ ဇန်န၀ါရီလ ၁၂ ရက်မှာ စတင်မယ့် ညီလာခံကို တက်ရောက်ပြီး
မိန့်ခွန်း ပြောကြားတော့မှာ ဖြစ်ပါတယ်။ အပစ်ရပ် လက်မှတ်ထိုးထားတာ အဖွဲ့ ၈ ဖွဲ့ပဲ
ရှိတဲ့အတွက် မပြည့်စုံဘူး အကောင်းအဆိုး ဒွန်တွဲနိုင်တယ် စသဖြင့် ရှိနိုင်ပေမယ့်
နိုင်ငံရေး ပြသ၁နာတွေ ဖြေရှင်းဖို့ တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှု တည်ဆောက်ဖို့
အတွက် အရေးပါတဲ့ ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တက်ရောက်ဖို့
ဆုံးဖြတ်ခဲ့တာက လက်ရှိနိုင်ငံရေး အခြေအနေအရ ပြောရမယ်ဆိုရင်ဖြင့် ကြိုဆို
ရမှာပဲ ဖြစ်ပါတယ်။ ဒါဟာ သမ္မတဦးသိန်းစိန် စတင် အကောင်ထည်ဖော်ခဲ့တဲ့
ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အသိမှတ်ပြုရာ ရောက်သလို တစ်ဖက်ကလည်း နောက်
အစိုးရ လက်ထက်မှာ လက်ဆင့်ကမ်း ဆက်လက် ဆောင်ရွက်ရမယ့်
ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ ပါတီအနေနဲ့ တာဝန်ခံမှု ၊ တာဝန်ယူမှုရှိရှိ
ဆောင်ရွက်ရမယ့် သဘောလည်း ဆောင်ပါတယ်။

ဒီညီလာခံဟာ ထူးခြားမှု ရှိနိုင်တယ်လို့ ဆိုနိုင်သလို ဒေါ်အောင်ဆန်းစုကြည်
အနေနဲ့လည်း သူမရဲ့ နိုင်ငံရေး သက်တမ်း တစ်လျှောက် ပထမဆုံးအကြိမ်
တက်ရောက်မယ့် ညီလာခံ ဖြစ်လာမှာပါ။ အမျိုးသား ညီလာခံ အစပိုင်းမှာ
အန်အယ်လ်ဒီ ပါတီအနေနဲ့ တက်ရောက်ခဲ့ဖူးပေမဲ့ အဲဒီကာလတုန်းက နေအိမ်
အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူမကိုယ်တိုင်
တက်ရောက်ခဲ့ဖူးခြင်း မရှိပါဘူး။ မြန်မာ့သမိုင်းမှာ အလှည့်အပြောင်း တွေအဖြစ်
အရေးပါတဲ့ ညီလာခံတွေဖြစ်ခဲ့တဲ့ ပင်လုံညီလာခံ ၊ ၁၉၆၁ တောင်ကြီးညီလာခံ ၊
၁၉၆၂ ခုနစ် အာဏာမသိမ်းခင်မှာ ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားပေါင်းစုံ နှီးနှော
ဖလှယ်ပွဲ၊ ၂၀၀၈ ဖွဲ့စည်းပုံ ထွက်ပေါ်စေခဲ့တဲ့ အမျိုးသား ညီလာခံ ပြီးရင် ဒီညီလာခံ
တို့ ရှိခဲ့ဖူးပြီး အခုညီလာခံကတော့ ပဉ္စမအကြိမ်မြောက် ညီလာခံ တစ်ရပ်
ဖြစ်လာမှာပါ။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့တဲ့ ပင်လုံညီလာခံကတော့  ပြည်နယ်
ပြည်မ ပူးပေါင်းပြီး ဗြိတိသျှတွေဆီက လွတ်လပ်ရေး ရစေခဲ့သလို ပင်လုံစာချုပ်ပါ
အခွင့်ရေးတွေ ဖောက်ဖျက်မှုနဲ့ ပြည်တွင်းစစ် ၊ တောင်ကြီးညီလာခံ ၁၉၆၂ ခုနစ်
အာဏာသိမ်းမှု ၊ အာဏာသိမ်း အစိုးရကို ပြုတ်ကျစေခဲ့တဲ့ ၁၉၈၈ လူထုအုံကြွမှု ၊ ၈
လေးလုံး အရေးခင်းအပြီး အမျိုးသား ညီလာခံတွေကလည်း ခောတ်သစ်
မြန်မာနိုင်ငံရဲ့ သမိုင်းမှာ ကွင်းဆက်တွေလို ဆက်စပ်နေခဲ့တယ်ဆိုတာ မမေ့အပ်တဲ့
အရာတွေပါ။ ပြန်ကြည့်မယ်ဆိုရင် ပင်လုံ ကတိက၀တ် ဖောက်ဖျက်မှုတွေကြောင့်
ပြည်တွင်းစစ်တွေဖြစ် ၊ တပ်က နိုင်ငံရေးမှာ အရေးပါလာ နောက်ဆုံး နိုင်ငံရေးကနေ
တော်တော်နဲ့ကို မခွာတော့ဘဲ ငါတကောကောနှဲ့ကိုယ်နဲ့ ဘာမှမဆိုင်တဲ့ စီးပွားရေး ၊
လူမှုရေး ၊ အုပ်ချုပ်ရေးတွေမှာပါ ၀င်ပါ စိုးမိုးချယ်လှယ်ခဲ့တဲ့အတွက် နိုင်ငံက
တဖြည်းဖြည်း နိမ့်ကျဆင်းရဲလာပြီး တပ်မတော်နဲ့ ပြည်သူအကြား ၊ တပ်မတော်နဲ့
အတိုက်အခံ အုပ်စုအကြား ၊ တပ်မတော်နဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေ အကြားမှာ
ပါ ကြီးမားတဲ့ စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာခဲ့ပါတယ်။ အမျိုးသား ပြန်လည် ရင်ကြားစေ့
ရေး မလုပ်နိုင် ၊ နိုင်ငံက စည်းလုံးညီညွတ်မှု မရှိဖြစ်နေခဲ့တာ တော်တော့ ကိုလည်း
ကြာခဲ့ပြီ ဖြစ်ပါတယ်။

ပြသ၁နာတွေ ဖြေရှင်းနိုင်ဖို့ နိုင်ငံရေး ဆွေးနွေးပွဲ လိုအပ်နေချိန်မှာ ဇန်န၀ါရီလ ၁၂
ရက်နေ့မှာ စတင်ကျင်းပမယ့် ညီလာခံက အထိုက်အလျောက် အရေးပါနေတာတော့
အမှန်ပဲဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ပဲ ဆွေးနွေးခွင့်ရတာ ၊
နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်မှာ အစိပ် ၅ စိပ် ဖြစ်နေတာတွေနဲ့ ပတ်သက်လို့
ဟန်ပြသက်သက် ဖြစ်နိုင်တယ်ဆိုပြီး သုံးသပ်မှုတွေ ရှိနေပေမဲ့ ဒီအစည်းဝေးမှာ
မဲပေးဆုံးဖြတ်ကြမှာ မဟုတ်တာ၊ နိုင်ငံရေး ဆွေးနွေးဖို့ အရေးပါတဲ့ နိုင်ငံရေး
မူဘောင်တွေကို ပြန်လည် ပြင်ဆင်နိုင်တယ်ဆိုပြီး အရှင်သဘောနဲ့ အတည်ပြု
ထားတာတွေကတော့ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဆိုတဲ့ အနေအထား
ဖန်တီးထားတဲ့ သဘောပါ။ ၅ ရက်ကြာ ကျင်းပမယ့် ညီလာခံမှာ နိုင်ငံရေးနဲ့
ပတ်သက်လို့ ဖက်ဒရယ်မှာ အခြေခံရမယ့် မူများဆိုတဲ့နေရာမှာ ဘယ်လိုပုံစံနဲ့
အနာဂတ် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်ကြမလဲ
ဆိုတာကို အစုအဖွဲ့တွေအလိုက် တင်ပြကြတဲ့ ဖက်ဒရယ် ပုံစံတွေအလိုက် တစ်ဆင့်
ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ လူမှုရေးနဲ့ ပတ်သက်လို့တော့ ပြန်လည် ထူထောင်ရေး
ခေါင်းစဉ်အောက်မှာ IDP တွေ ပြန်လည် အခြေချနိုင်ရေးအတွက် ဆွေးနွေးကြမှာ
ဖြစ်ပါတယ်။ စီးပွားရေး ခေါင်းစဉ်အောက်မှာက တိုင်းနဲ့ ပြည်နယ်တွေအတွက်
အရေးကြီးတဲ့ အခွန်အကောက်ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြမှာပါ။ အဲဒီနေရာ
မှာ ဘယ်ကဏ္ဍတွေကို ပြည်နယ်အစိုးရတွေ အနေနဲ့ အခွန်ကောက်ခံပိုင်ခွင့် ရှိတယ်
ဆိုတဲ့ အချက် ပါဝင်မှာဖြစ်ပါတယ်။ လုံခြုံရေး ခေါင်းစဉ် အောက်မှာကတော့
နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ဘယ်လို အခြေခံတွေ ထားရှိရမယ်
ဆိုတာ ပါဝင်ရမယ်ဆိုတာ ပါဝင်ပါတယ်။ ဒီကိစ္စကတော့ ခေါက်ရိုးကျိုးနေတဲ့
တပ်မတော်ရဲ့ အယူအဆတွေနဲ့ တပ်မတော်ကို ပြုပြင်ပြောင်းလဲစေလိုတဲ့
တိုင်းရင်းသားတွေအကြား အားပြိုင်ရမယ့် အခန်းဖြစ်လာမှာပါ။ ဥပမာအားဖြင့်
လုံခြုံရေးကဏ္ဍ ပြန်လည် ပေါင်းစည်းရေးနဲ့ ပြုပြင်ပြောင်းလဲရေး DDR / SSR
လိုကိစ္စမှာ တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့ နိုင်ငံရေးပြသ၁နာ ပြေလည်
သွားတဲ့အခါ သူတို့ရဲ့ တပ်ဖွဲ့တွေကို ပြည်နယ်စောင့်တပ် (သို့မဟုတ်) ရဲတွေအဖြစ်
အသွင်ပြောင်းပြီး အစိုးရ ထိန်းချုပ်အောက်ထဲ ပူးပေါင်းသွားကြဖို့ ရည်ရွယ်မှာဖြစ်ပြီး
တပ်မတော်ကတော့ လက်နက်ဖြုတ်သိမ်းရေးလို ကိစ္စမျိုး ဆွေးနွေးလာနိုင်ပါတယ်။
တစ်နည်းအားဖြင့် ပြည်ထောင်စု တပ်မတော်ဆိုင်ရာ ကိစ္စရပ်တွေက ဒီအခန်းနဲ့
ဆက်နွယ်ပါတယ်။

တိုင်းရင်းသားတွေအတွက် အရေးကြီးတဲ့ သယံဇာတ အရင်းမြစ်ခွဲဝေခြင်း ဆိုင်ရာ
ကိစ္စရပ်တွေကလည်း ဒီညီလာခံမှာ စတင် ဆွေးနွေးဦးမှာပါ။ တက်ရောက်တဲ့
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ နိုင်ငံရေးပါတီတွေ အနေနဲ့ သူ့အစုအဖွဲ့လိုက်
သဘောထားတွေကို တင်ပြကြဦးမှာ ဖြစ်ပါတယ်။

အခုလူမစုံ အင်အားစု မစုံလင်သေးတဲ့ အခု ညီလာခံမှာ မဲခွဲ မဆုံးဖြတ်တော့တဲ့
အတွက် နောက်အစိုးရ လက်ထက်ကျရင် နိုင်ငံရေး ဆွေးနွေးမှုတွေမှာ ပူးပေါင်း
ပါဝင်လာနိုင်တဲ့ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ
အတွက်တော့ အသက်ရှူ ပေါက်တော့ ရသွားစေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့
ဆွေးနွေးပွဲက အလျင်စလိုဖြစ်ခဲ့တာ ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ ကဏ္ဍ
သီးခြားမပါတာ တွေကတော့ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်အပေါ် မေးခွန်း
ထုတ်စရာ ဖြစ်စေခဲ့တာ အမှန်ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးပြသ၁နာကို
ဆွေးနွေးဖြေရှင်းကြဖို့ ကြိုးစားလာတာ ကိုတော့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း အန်အယ်လ်ဒီအစိုးရ လက်ထက် ကျင်းပမယ့် ညီလာခံတွေကျရင်
ဒီထက်ပိုပြီး အင်အားစု စုံစုံလင်လင်နဲ့ ဆွေးနွေးနိုင်ဖို့လည်း လိုအပ်နေတာတော့
အမှန်ပါပဲ။ ဆွေးနွေးမှုတွေတိုင်းဟာ ပြည်သူတွေအတွက် တကယ်အကျိုးရှိစေမယ့်
အချက်တွေဖြစ်ဖို့ လိုသလို ပြည်သူ့ဆန္ဒနဲ့လည်း ကိုက်ညီရပါမယ်။ သယံဇာတ
ခွဲဝေမှုတွေလို ကိစ္စတွေနဲ့ ပတ်သက်လို့ သဘောမတူမချင်း သယံဇာတ တူးဖော်
ထုတ်လုပ်ရေး လုပ်ငန်းတွေကို ခေတ္တရပ်ထားတာတို့ ( သို့မဟုတ် ) ရင်းနှီးမြှုပ်နှံမှုနဲ့
လုပ်ကွက် အသစ်တွေ ထပ်မံချထားပေးခြင်း မပြုတာတို့အပါဝင် ၊ မြေယာ ဆိုင်ရာ
အငြင်းပွားမှု ပြသနာတွေကို ဖြေရှင်းပေးဖို့လို ကိစ္စတွေကိုလည်း အလေးနက်ထားပြီး
ဖြေရှင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ ညီလာခံမှာ ဆွေးနွေးနေတဲ့ အချက်တွေကို
သုတေသနတွေလုပ်ပြီးမှ တကယ်လည်း ပြည်သူအတွက် နိုင်ငံအတွက် ရေရှည်
အကျိုးရှိနိုင်မှ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲ ထည့်သွင်းတာ (သို့မဟုတ် ) အသစ်
ရေးမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေထဲ ထည့်သွင်းတာတွေ လုပ်သင့်ပါတယ်။
နိုင်ငံရေးမူဘောင်ကိုလည်း အားလုံး လက်ခံနိုင်တဲ့ အစုအဖွဲ့ပုံစံမျိုး တပ်မတော်ကို
တအားအသာမပေးတဲ့ ပုံစံမျိုး ရောက်တဲ့အထိ အန်အယ်လ်ဒီ အစိုးရအနေနဲ့
ပြင်ဆင်ဖို့လည်း လိုအပ်ပါတယ်။ ဒီနေရာမှာတော့ တပ်မတော်နဲ့ အန်အယ်လ်ဒီ
အကြား ယုံကြည်မှု ဘယ်လောက် တည်ဆောက်နိုင်သလဲ တိုင်းရင်းသားတွေနဲ့
အန်အယ်လ်ဒိအကြား ဘယ်လောက် ယုံကြည်မှု မြင့်မားသလဲဆိုတဲ့ အပေါ်
မူတည်မှာပါ။

မကြာခင်ကာလမှာ အစိုးရဖြစ်လာတော့မယ့် အန်အယ်လ်ဒီ အနေနဲ့လည်း နှစ် ၆၀
ကျော် ပြည်တွင်းစစ် ပြသ၁နာနဲ့ အနာဂတ် ဖက်ဒရယ် ဒီမိုကရက်တစ် နိုင်ငံ
တည်ဆောက်ဖို့နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် နိုင်ငံရေး ဆွေးနွေးမှုမှ
တစ်ပါး အခြားမရှိဆိုတာ နားလည်မှု ရထားမှာ ဖြစ်ပါတယ်။ အတိတ်ရဲ့ ညီလာခံ
သမိုင်းတွေကို ပြန်ကြည့်ရင် ပင်လုံညီလာခံကလွဲလို့ ဘယ်ညီလာခံကမှ နိုင်ငံအတွက်
မှန်ကန်တဲ့ လမ်းကြောင်းပေါ် မရောက်စေခဲ့ပါဘူး။ ပင်လုံညီလာခံ ၊ ပင်လုံစာချုပ်
ကြောင့် လွတ်လပ်ရေး ရခဲ့ပေမယ့် အဲဒီ ကတိက၀တ်တွေ အကောင်ထည် ဖော်မှု
မရှိတာကြောင့် နောက်ဆက်တွဲ ဖြစ်လာခဲ့တဲ့ ပြသ၁နာရပ်တွေက အားလုံးအသိပဲ
ဖြစ်ပါတယ်။ ပင်လုံညီလာခံမှာ သဘောတူညီမှုတွေ ရပြီး ပြည်နယ် ပြည်မ မခွဲခြားဘဲ
လွတ်လပ်ရေးအရ ယူနိုင်ခဲ့တာဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဗမာ တစ်ကျပ်ရရင် ရှမ်း
တစ်ကျပ်ရရမယ် ဆိုတဲ့ မူကြောင့်ပဲ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း သူမ
အကြိမ်ကြိမ်ပေးခဲ့တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ၊ တိုင်းရင်းသား အခွင့်အရေး ၊
ဖက်ဒရယ် ဒီမိုကရေစီဆိုင်ရာ အခွင့်ရေးဆိုင်ရာ ကတိက၀တ်တွေကိုေ၀၀ါးတွေဝေ
ခြင်း မရှိဘဲ အကောင်ထည် ဖော်ပေးနိုင်အောင် ဆောင်ရွက်ရမယ့် တာဝန်ရှိပါ
တယ်။ မကြာခဏ ကတိပေးပြီး အကောင်ထည်ဖော်ဖို့ မကြိုးစားတာ အခြားဘက်ကို
အာရုံရောက်ပြီး လမ်းလွှဲကုန်တာတွေ ဖြစ်လာရင် ဒေါ်အောင်ဆန်းစုကြည်နဲ့
အန်အယ်လ်ဒီ ပါတီအတွက်လည်း အနာဂတ် လှပမှာ မဟုတ်သလို တိုင်းပြည်
အတွက်လည်း ကောင်းမွန်မှာ မဟုတ်ပါဘူ။ နိုင်ငံရေး ဆွေးနွေးမှုဆိုတာ နှစ်ပေါင်း
များစွာ ကြာတတ်ပေမယ့် အနည်းဆုံးတော့ လာမယ့်အစိုးရ သက်တမ်း ၅ နှစ်
အတွင်း ဗဟိုချုပ်ကိုင်မှုက ဖြေလျှော့ပြီး တိုင်းနဲ့ ပြည်နယ် အစိုးရတွေ အနေနဲ့
ပြည်နယ်နဲ့ တိုင်းဒေသဆိုင်ရာ ၀န်ကြီးချုပ်တွေကို ကိုယ်တိုင် ရွေးချယ်ခွင့် ၊
သယံဇာတနဲ့ အခွန်ဆိုင်ရာ ခွဲဝေခွင့် ကောက်ခံခွင့်တွေ ၊ အောက်ခြေဆိုင်ရာ
လုပ်ပိုင်ခွင့်တွေကတော့ မဖြစ်မနေ ပေးရတော့မှာ ဖြစ်ပါတယ်။ ဒီအချက်တွေဟာ
တစ်ဖက်က တပ်မတော်နဲ့ စစ်အုပ်စုက လာခဲ့တဲ့ သူတွေအပေါ်လည်း မူတည်သလို
အန်အယ်လ်ဒီရဲ့ ဦးဆောင်မှုအပေါ်လည်း မူတည်ပါတယ်။ အားလုံးညီမျှမှုရှိတဲ့
ပါဝင်နိုင်တဲ့ ဒီမိုကရေစီ အခွင့်အရေးရှိတဲ့ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု
ပုံစံ ဆက်သွားရမှာကတော့ တစ်ပိုင်းပါ။ နောက်ဆုံး တိုင်းရင်းသား ပြည်သူအားလုံး
အတွက် သာတူညီမျှဖြစ်စေတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါ်ပေါက်ဖို့ စည်းစည်း
လုံးလုံး နေထိုင်နိုင်ကြဖို့ ဆိုတာကလည်း သာတူညီမျှမှုနဲ့ ဒီမိုကရေစီဆိုင်ရာ
အခွင့်ရေးတွေရှိတဲ့ အခြေခံ ဥပဒေသစ်တစ်ရပ် ပေါ်ပေါက်လာမှသာ ဖြစ်နိုင်မှာပါ။

တိုင်းရင်းသားတွေကတော့ ဒေါ်အောင်ဆန်းစုကြည်သာ တကယ် ဦးဆောင်မယ် ၊
တကယ် ဆောင်ရွက်မယ်ဆိုရင် ၀ိုင်းဝန်း ထောက်ခံကြမှာ မလွဲဧကန်ပါပဲ။ သေချာ
တာကတော့ တိုင်းရင်းသား ပြည်သူအားလုံး တန်းတူရည်တူရှိတဲ့ အခွင့်ရေးတွေ
ဒီမိုကရေစီဆိုင်ရာ အခွင့်အရေးတွေ ရဖို့ဆိုတာ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း
ပေးခဲ့တဲ့ သမီးဖြစ်သူအတွက် မဖြစ်မနေ ထမ်းဆောင်ရမယ့် သမိုင်းပေးတာဝန်ပဲ
ဖြစ်ပါတော့တယ်။

စိုင်းထွန်းအောင်လွင်
The Ladies News Journal

No comments: