Saturday, October 29, 2016

ပြည်သူအတွက် အကျိုးမရှိသည့်အတွက် နမ့်မာလုံ (ယခင် နမ့်မီးလောင်) ရေအား လျှပ်စစ် ထုတ်လုပ်ရေးစီမံကိန်း ရပ်စဲ

Posted: October 28, 2016

ဒေသခံပြည်သူများ အကျိုးမရှိသည့်အတွက် စစ်ကိုင်းဒေသကြီးအတွင်းရှိ နမ့်မာလုံ(ယခင်နမ့်မီးလောင်) ရေးအားလျှပ်စစ် ထုတ်လုပ်ရေးစီမံကိန်း ရပ်စဲကြောင်း အောက်တိုဘာ ၂၈ ရက်က တိုင်းဒေသကြီးအစိုးရနှင့် IPG ကုမ္ပဏီတို သဘောတူ စာချုပ်ချုပ်ဆိုကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သတင်းဌာနမှ ဖော်ပြချက်အရ သိရသည်။

 

နမ့်မာလုံ (ယခင်နမ့်မီးလောင်) ရေအားလျှပ်စစ် ထုတ်လုပ်ရေးစီမံကိန်းကို ယခင်တိုင်းဒေသကြီးအစိုးရနှင့် IPG ကုမ္ပဏီတို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး လုပ်ကိုင်နေသော စီမံကိန်းဖြစ်သည်။ အဆိုပါ စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံပြည်သူများ အကျိုးမရှိသည့်အတွက် ရပ်စဲသင့်ကြောင်း အောက်တိုဘာ ပထမအပတ်အတွင်း ကျင်းပသည့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တွင် အစိုးရအဖွဲ့မှ အတည်ပြုခဲ့ပြီးနောက် ယခုကဲ့သို့ လက်မှတ်ထိုးခြင်း ဖြစ်ကြောင်း သိရသည်။

 

စစ်ကိုင်းဒေသကြီးလွှတ်တော် အမတ်တစ်ဦးက “တော်တော်လေးကြာပါပြီ။ ရက်တော့ သေချာမမှတ်မိဘူး။ ဟုမ္မလင်းမြို့နယ်က နမ့်မာလုံ ရေအား လျှပ်စစ်ကိစ္စကို စီမံကိန်းက အများပြည်သူအတွက် တွက်ချေမကိုက်လို့ အကျိုးရှိတာ နည်းလို့ဆိုပြီး တိုင်းဒေသကြီးအစိုးရကနေပြီး ရပ်ဆိုင်းလိုက်တာလို့ သိရတယ်။ လွှတ်တော်မှာ ဆွေးနွေးတဲ့ကိစ္စတော့ သိတယ်။ ဘယ်တော့လောက် လက်မှတ်ထိုးတယ်ဆိုတာတော့ ကျွန်တော်တို့ သေချာမသိဘူး”ဟု ပြောသည်။

 

စစ်ကိုင်းဒေသကြီးသတင်းဌာန၏ ဖော်ပြချက်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ တက်လာသည့်အခါ ပြည်သူ့ဘဏ္ဍာ အလေအလွင့် မဖြစ်စေရေး၊ ကုန်ကျစရိတ်နှင့် အကျိုးအမြတ် မကိုက်ညီသည့် လုပ်ငန်းစိစစ်ရေး၊ ပြည်သူကို အမှန်တကယ် အကျိုးပြုသည့် လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ရေးစသည့် တိုင်းဒေသကြီးမူဝါဒ အရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပါဝင်သည့် စီမံကိန်းလုပ်ငန်းများကို ပြန်လည်စိစစ် ခဲ့ကြောင်း ဆိုသည်။

 

စီမံကိန်းလုပ်ငန်းများ ပြန်လည်စိစစ်ရာတွင် နမ့်မာလုံစီမံကိန်း အပါအဝင် ဗောလဂါဆည်စီမံကိန်း၊ ဆတ်သာဆည် စီမံကိန်းနှင့် ကလေးဝမြို့စုပေါင်းရုံးစီမံကိန်းများ ပါဝင်ပြီး ပြည်သူ့ဘဏ္ဍာငွေ စုစုပေါင်း ကျပ်သန်းပေါင်း တစ်သောင်းလေးထောင် (၁၄၀၀၀)ခန့် ပြန်လည်စိစစ် အသုံးပြုနိုင်ခဲ့ကြောင်း တိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီး ပြောသည် ဟု ဖော်ပြထားသည်။

 

အဆိုပါစီမံကိန်း ရပ်ဆိုင်းရခြင်းမှာ ရရှိမည့် အကျိုးအမြတ်နှင့် ကုန်ကျစရိတ် မကိုက်ညီခြင်း၊ ဒေသခံပြည်သူများက စီမံကိန်းကို သဘောမတူခြင်း၊ စီမံကိန်းဧရိယာသည် သစ်တောကြိုးဝိုင်းအတွင်း ကျရောက်နေပြီး သက်ဆိုင်ရာန်ကြီးဌာန၏ သဘောထားမှတ်ချက် မရရှိသေးခြင်း နှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်ခြင်း စသည်တို့ကြောင့် ကုမ္ပဏီနှင့် အစိုးရ နှစ်ဦးသဘောတူ ရပ်စဲလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

 

စီမံကိန်း ရပ်စဲလိုက်သည့်အတွက် IPG ကုမ္ပဏီက တိုင်းအစိုးရထံမှ ထုတ်ယူထားသည့် ကျပ်သိန်းခြောက်ထောင် နှစ်ဆယ့်ငါးသိန်း ခုနှစ်သောင်း ခုနှစ်ထောင်ကျပ် (၆၀၂၅၇၇၀၀၀) ကို ပြန်လည်ပေးသွင်းခဲ့ပြီး ပေးဆောင်ခဲ့ သည့် အခွန်အခများကို နိုင်ငံတော်သို့ လှူဒါန်းခဲ့ကြောင်း သတင်းဖော်ပြ ထားချက်အရ သိရသည်။

 

စိုင်းဟန်

The Ladies News

No comments: