Monday, October 31, 2016

ပြင်ဦးလွင်မြို့နယ်တွင်​ မန္တလေးသမဝါယမအသင်းစုချုပ်မှ ၄၃၀၀ ဧက ပြန်လည်စွန့်လွှတ်မည်


ပြင်ဦးလွင်မြို့နယ် မြေပုံကျေးရွာအုပ်စု၊ လက်ပံကုန်းကျေးရွာအုပ်စု၊ လွန်ကောင်းကျေးရွာအုပ်စုတို့ရှိ မန္တလေးသမဝါယမအသင်းစုချုပ် မြေလွတ်မြေလပ် လုပ်ကိုင်ခွင့်ရရှိသည့် ကြက်ဆူစိုက်ဧက ၄၅၀၀ အနက်မှ ၄၃၀၀ ဧကအား ပြန်လည်စွှန့်လွှတ်နိုင်ရေးအတွက် ပြင်​ဦးလွင်​မြို့နယ်အုပ်ချုပ်ရေးမှူး၊ မန္တလေးတိုင်းဒေသကြီး သ/မ ဦးစီးမှူး၊ မြို့နယ် သ/မ ဦးစီးမှူးနှင့်​  မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ တာဝန်ရှိသူများသည်​ ​အောက်​တိုဘာ ၃၁ ရက်​ ည​နေပိုင်းက ကွင်းဆင်းစိစစ်​ကြောင်း သိရသည်​။

31.10.2016 ရက်နေ့စက်သုံးဆီဈေးနှုန်းများ(ရန်ကုန်)


(ဒီဇယ်)
လက်လီ = 630 > < 650
လက်ကား = 128,000
(Premium ဒီဇယ်)
လက်လီ = 650 > < 680
လက်ကား = 134,000 > < 138,000
(RON 92)
လက်လီ = 630> < 655
လက်ကား = 580
(RON 95)
လက်လီ = 680 > < 705

၂၄.၁၀.၂၀၁၆ ရက်နေ့မှ၂၈.၁၀.၂၀၁၆ရက်နေ့အတွင်း ပြည်ပမှမှာယူတင်သွင်း သည့်စက်သုံးဆီများ၏ ဆိပ်ကမ်းအရာက်ပျမ်းမျှအရင်းဈေးမှာ အောက်တိန်း92 RONတစ်လီတာလျှင် ၆၀၃ကျပ်နှင့်ဒီဇယ်ဆီတစ်လီတာလျှင်၆၀၈ကျပ်ဖြစ်ပြီး လက်လီဆိုင်များရောင်းဈေးအနေဖြင့် သိုလှောင်စရိတ်၊ သယ်ပို့စရိတ်ခရီးအကွာအဝေး ပေါ်မူတည်ပြီးကွာခြားနိုင်ပါသည်။

စည်းကမ်းပျက် ရမ်းကားသော လိုင်းကားများအား မထသမှ အရေးယူမည်


Posted: October 29, 2016

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော ခရီးသည်တင် ယာဉ်လိုင်းများတွင် စည်းကမ်းပျက် မောင်းနှင်နေသော ယာဉ်များ၊ ရန်လိုပြု မူသော ယာဉ်လုပ်သားများရှိလာပြီး စည်းကမ်းပျက် ရမ်းကားသော ယာဉ်လိုင်းများအား လက်ရှိတွင် မထသ(ဗဟို)၏ စည်းကမ်းထိန်း သိမ်းရေး ကော်မတီမှ အရေးယူ ဆောင်ရွက်နေပြီး ရေးဆွဲလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ ဥပဒေပြဋ္ဌာန်းပြီးပါက ဥပဒေအရ ထိရောက်စွာ ကိုင်တွယ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

 

အာဏာပိုင်အဖွဲ့အနေဖြင့် ဘတ်စ်ကားသယ်ယူပို့ဆောင်ရေး စနစ် ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် ဘီအမ်ယာဉ်များ၊ ဒိုင်နာယာဉ်များ အပါအဝင် နှစ် ၂ဝ ကျော် သက်တမ်းရှိ ကားဟောင်းများ လဲလှယ်မှု အစီအစဉ် ဆောင်ရွက်ခြင်း၊ အများပိုင် ယာဉ်လိုင်း ကုမ္ပဏီများ ဖွဲ့စည်းထူထောင်ခြင်း၊ ဘတ်စ်ကား သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ပြောင်းလဲ ကျင့်သုံးစေခြင်း၊ ရေလမ်းခရီး အသုံးပြု သယ်ယူပို့ဆောင်ရေး စနစ် အကောင်အထည် ဖော်ခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

၎င်း အများပြည်သူ သယ်ယူပို့ဆောင်ရေး ဆိုင်ရာ လုပ်ငန်းများကို အဆင့်ဆင့် ပြောင်းလဲဆောင်ရွက် သွားမည်ဖြစ်ပြီး ဥပဒေပြဋ္ဌာန်းပြီးပါက မထသ မှ ဆောင်ရွက်နေမှုအစား သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှ ကြပ်မတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 

Photo - Yangon Traffic Police

The Ladies News

အမျိုးသမီးများ ဓမ္မတာသွေးဆုံးခြင်းဆိုင်ရာ သိထားသင့်သောအချက်များ \\ ကျန်းမာရေး \\

Posted: October 29, 2016

ဓမ္မတာသွေးဆုံးခြင်း ဆိုသည်မှာ နောက်ဆုံးသွေးပေါ်ပြီးသည့် အချိန်ကစပြီး တစ်နှစ်အတွင်းမှာ ဖြစ်တတ်လေ့ရှိ၏။ တစ်နည်းအားဖြင့် အမျိုးသမီး သဘာဝသွေးဆင်းခြင်း အပြီးရပ်သွားသည့်အချိန်ပင် ဖြစ်သည်။ သွေးဆုံးခြင်းသည် အများအားဖြင့် အမျိုးသမီးများ အသက် ၄၀ နှင့် ၅၀ အကြား ဖြစ်လေ့ရှိသည်။ သွေးဆုံးခြင်းသည် သဘာဝဇီဝဖြစ်စဉ် တစ်ခုဖြစ်ပြီး သွေးဆုံးပြီးနောက်ပိုင်းတွင်လည်း အမျိုးသမီးများသည် ပျော်ရွှင်သာယာသော အိမ်ထောင်ရေးဘဝကို ရရှိနိုင်သည်။ ကိုယ်ဝန်ရစရာ အကြောင်းမရှိတော့သဖြင့် တချို့အမျိုးသမီးတို့အနေဖြင့် သဘောကျလေ့ရှိကြသည်။

 

သို့ သော် သွေးဆုံးခြင်းတွင် ကြုံရတတ်သည့် ချွေးထွက်လွန်ခြင်း၊ စိတ်ခံစားမှုများခြင်းတို့က အမျိုးသမီးများအတွက် အိပ်မပျော်သည့် ဝေဒနာနှင့် မောပန်းနွမ်းနွယ်မှုကို ဖြစ်စေပြီး တချို့တွင် စိတ်ဓာတ်ကျသည်အထိ ဖြစ်တတ်သည်။

 

● သွေးဆုံးခါနီး လက္ခဏာများ ●

 

သွေးဆုံးခါနီးချိန်နီးလာလျှင် အောက်ပါလက္ခဏာများကို အမျိုးသမီးများ ကြုံရလေ့ရှိသည်။

 

♀ ဓမ္မတာလာမှု ပုံမမှန်ခြင်း

♀ မိန်းမကိုယ် ခြောက်သွေ့ ခြင်း

♀ အသားအရေပူခြင်း

♀ ညဘက် ချွေးထွက်ခြင်း

♀ အိပ်မပျော်ခြင်း

♀ စိတ်အလိုမကျခြင်း

♀ ကိုယ်အလေးချိန်တိုးလာပြီး ခန္ဓာကိုယ်လှုပ်ရှားမှု နှေးကွေးလာခြင်း

♀ ဆံပင်များပါးလာပြီး အသားအရေခြောက်ခြင်း

♀ ရင်သားများရှုံ့လာခြင်း

 

သွေးဆုံးသည့် လက္ခဏာများ ပြလာလျှင် ဆရာဝန်ထံ ပြသင့်သည်။ ရင်သားကင်ဆာရှိမရှိ၊ သားအိမ်ကင်ဆာ ရှိမရှိ အစစ်ဆေးခံယူသင့်သည်။ ထို့အပြင် သွေးဆုံးပြီးအတန်ကြာမှ သွေးများဆင်းလာပါကလည်း ဆရာဝန်နှင့် ကုသမှုခံယူသင့်သည်။

 

ထို့ပြင် ဓမ္မတာသွေးဆုံးသည့်အခါ ခန္ဓာကိုယ်၌ အီစတိုဂျင်ဟော်မုန်းများ လျော့ကျလာသည့်အတွက် နှလုံးရောဂါများ၊ အရိုးပွရောဂါများ၊ ဆီးမထိန်းနိုင်သည့် ရောဂါနှင့် ကိုယ်အလေးချိန်များ တိုးလာခြင်းတို့ ဖြစ်လေ့ရှိသည်။

 

အမျိုးသမီးတိုင်းတွင် သွေးဆုံးသည့် ရောဂါဝဒနာများ ခံစားရလေ့မရှိပေ။ အချို့ကလည်း အနည်းအကျဉ်းသာ ခံစားရလေ့ရှိသည်။ မည်သို့ပင်ဖြစ်စေ သွေးဆုံးသည့်လက္ခဏာများနှင့် ကြုံလာပါက အောက်ပါအချက်များအတိုင်း ပြုမူနေထိုင်သင့်သည်။

 

● အသားအရေပူခြင်းအတွက် ●

 

အပူအစပ်များကိုရှောင်ပါ။ အရက်သေစာ ရှောင်ပါ။ ကဖင်းပါသော အစားအသောက်များဖြစ်သည့် အချိုရည်တချို့နှင့် ကော်ဖီလက်ဖက်ရည်၊ လက်ဖက်သုပ် စားခြင်းကို ရှောင်ပါ။ ပူအိုက်သော နေရာများကိုရှောင်ပါ။ ပေါ့ပါးသော အ၀တ်အထည်များ ဝတ်ဆင်ပါ။ တတ်နိုင်သမျှ အေးသောနေရာတွင် နေပါ။

 

● အိပ်မပျော်ခြင်းအတွက် ●

 

မအိပ်ခင် အစာအများအပြားစားခြင်းကို ရှောင်ပါ။ ကဖင်းပါသော ကော်ဖီလက်ဖက်ရည်များကို နေ့ခင်းကျော်လျှင် မသောက်ပါနှင့်။ အိပ်ရာဝင်ခါနီးမှ နွားနို့ ပူပူလေးသာ သောက်ပါ။ အိပ်ခန်းနေရာကို အေးပြီးတိတ်ဆိတ်သော နေရာဖြစ်အောင် ဖန်တီးပါ။ နေ့ခင်းပိုင်းတွင် အိပ်စက်ခြင်းရှောင်ပါ။

 

● စိတ်အလိုမကျ စိတ်တိုခြင်းအတွက် ●

 

အစာကောင်းကောင်းစားပါ။ အိပ်ရေးဝဝအိပ်ပါ။ စိတ်ကိုအကောင်းမြင်ပါ။ ရွယ်တူအမျိုးသမီးများနှင့် အတွေ့အကြုံ ဖလှယ်ပါ။ ပျော်ပျော်ရွှင်ရွှင်နေပါ။

 

● စားသင့်သော အစားအစာများ ●

 

♀ ရေ များများသောက်ပါ။

♀ ကယ်လ်စီယမ်ဓာတ်ပါသော အစားအစာများ

♀ ဗီတာမင်ဒီပါသော အစားအစာများ

♀ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများ

♀ ဆန်၊ ဂျုံ၊ ပြောင်း

♀ သံဓာတ်ပါသော အစားအစာများ

♀ ပဲနို့ နှင့် ပဲအမျိုးမျိုး

တို့ကို စားသုံးသင့်သည်။

 

လင်းလင်း

(ကိုးကား) https://www.womenshealth.gov/menopause/symptom-relief-treatment/

The Ladies News

တာဝန်ကြီးသူများအနေဖြင့် တင်ပြလာသည့် စီမံကိန်းလုပ်ငန်းများကို ဖြစ်နိုင်မဖြစ်နိုင် သေချာစွာ စုံစမ်းလေ့လာပြီးမှ ခွင့်ပြုဆောင်ရွက်သင့်ဟု လွှတ်တော်ကိုယ်စားလှယ်ဆို


Posted: October 29, 2016

တာဝန် ကြီးကြီးမားမား ယူထားကြသူများအနေဖြင့် အောက်ခြေမှ တင်ပြလာသည့် စီမံကိန်းလုပ်ငန်းများကို ဖြစ်နိုင်မဖြစ်နိုင် သေချာစွာ စုံစမ်းလေ့လာပြီးမှ ခွင့်ပြုဆောင်ရွက်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ကိုယ်စားလှယ် ဦးရန်အောင်က အောက်တိုဘာ ၂၈ ရက်တွင် ပြောဆိုလိုက်သည်။

 

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး တတိယပုံမှန် အစည်းအဝေးတွင် ရေပေါ်တက္ကစီ အမှန်တကယ် အကောင်အထည်ဖော်ရန် ရှိမရှိ၊ ခရီးသွား ပြည်သူလူထုအတွက် အကျိုးစီးပွားမည်မျှ ဖြစ်ထွန်းနိုင်မည်၊ မည်သို့သော လေ့လာချက်၊ သုတေသန ဆောင်ရွက်ချက်များ ပြုလုပ်ပြီးစီးပြီဆိုသည်ကို သိရှိလိုကြောင်း မေးမြန်းရာတွင် ဦးရန်အောင်က ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

 

“လျှပ်စစ်ရထားဟာဆိုရင် တိကျသေချာတဲ့ စစ်တမ်းကောက်ယူမှု အားနည်းခဲ့ခြင်း အလုံမြို့နယ်မှ ဗိုလ်တထောင်မြို့နယ်သို့ပြေးဆွဲခဲ့တဲ့ လျှပ်စစ်ရထားဟာ လူထုရဲ့လက်တွေ့ဘ၀များနဲ့ မကိုက်ညီခြင်း တို့ကြောင့် ဘဏ္ဍာငွေများစွာ ဆုံးရှုံးခဲ့ရပြီး တိတ်ဆိတ်စွာနဲ့ နိဂုံးချုပ်ခဲ့ရပါတယ်။ ဒါတွေကို တာဝန်ရှိသူတွေက သင်ခန်းစာယူစေချင်ပါတယ်။ ဖြစ်နိုင်မဖြစ်နိုင်ကို သေချာစွာ စုံစမ်းလေ့လာမှု မပြုလုပ်ဘဲ စိတ်ထင်တိုင်း ဆောင်ရွက်ခဲ့တဲ့အတွက် ကောက်ရိုးမီးလို ဟုန်းခနဲထတောက်ပြီး ငြိမ်းသွားရတာ ဖြစ်ပါတယ်” ဟုလည်း ဦးရန်အောင်က ထည့်သွင်းပြောဆိုခဲ့သည်။

 

အတိတ်ကာလ စီမံကိန်းအချို့သည် တာဝန်ယူမှု တာဝန်ခံမှု မရှိခဲ့သည့်အတွက် လိုအပ်သည့် လူမှုစစ်တမ်းများကို တိကျသေချာစွာ ဆန်းစစ်လေ့လာမှု မပြုလုပ်ခဲ့ဘဲ လူထုလိုအပ်ချက်နှင့် ကင်းကွာသည့် စိတ်ကူးများကို အကောင်အထည် ဖော်ခဲ့ခြင်းကြောင့် လူထု၏ ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးခဲ့ရသည်ဟုလည်း ဦးရန်အောင်က မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

 

ရေပေါ်တက္ကစီ ပြေးဆွဲမည့်ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်က “လှိုင်မြစ်နှင့် ငမိုးရိပ်ချောင်းများမှ ရန်ကုန်မြို့ထဲသို့ ရေလမ်းဖြင့် လာရောက်နိုင်မည့် ရေပေါ်တက္ကစီ ပြေးဆွဲရန်စီစဉ်နေပြီး လှိုင်မြစ်တစ်လျှောက်မှာ လှိုင်သာယာ- ပန်းဆိုးတန်း ခရီးစဉ်အတွက် ဆိုက်ကပ်နိုင်မယ့် ဆိပ်ကမ်း ၇ ခုနဲ့ ငမိုးရိပ်ချောင်း တစ်လျှောက်မှာ ဒဂုံမြောက်- မြောင်တန်း ခရီးစဉ်အတွက် ဆိပ်ကမ်း ၁၁ ခု တို့ကို သြဂုတ်လက စတင်ကာ လေ့လာခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

ထို့အတူ မကြာမီကာလတွင် ပြည်တွင်းလုပ်ငန်းရှင် ပြည်တွင်းပြည်ပ ဖက်စပ်လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူသွားမည် ဖြစ်ပြီး တင်ဒါခေါ်ယူရာတွင်လည်း ရေယာဉ်များ၏ ကြံ့ခိုင်မှု၊ မောင်းနှင်မည့် ပုဂ္ဂိုလ်များ၏ အဆင့်အတန်း အားလုံးကို အဖက်ဖက်မှ ပြည့်စုံအောင် ဆောင်ရွက်သွားမည်ဟုလည်း ၀န်ကြီး ဒေါ်နီလာကျော်က ပြောသည်။

 

ရေပေါ်တက္ကစီ ပြေးဆွဲရန်အတွက် ဂျပန်၊ ပြင်သစ်၊ အင်္ဂလန်နိုင်ငံတို့မှ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေပြီး လာမယ့် ၂၀၁၇ နှစ်ဆန်းပိုင်းတွင် စတင်ပြေးဆွဲရန် စီစဉ်ထားသည်ဟုလည်း ၀န်ကြီးဒေါ်နီလာကျော်က ဆက်လက် ပြောကြားခဲ့သည်။

 

 

ဇော်မင်းထွန်း

The Ladies News

နှစ်နိုင်ငံနယ်စပ်ဒေသ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်နှင့် ပူးပေါင်းဆောင်ရွက်ကြရန် တရုတ်ခရီးစဉ်အတွင်း တပ်ချုပ်တိုက်တွန်း


Posted: October 29, 2016

နှစ်နိုင်ငံနယ်စပ်ဒေသ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်၊ နှစ်ဦးနှစ်ဖက် သိရှိနားလည်စွာနှင့် ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယူနန်ပြည်နယ် စစ်ဒေသ နိုင်ငံရေးမှူး Maj. Gen. Yu Kun တည်ခင်းသည့် ဂုဏ်ပြုညစာ စားပွဲအပြီးတွင် ပြောဆိုခဲ့ကြောင်း Senior general Min Aung Hlaing Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်၊ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghui ၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် အဖွဲ့သည် တရုတ်နိုင်ငံသို့ရောက်ရှိနေခြင်း ဖြစ်သည်။

 

တရုတ်- မြန်မာ စစ်ဘက်ဆက်ဆံရေး အပါအ၀င် လတ်တလော မိုင်းလားဒေသတွင် အစိုးရ တပ်မတော်နှင့် “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တို့အကြား တင်းမာမှုများ ဖြေရှင်းနိုင်ရေးအတွက် တရုတ်ခရီးစဉ်အတွင်း ဆွေးနွေးဖွယ်ရှိသည်ဟု အကဲခတ်များက ခန့်မှန်းကြပြီး တင်းမာမှုများဖြစ်နေသည့် မိုင်းလားဒေသမှာ တရုတ်မြန်မာ နယ်စပ်အနီး ယူနန်ပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေခြင်း ဖြစ်သည်။

 

“တရုတ်ပြည်က ကာချုပ်နဲ့ မြန်မာနိုင်ငံက ကာချုပ်နှစ်ယောက် တွေ့ဆုံရတဲ့ကိစ္စ စစ်ရေးကိစ္စဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ ရုတ်တရက် ထွက်သွားတဲ့အနေအထားနဲ့ အခု ပါဝင်သွားတဲ့ ပုဂ္ဂိုလ်များရဲ့အနေအထားကို ကြည့်ရတာကလည်း မိုင်းလားပြသ၁နာနဲ့ ဆက်စပ်မှုရှိတယ်လို့မှန်းဆနိုင်ပါတယ်”ဟု နိုင်ငံရေးနှင့် တရုတ်မြန်မာ ဆက်ဆံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က The Ladies သို့ ၎င်း၏ အမြင်ကိုပြောကြားသည်။

 

မြန်မာ့တပ်မတော်က “၀” တပ်ဖွဲ့ကို မိုင်းလားမှ ပြန်လည်ဆုတ်ခွာရန် တပ်မတော်မှ ညွှန်ကြားခဲ့ပြီး ယင်းအပေါ်တွင် မြန်မာ့တပ်မတော်က “၀” တပ်ဖွဲ့ မဆုတ်ခွာပါက ထိုးစစ်ဆင်မည်လား ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟုလည်း ၎င်းကဆိုသည်။ စက်တင်ဘာလ ၂၈ ရက်နေ့ မှစ၍ မိုင်းလားဒေသအတွင်း “၀” တပ်ဖွဲ့မှ ၀င်ရောက်တပ်စွဲမှုများ ရှိခဲ့ပြီး တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှ အောက်တိုဘာလ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး “၀” တပ်ဖွဲ့မှ ဆုတ်ခွာရန် အကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟု သတင်းမီဒီယာများက ဖော်ပြကြကာ လတ်တလော ကာလအတွင်းမှာလည်း “၀” တပ်ဖွဲ့မှ ဆက်လက် တပ်စွဲလျက်ရှိနေသည်။

 

တပ်ချုပ်၏ ခရီးစဉ်နှင့် တစ်ပြိုင်နက် တရုတ်ပြည်အတွင်းတွင် “၀” တပ်ဖွဲ့နှင့် မိုင်းလား တာဝန်ရှိသူများကို တရုတ်နိုင်ငံဘက်မှ ခေါ်ယူတွေ့ဆုံခဲ့ကြောင်းလည်း ရှမ်းပြည်နယ်အတွင်း သတင်းများကို အဓိက ရေးသား ဖော်ပြနေသည့် သျှမ်းသံတော်ဆင့် သတင်းဌာနက အောက်တိုဘာလ ၂၈ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။

 

“တကယ်လို့ ထိုးစစ်ဆင်လိုက်လို့ ရှိရင်တော့ ဒီစစ်ပွဲက မိုင်းလားမှာတင် ရပ်နေမှာမဟုတ်ပါဘူး။ “၀” နယ်အထိ ဆက်သွားမှာပါ။ “၀” နယ်အထိ တက်သွားရင် “၀” နယ်နဲ့ ဆက်စပ်နေတဲ့ ကိုးကန့်ကလည်း ပါလာဦးမှာ။ ကိုးကန့်ဘက်မှာလည်း KIA နဲ့ တပ်မတော်နဲ့ ဖြစ်နေတော့ မြန်မာနိုင်ငံ မြောက်ပိုင်းတစ်ခုလုံး စစ်ပွဲတွေ ပျံ့နှံ့သွားမယ့် အရိပ်လက္ခဏာ ရှိပါတယ်”ဟု ဦးသန်းစိုးနိုင်ကဆိုသည်။

 

ယင်းအခြေအနေများကို အကြောင်းပြု၍ စစ်ပွဲများ ဖြစ်ပွားလာပါက တရုတ်နိုင်ငံ အနေဖြင့် ၎င်းတို့၏ နယ်စပ်ပြည်နယ် ထဲသို့ ဆက်စပ်ဝင်ရောက်လာနိုင်ခြေ ရှိခြင်းကြောင့် စစ်ပွဲများ မဖြစ်လာစေရန် မေတ္တာရပ်ခံရန်အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ခေါ်ယူဆွေးနွေးညှိနှိုင်း တိုင်ပင်သည့် သဘောရှိသည်ဟု ကောက်ချက်ချကြောင်းလည်း ယခင် ဗကပ ၏ အရှေ့မြောက်စစ်ဒေသတွင် ဗဟိုကော်မတီဝင် ဖြစ်ခဲ့ဖူးသူ တရုတ်မြန်မာ ဆက်ဆံရေးအကဲခတ် ဦးသန်းစိုးနိုင်ကပြောသည်။

 

ယင်းအခြေအနေသည် တရုတ်မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် သာမက မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကြီးမားစွာ ထိရောက်နိုင်ပြီး ထိခိုက်နိုင်သည့် ကိစ္စဖြစ်ခြင်းကြောင့် “၀” နှင့် မိုင်းလား တို့ ဖြစ်နေသည့် ကိစ္စကို ငြိမ်းချမ်းရေး ကော်မရှင်မှ တစ်ဆင့် အချိန်ယူ ဖြေရှင်းစေချင်ကြောင်း၊ တပ်မတော်ဘက်မှ စစ်ရေးအရ ဖြေရှင်းမှုမျိုးကို မဆောင်ရွက် စေချင်ကြောင်းလည်း ဦးသန်းစိုးနိုင်က မှတ်ချက်ပြုပြောဆိုသည်။

 

တရုတ်မြန်မာ နယ်စပ်တွင် အခြေစိုက်သည့် “၀” နှင့် မိုင်းလားအဖွဲ့များမှာ ဗမာပြည် ကွန်မြုနစ်ပါတီမှ ခွဲထွက်လာသည့် မဟာမိတ် တိုင်းရင်းသား အဖွဲ့အစည်းများ ဖြစ်ကြပြီး ၂၁ ပင်လုံတွင် “၀” အဖွဲ့မှာ ညီလာခံမှ ပြန်သွားကာ မိုင်းလားအဖွဲ့မှာ အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် လက်မှတ်ထိုးမည်ဟု ပြောဆိုမှုများ ရှိခဲ့သည်။

 

ဇော်မင်းထွန်း

The Ladies News

ဒေသခံပြည်သူများအား လက်နက်ကိုင် ခြိမ်းခြောက်ကာ သစ်ခိုးထုတ်အဖွဲ့ကို အရေးယူပေးရန် ထားဝယ်တိုင်းရင်းသားများ ပါတီ တောင်းဆို


Posted: October 31, 2016

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ် ဘူးထောင့်ကမ်းခြေ ကျေးရွာရှိ ဒေသခံပြည်သူများအား လက်နက်ကိုင် ခြိမ်းခြောက်ပြီး သစ်ခိုးထုတ်သည့် အဖွဲ့အား အရေးယူ ဆောင်ရွက်ရန် ထားဝယ်တိုင်းရင်းသားများ ပါတီက တောင်ဆိုးထားသည်။

 

အဆိုပါ ဘူးထောင့်ကမ်းခြေတွင် နေထိုင်ကျသည့် ဒေသခံ ပြည်သူများသည့် ငါးဖမ်းလုပ်းငန်းကို လုပ်ကိုင်ကြသည်။ ၄င်းနေရာ အနီးတစ်ဝိုက်တွင် ဥပဒေပြင်ပ သစ်ထုတ်လုပ်မှုများ ရှိနေပြီး သစ်ခိုးထုတ်သူများသည့် ဒေသခံပြည်သူများအား လက်နက်ကိုင် ခြိမ်းခြောက်ခြင်းများ ရှိသော်လည်း သက်ဆိုင်ရာမှ အရေးယူ ဆောင်ရွက်ခြင်း မရှိသည့်အတွက် ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဆိုသည်။

 

ထားဝယ် တိုင်းရင်းသားများပါတီ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အေးက “သစ်ခိုးသမားတွေက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက မဟုတ်ဘူး။ အပြင်နေပြီး သစ်ခိုးတဲ့သူတွေ။ ခိုးတာက တရားခံကို မဖော်ထုတ်ပြီး မဖမ်းဘူး။ ပါဝင်ပတ်သက်မှုတွေလည်း ရှိမယ်လေ။ သစ်တော့ကလည်း မလုပ်ဘဲနေတယ်။ ရဲကလည်း မျက်နှာလွဲပြီး နေတယ်။ ကျွန်တော်တို့ မလုပ်ဘူးဆိုတော့ တွန်းတာပေါ့။ ဒီလို မင်းမဲ့စရိုက်ဆန်ဆန် လုပ်တာကို တိုက်တွန်းတာ ဖြစ်တယ်”ဟု ဆိုသည်။

 

ထုတ်ပြန်ချက်ထဲတွင် ဒေသခံပြည်သူများက လက်နက်ကိုင် ခြိမ်းခြောက်မှုများ ရှိသည့်အတွက် စိုးရိမ်ကြောင့်ကြစွာ နေထိုင်နေရပြီး သစ်ထုတ်လုပ်သူများအား အရေးယူ ဆောင်ရွက်ရန် တနင်္သာရီတိုင်းဒေသကြီး အစိုးရအနေဖြင့် တာဝန်ရှိကြောင်း ဆိုသည်။

 

ထိုသို့ပြူမူနေခြင်းသည် အာဏာရပါတီ၏ တရားဥပဒေ စိုးမိုးရေးဆောင်ရွက်မှုများကို စိန်ခေါ်နေသည့် ကိစ္စဖြစ်ကြောင်း ဆိုသည်။ တိုင်းဒေသကြီးအစိုးရအနေဖြင့် လက်နက်ကိုင် ခြိမ်းခြောက်ကာ သစ်ခိုးထုတ်နေသူများအား ကိစ္စအား အလျင်အမြန် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးပြီး နောင်တွင် မဖြစ်ပွားပောင် အာမခံပေးရန် တောင်းဆိုကြောင်း ဆိုသည်။

 

စိုင်းဟန်

The Ladies News

နိုင်ငံတော်အစိုးရမှ အခြေခံဈေးနှုန်း (Minimum Support Price) ဖြင့် စပါးဝယ်ရေးစီမံချက် ဆောင်ရွက်ပေးရန် စီစဉ်

Posted: October 31, 2016

တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေးနှင့် မြှင့်တင်ရေး ဥပဒေအရ ဖွဲ့စည်းထားသော ကော်မတီများမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရတို့ ပူးပေါင်း၍ နိုင်ငံတော်အစိုးရမှ အခြေခံဈေးနှုန်း (Minimum Support Price) ဖြင့် စပါးဝယ်ရေးစီမံချက် ဆောင်ရွက်ပေးရန် စီစဉ်လျှက်ရှိကြောင်း သိရသည်။

 

ယင်းကဲ့သို့ ၀ယ်ယူနိုင်ရေးအတွက် အစိုးရ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တာဝန်ရှိသူများ ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

 

ပြည်ပသို့ ဆန်တင်ပို့ရောင်းချနိုင်ရန် အစိုးရအချင်းချင်း လက်မှတ်ရေးထိုးနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်း

ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်လာပါက စီးပွားကူးသန်းအနေဖြင့် စပါးပြည်ပ တင်ပို့ရောင်းချခွင့် ပြုနိုင်ရေးအတွက် အကန့်အသတ် (ဥပမာ- အချိန်ကာလ(သို့မဟုတ်) တန်ချိန်) ဖြင့် ခွင့်ပြုရန် ညှိနှိုင်း ဆောင်ရွက်ပေးရန် ရှိကြောင်း ဆန်စပါးအသင်းချုပ်မှ ဒေါက်တာစိုးထွန်းက ပြောသည်။

 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဖွဲ့စည်းတည်ထောင်ထားသည့် MAPCO မှလည်း အခြောက်ခံစက်(Dryer) များ တင်သွင်း၍ ဆန်စက်များတွင် စပါးအခြောက်ခံ ဝန်ဆောင်မှု ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျှက်ရှိရာမြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အသင်းဝင် ဆန်ကုန်သည်များ၊ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များနှင့် ဆန်စက်ပိုင်များမှလည်း တောင်သူများထံမှ စပါးဝယ်ယူပေးခြင်းနှင့် ပြည်ပသို့တင်ပို့ခြင်းကို တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ဟု ဆိုသည်။

 

ဆန်လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးစိုင်းကျော်ကလည်း “ငွေဈေးသာ ကြီးကြီးမားမား ပြောင်းလဲမှု မရှိဘူးဆိုရင် လက်ရှိစပါးဈေးဟာ အရမ်းနည်းနေပြီး ပြန်လည်ဦးမော့ လာမယ်လို့ ထင်ပါတယ်” ဟု သုံးသပ်သည်။

 

ယခုနှစ်သည် ပြည်ပသို့ ဆန်တင်ပို့မှု လျော့ကျခဲ့ရခြင်းကြောင့် ဆန်လုပ်ငန်းရှင်များနှင့် တောင်သူများအတွက် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသော နှစ်ဖြစ်ရာ စပါးပေါ်ကာစတွင် စပါးတင်းတစ်ရာလျှင် ကျပ် ၃၇၀၀၀၀ ရှိခဲ့သော်လည်း လက်ရှိတွင် ကျပ် ၃၂၀၀၀၀ နှင့် ၃၅၀၀၀၀ ကြားတွင်သာ ရှိနေသည်ဟု လုပ်ငန်းရှင်များထံမှ သိရသည်။

 

ဝသန်

The Ladies News

ဘာကြောင့်ဖောက်ပြန်တာလဲ (အချစ်ရေးနဲ့ အိမ်ထောင်ရေး ဖောက်ပြန်တတ်တဲ့ လူ့သဘာဝကို လေ့လာခြင်း) || ဖြိုးဝေ (မဟာဝိဇ္ဇာ) ||

Posted: October 31, 2016

ကျွန်တော်ငယ်ငယ်က ကျွန်တော်တို့နေတဲ့ အိမ်ခေါင်းရင်းခန်းမှာ မိသားစုတစ်စု အိမ်လာငှားနေသွားဖူးပါတယ်။ ယောက်ျားက သင်္ဘောသား၊ မိန်းမထက် ဆယ်နှစ်မကကြီးတယ်။ မိန်းမကငယ်ငယ် ရုပ်ရည် အသင့်အတင့်။ သူတို့မှာ ကလေးနှစ်ယောက် ရှိတယ်။ ဒါပေမဲ့ ယောက်ျား သင်္ဘောတက်သွားရင် မိန်းမက အိမ်မှာယောက်ျားတွေ တစ်ယောက်ပြီး တစ်ယောက်နဲ့ ဖောက်ပြန်တယ်။ အဲဒီသူနဲ့ ဖောက်ပြန်နေတဲ့ ယောကျာ်းတွေထဲကမှ သူ့လိုပဲ အိမ်ထောင်သည် ကလေးတစ်ယောက်အဖေ လူငယ်တစ်ယောက်ကိုတော့ သူရေရှည်တွဲတယ်။ အဲဒီလူငယ်နဲ့ ဖောက်ပြန်နေတာကို သိတဲ့ သူ့ယောက်ျားရဲ့ အမျိုးတွေက လာဖမ်းရင် ဖောက်ပြန်နေတဲ့ လူငယ်ကို နောက်ဖေးပေါက်ကနေ ထွက်ပြေးခိုင်းတယ်။ ဒါပေမဲ့ သူ့ယောက်ျားကတော့ မသိတာလား၊ တစ်ခုခုကြောင့် မသိချင်ယောင် ဆောင်ထားတာလား၊ သိလျက်နဲ့ ခွင့်လွှတ်ထားတာလားတော့ မသိ။ အိမ်ထောင်ရေးကတော့ သူတို့ အိမ်ပြောင်းသွားတဲ့အထိ မြဲနေပါတယ်။ အဲဒီလို မိန်းမဆိုတာ ဖောက်ပြန်တတ်ပါလားဆိုတာ ငယ်စဉ်ကတည်းက မျက်ဝါးထင်ထင် ကိုယ်တွေ့ မြင်တွေ့ကြားသိလာခဲ့ရတဲ့ ကျွန်တော်ဟာ “ယောကျာ်းဆိုတာ အိုင်တွေ့တိုင်း ခြေဆေးတတ်တယ်” ၊ “ယောက်ျားမှန်ရင် နှာဘူးနဲ့ဂန်ဒူး နှစ်မျိုးပဲရှိတယ်” ဆိုတဲ့ ပညာရှိပုဂ္ဂိုလ် တစ်ဦးဦး ဒါမှမဟုတ် ယောက်ျားတွေကို စိတ်နာနေတဲ့ အမျိုးသမီးတစ်ဦးဦးကပဲ ပြောပြီး ‘တွင်’ ခဲ့လေသလား သေချာမသိရတဲ့ အဆိုအမိန့်တွေ ကြားတိုင်း ပြုံးမိတယ်။ ဘာကြောင့်လဲဆိုတော့ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်ဖောက်ပြန်တတ်သလို နှာဘူးထတတ်လို့ပဲ ဖြစ်ပါတယ်။ အဲဒီလို ယောက်ျားမိန်းမ မရွေး ဖောက်ပြန်တတ်သလို ဖောက်ပြန်တတ်တာဟာ အသက်အရွယ်၊ ရုပ်ရည်၊ ပညာအရည်အချင်း၊ ရာထူးစည်းစိမ်တွေနဲ့ ဆိုင်သလားဆိုတော့လည်း ဖောက်ပြန်တတ်တဲ့ သူတွေကိုကြည့်လိုက်ရင် အသက်ငယ်တဲ့သူရော ကြီးတဲ့သူပါ ဖောက်ပြန်တတ်ပါတယ်။ ရုပ်ချောတဲ့သူလည်း ဖောက်ပြန်တတ်တယ်။

 

ရုပ်မချောတဲ့သူလည်း ဖောက်ပြန်တတ်တယ်။ ပညာတတ်တဲ့သူတွေ၊ ရာထူးစည်းစိမ် အာဏာရှိတဲ့ သူတွေကလည်း အများအမြင်မှာ လူကြီးလူကောင်း မျက်နှာဖုံးစွပ်ထားပေမယ့် ဖောက်ပြန်တတ်သလို ပညာမတတ်တဲ့သူတွေ၊ ရာထူးစည်းစိမ် အာဏာမရှိတဲ့သူတွေလည်း ဖောက်ပြန်တတ်ပါတယ်။

 

*** ဘာသာရေး၊ လူမှုရေးကပြောတဲ့ ဖောက်ပြန်မှု

 

အိမ်ထောင်ရေး ဖောက်ပြန်ကြတာနဲ့ ပတ်သက်လို့ ဘာသာရေးနဲ့ လူမှုရေးရှုထောင့်အရ ကြည့်တဲ့သူတွေကတော့ ဘာသာရေး အဆုံးအမအတိုင်း မလိုက်နာဘဲ ကိုယ်ကျင့်သိက္ခာနဲ့ သီလမရှိလို့ လို့ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာသာအသီးသီးမှာ အိမ်ထောင်ရေး ဖောက်ပြန်တာကို တားမြစ်ထားတာတွေ ရှိသလို ကျူးလွန်ပါကလည်း ခံစားရမယ့် အပြစ်တွေ အသီးသီးရှိပါတယ်။ ဗုဒ္ဓဘာသာမှာဆို ဘာသာဝင်တွေ အမြဲစောင့်ထိန်းအပ်လို့ “နိစ္စသီလ” လို့ခေါ်တဲ့ ငါးပါးသီလထဲမှာ “ကာမေသုမိစ္ဆာစာရ ဝေရမဏိ ၊ သူများသားမယားနှင့် လွန်ကျုးခြင်းမှ ရှောင်ကြဉ်ပါ၏” ဆိုတဲ့ နေ့စဉ် လုံခြုံအောင် ထိန်းရမယ့် ကျင့်ဝတ်တစ်ခုပါသလို အဲဒီကျင့်ဝတ် ဖောက်ဖျက်ပါက မလိုမုန်းထားသူ ပေါများခြင်း၊ မုန်းရုံမက ရန်သူပေါများခြင်း၊ လာဘ်ပစ္စည်း ရှားပါးတိတ်ဆိတ်ခြင်း၊ ချမ်းသာမှ ကင်းဆိတ်ခြင်း၊ မိန်းမဖြစ်ရခြင်း၊ မိန်းမမဟုတ် ယောကျာ်းမဟုတ် ပဏ္ဍုက်ဖြစ်ရခြင်း၊ ယောက်ျားဖြစ်ရင်လည်း အမျိုးယုတ်မှာ ဖြစ်ရခြင်း၊ မျက်နှာပျက်ပြီး အရှက်ကွဲတတ်ခြင်း၊ အင်္ဂါလက္ခဏာအိနြေ္ဒတို့ ချို့ယွင်းသေးသိမ်ခြင်း၊ စိုးရိမ်ကြောင့်ကြ အားကြီးခြင်း၊ ချစ်သူနဲ့ ကွေကွင်းရခြင်း စတဲ့အပြစ်တွေကို ဖြစ်ရာဘဝမှာ တွေ့ကြုံရတတ်ပြီး ငရဲလည်း ကျရောက်ရပါတယ်။ ဗုဒ္ဓရဲ့သာဝကကြီးဖြစ်တဲ့ အရှင်အာနန္ဒာ ကိုယ်တော် တိုင်တောင် ပါရမီဖြည့်စဉ်ကာလ ရွှေပန်းတိမ်သည် ဘဝတုန်းက ကာမေသုမိစ္ဆာစာရကံ ကျူးလွန်တဲ့ အတွက် သေတဲ့အခါ “ရောရုဝငရဲ” မှာ နှစ်ပေါင်းများစွာကျပြီး လွတ်မြောက်တဲ့အခါ မျောက်ဖြစ်တော့လည်း ဝှေးစေ့ ကိုက်ဖောက်ခံရပါတယ်။ နောက် နွားဘဝရောက်တော့လည်း သင်းကွပ်ခံရပါတယ်။ လူပြန်ဖြစ်တဲ့ အခါမှာလည်း ယောက်ျားမဟုတ် မိန်းမမဟုတ် ပဏ္ဍုက်ဖြစ်ရပါတယ်။ နတ်ပြည် ရောက်ပြန်တော့လည်း နတ်သားမဖြစ်ဘဲ နတ်သမီး ဖြစ်ရပါတယ်။ အဲဒီနောက် လူ့ဘဝပြန်ဖြစ်တော့ ဘုရင့်သမီးဖြစ်ပြီးမှ ယောက်ျားဘဝကို ပြန်ရပါတယ်။ အဲဒီလို ပါရမီရှင်တွေတောင် ဖောက်ပြန်တဲ့ အကျိုးကြောင့် အပြစ်ဒဏ်ခံရကြောင်း ဗုဒ္ဓဘာသာမှာ အကျိုးအပြစ်တွေ ပါရှိပါတယ်။

 

ခရစ်ယာန်ဘာသာရဲ့ သမ္မာကျမ်းစာမှာတော့ “သူ့မယားကို ပြစ်မှားသောသူသည် မှားယွင်းသော မိန်းမနှင့် တကွ အသေသတ်ခြင်းကို ခံရမည်။” [ဝတ်ပြုရာကျမ်း-၂၀း၁၀] လို့ ဖောက်ပြန်မှုကို တားမြစ်ထားသလို အသေသတ်ပြီး အပြစ်ပေးဖို့ ဆိုထားပါတယ်။ အစ္စလာမ်တို့ရဲ့ ကုရန်အာန်ကျမ်းမှာတော့ “ဖောက်ပြန်ကျူးလွန်သူ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ တစ်ဦးချင်းကို ကြိမ်ဒဏ်ပေးရမည် (၂၄း၂)” လို့ ဖောက်ပြန်မှုနဲ့ ပတ်သက်လို့ ဆိုထားပါတယ်။ ဟိန္ဒူဘာသာဝင်တွေရဲ့ ဘဂဝါဂီတကျမ်းမှာတော့ “ဖောက်ပြန်တဲ့ အမျိုးသမီးတစ်ယောက်ဟာ မိသားစုတန်ဖိုးကို ဖျက်ဆီးရာရောက်ပြီး မိသားစုပျက်စီးရာ ပျက်စီးကြောင်း ရလဒ်ကို ဖြစ်စေတယ်” လို့ ဖောက်ပြန်တဲ့ အကျိုးအပြစ်ကို ဆိုထားပါတယ်။ အဲဒီလို ဘာသာအသီးသီးမှာ တားမြစ်တာတွေ၊ ခံစားရမယ့် အကျိုးအပြစ်တွေ ရှိပေမယ့် “ငရဲဆိုတာချိုနဲ့လား” လို့ ဆိုရလောက်အောင် ငရဲဆိုတာကို မယုံလို့ဖြစ်စေ၊ မကြောက်လို့ဖြစ်စေ ဘာသာရေးအရ အပြစ်ဒဏ်တွေကို မကြောက်လို့ဖြစ်စေ ကျူးလွန်ခဲ့ရင်တောင် တစ်လင်တစ်မယား ဥပဒေလို ဥပဒေအရ အရေးယူ အပြစ်ပေးခံရနိုင်ပါတယ်။ ဒါ့ပြင် အချစ်ရေး ၊ အိမ်ထောင်ရေး ခိုးကြောင်ခိုးဝှက်ဖြစ်စေ၊ ပေါ်တင်ဖြစ်စေ ဖောက်ပြန်လို့ လူသိသွားတိုင်း အချစ်ရေး၊ အိမ်ထောင်ရေး အဆင်မပြေတာတွေ၊ ကိုယ့်မိသားစု၊ ဆွေမျိုး ၊ မိတ်ဆွေ အသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင်မှာ စိတ်ပင်ပန်းဆင်းရဲစရာ၊ သိက္ခာကျ အရှက်ရစရာ လူမှုပြသ၁နာ ဖြစ်တာတွေ၊ ကိုယ့်ကို အများက အထင်အမြင်သေး ရှာင်ဖယ်ကြဉ်တာတွေ၊ ကိုယ့်ချစ်သူ အိမ်ထောင်ဖက်နဲ့ စကားများရန်ဖြစ်လို့ ဓား၊ ကတ်ကြေး၊ တုတ် တစ်ခုခုနဲ့ ထိုးနှက်ခံရတာတွေဟာ ဖောက်ပြန်တဲ့ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ကြုံတွေ့ရတတ်တဲ့ အပြစ်ဒဏ်၊ ဆိုးကျိုးတွေ ဖြစ်ပေမယ့်အချစ်ရေး ၊ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ ဆက်လက် ကျုးလွန်နေကြသလို ချစ်သူနဲ့ အိမ်ထောင်ရှင်ကြား ဖောက်ပြန်မှုကြောင့်ဖြစ်တဲ့ လူမှုရေး ပြသ၁နာတွေ၊ အမှုအခင်းတွေ ဟာလည်း မီဒီယာအမျိုးမျိုးနဲ့ ပတ်ဝန်းကျင်မှာ မကြာခဏ ကြားသိမြင်တွေ့နေရပါတယ်။ အဲဒီတော့ တကယ်စိတ်ဝင်စားစရာ ကောင်းပြီး မေးရမှာက ဘာသာရေး၊ လူမှုရေးအရရော တရားဥပဒေအရပါ အပြစ်ဒဏ်တွေ၊ ဆိုးကျိုးတွေ ခံရနိုင်ပေမယ့် အဲဒါတွေကို ဂရုမစိုက် မကြောက်ဘဲ အချို့ ချစ်သူ ဒါမှမဟုတ် အိမ်ထောင်ဖက်ရှိတဲ့ ယောက်ျားတွေ၊ မိန်းမတွေ အနေနဲ့ ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက် မဟုတ်တဲ့ အခြားသူတစ်ယောက်ယောက်ကို တွေ့တိုင်း ဘာကြောင့်ငမ်းတတ်၊ ရိသဲ့သဲ့လုပ်ပြီး ပွေရှုပ်တတ်၊ ဖောက်ပြန်တတ်ပြီး အချို့ယောက်ျားတွေ၊ မိန်းမတွေ ဘာကြောင့် မဖောက်ပြန်ဘဲ အချစ်ရေး ၊ အိမ်ထောင်ရေး တည်မြဲသလဲဆိုတာပဲ ဖြစ်ပါတယ်။ အဲဒီမေးခွန်းတွေ အတွက် အဖြေသိရအောင် အိမ်ထောင်ရေး ဖောက်ပြန်တတ်တဲ့ လူ့သဘာဝကို မနုသ၁ဗေဒ၊ စိတ်ပညာနဲ့ နာဗ်ကြောသိပ္ပံအရ လေ့လာတွေ့ရှိထားတာတွေကို လေ့လာကြည့်ရအောင်…။

 

*** မနုသ၁ဗေဒနဲ့ စိတ်ပညာကပြောတဲ့ ဖောက်ပြန်မှု

 

ဘာသာရေး၊ လူမှုရေးရှုထောင့်အရ သူတစ်ပါး သားမယားနဲ့ ဖောက်ပြန်တာဟာ အပြစ်ဖြစ်ပေမယ့် အချို့ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအရ အပြစ်မဟုတ်ဘဲ ဖောက်ပြန်တယ်လို့လည်း မယူဆပါဘူး။ အာတိတ်ဒေသမှာနေတဲ့ အိုင်နူ (Inuit) အက်စ်ကီးမိုး လူမျိုးတွေမှာ မယားဖြင့် ဧည့်ဝတ်ပြုခြင်းဆိုတဲ့ ဓလေ့ထုံးစံ တစ်ခုရှိပါတယ်။ အဲဒီဓလေ့ထုံးစံအရ လင်ယောက်ျားဖြစ်သူက သူနဲ့ အမဲလိုက်ဖော်ရဲ့ ခင်မင်မှုကို ခိုင်မာစေဖို့ မယားကခွင့်ပြုရင် အဲဒီလူကိုသူ့မယားနဲ့ လိင်ဖြေဖျော်ခွင့် ပေးရပါတယ်။ သုံးဦးသုံးဖလှယ် သဘောတူရင် အမဲလိုက်ဖော်က မိတ်ဆွေမယားနဲ့ ရက်ပေါင်းများစွာ ချစ်တင်းနှော နိုင်ပါတယ်။ အိုင်နူ အမျိုးသမီးတွေ အနေနဲ့လည်း အဲဒီလို ကိုယ့်ယောကျာ်းမှတစ်ပါး အခြားသူနဲ့ ချစ်တင်းနှောတာကို မိတ်ဆွေဆက်ဆံရေး ခိုင်မာစေဖို့ အဖိုးတန်ပေးဆပ်ခြင်းလို့ မြင်ကြပါတယ်။ နိုင်ဂျီးရီးယားက ကိုဖ်ယား (Kofyar) လူမျိုးတွေကတော့ “ဖောက်ပြန်မှု” ကို တစ်မျိုးအဓိပ္ပာယ် ဖွင့်ပါတယ်။

 

လင်ယောက်ျား တစ်ယောက်နဲ့ ကျေနပ်ရောင့်ရဲမှု မရှိတဲ့ မိန်းမဟာ ကွာရှင်းပြတ်စဲလိုတဲ့ ဆန္ဒမရှိရင် တရားဝင် အပိုကြင်ရာ (Extra Lover) ယူနိုင်ရုံမက လင်ယောက်ျားရဲ့ အိမ်ခြံမြေ ပိုင်နက်အတွင်းမှာ ပြောင်ကျကျ နေထိုင်ခွင့် ရှိပါတယ်။ မိန်းမတွေ သာမကဘဲ ယောက်ျားတွေလည်း အဲဒီလိုထားခွင့် ရှိပါတယ်။ အဲဒီလို ဘာသာရေး၊ လူမှုရေး၊ ဥပဒေတွေနဲ့ ယဉ်ကျေးမှုဓလေ့ ထုံးစံတွေအရ တားမြစ်တာတွေ၊ ခွင့်ပြုတာတွေကြောင့် ဖောက်ပြန်တာတွေနဲ့ ပတ်သက်လို့ မနုသ၁ဗေဒ ပညာရပ်အရ လူ့သဘာဝ လိင်ပိုင်းအမျိုးမျိုးခံစားလိုမှု (Sexual Variety) ကို ရှင်းပြနိုင်ပါတယ်။ တကယ်လို့ ယောက်ျား တစ်ယောက်ဟာ မိန်းမတစ်ယောက်နဲ့ ပေါင်းသင်းရာကနေ ကလေးနှစ်ယောက်ရခဲ့ရင် မျိုးဗီဇသဘောအရ သူ့ကိုယ်သူ မျိုးပွားပြီးဖြစ်ပါတယ်။ တကယ်လို့ နောက်ထပ် မိန်းမတွေနဲ့ ဖောက်ပြန်ပြီး နောက်ထပ် ကလေးနှစ်ယောက် ထပ်ရရင် သူဟာ နောက်မျိုးဆက် ပေးဆောင်မှုကို နှစ်ဆတိုးစေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လိင်ပိုင်းဆိုင်ရာ အမျိုးမျိုးခံစားမှုကို ရှာဖွေရင် ကလေးတွေပိုရမှာဖြစ်ပြီး သူ့ကလေးတွေ ရှင်သန်လာရာကနေ သစ်လွင်တဲ့ ကြန်အင်တွေကို ရှာဖွေတဲ့ ဘယ်ဂျင်းမျိုးကိုမဆို နောက်မျိုးဆက်ဆီ လွှဲပြောင်းပေးပါတယ်။ အဲဒီလို သစ်လွင်တဲ့ ကြန်အင်ကို ရှာဖွေတာကတော့ လူသားရဲ့ လိင်ပိုင်းဆန်းသစ်မှု လိုအင်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မိန်းမတွေမှာတော့ သန္ဓေဆောင်နိုင်တဲ့ အရေအတွက်က အကန့်အသတ် ရှိတဲ့အတွက် သစ်လွင်တဲ့ ကြန်အင်ရှာဖွေဖို့ သူတို့ဇီဝသဘောအရ စေ့ဆော်မှု နည်းပါးပါတယ်။

 

မနုသ၁ဗေဒပညာရှင် ဒေါနယ်ဆိုင်မွန်အဆိုအရ အဲဒီလို “လိင်ဆိုင်ရာစိတ်ပညာ” ကွဲပြားခြားနားမှု တွေဟာ အမဲလိုက် သစ်မြစ်သစ်ဥရှာဖွေတဲ့ သမိုင်းဦးဇာစ်မြစ်ကနေ ပေါက်ဖွားလာတာလို့ ဆိုပါတယ်။ မရေတွက်နိုင်တဲ့ နှစ်သန်းပေါင်းများစွာ ဖြတ်သန်းလာခဲ့ရာမှာ ယောကျာ်းတွေက မိန်းမတွေထက် လိင်ပိုင်းအမျိုးမျိုးခံစားလိုမှု ပိုမိုပြည့်ဝနေသလို ရင်သွေးတွေ ပိုမိုထုတ်လုပ်ပေးနိုင်တယ်။ အဲဒီလိုနဲ့ သူတို့ရဲ့မျိုးရိုးဗီဇ ပမာဏ ကြီးမားလာစေတယ်။ ဒါကြောင့် ရှေးခေတ် ဘိုးဘေးယောက်ျားတွေ ကိုယ့်လက်တွဲဖော်မှ တစ်ပါး အခြားသူနဲ့ တွဲခုတ်တတ်တာဟာ သဘာဝနဲ့ အလိုက်သင့်ပြုမှုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ရှေးခေတ်ဘိုးဘေး မိန်းမတွေရဲ့ အဓိက ရည်မှန်းချက်ကတော့ ကိုယ်အပါအဝင် ကိုယ့်ကလေးတွေရဲ့ဘဝကို အကာအကွယ်ပေး အာမခံပေးမယ့်သူကို ရှာဖွေဖို့ပါ။ ဒါကြောင့် မနုသ၁ဗေဒနဲ့ ဆင့်ကဲစိတ်ပညာအရ ယောက်ျားတွေဟာ သူတို့ရဲ့လိင်ပိုင်းအမျိုးမျိုးခံစားလိုမှု၊ လိင်ပိုင်းဆန်းသစ်မှု လိုအင်နဲ့ သူတို့ရဲ့မျိုးဗီဇတွေ ဖြန့်ဖြူးဖို့ တိတ်တိတ်ပုန်း ချစ်တင်းနှော ဖောက်ပြန်ကြတာဖြစ်ပြီး မိန်းမတွေကတော့ သူတို့ရဲ့ ဘဝရပ်တည်ရေးအတွက် ပစ္စည်းဥစ္စာတွေနဲ့ ဝန်ဆောင်ထောက်ပံ့မှု အရင်းအမြစ်တွေ ရပိုင်ဖို့ ဖောက်ပြန်ကြတာပဲ ဖြစ်ပါတယ်။ တချို့မိန်းမတွေက ယောက်ျားတစ်ယောက် ဆီကနေ ရနိုင်သမျှ အကျိုးကျေးဇူးတွေ ခံစားစံစားဖို့ အဲဒီယောက်ျားအပေါ် နှိုင်းရ သဘောအရပိုပြီး သစ္စာစောင့်သိ ကြပါတယ်။ အချို့မိန်းမတွေကတော့ ခိုးကြောင့်ခိုးဝှက် ချစ်တင်းနှောမှုမှာ ပါဝင်ပြီး ယောက်ျားတစ်ဦးစီကနေ ဘဝရပ်တည်ရေးအတွက် အရင်းအမြစ်တွေ ရရှိပိုင်ဆိုင်လာကြပါတယ်။ တစ်နည်းပြောရရင် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ တစ်လင်တစ်မယား စနစ်ရော အိမ်ထောင်ရေး ဖောက်ပြန်မှုပါ ဖော်ပြတဲ့ အခြေအနေမှာ ရှိပါတယ်။

 

*** ဦးနှောက်ကပြောတဲ့ ဖောက်ပြန်မှု

 

လူတွေရဲ့ အပြုအမှုတွေကို ဖန်တီးပုံဖော်တဲ့ ဦးနှောက်နဲ့ အာရုံကြောတွေရဲ့ အလုပ်လုပ်ပုံကို လေ့လာတဲ့ နာဗ်ကြောသိပ္ပံ (Neuroscience) အရတော့ အချို့လူတွေ ဖောက်ပြန်ပြီး အချို့လူတွေ မဖောက်ပြန်ဘဲ တစ်လင်တစ်မယား စနစ် ကျင့်သုံးတာဟာ ဦးနှောက်ထဲက အောက်ဆီတိုစင်(Oxytocin)ရဲ့ သက်ရောက်မှုကြောင့် ဖြစ်တယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ပါတယ်။

 

အောက်ဆီတိုစင်ဆိုတာ စွမ်းအားမြင့်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပြီး ဦးနှောက်ထဲမှာ နာဗ်ကြောပို့ပစ္စည်း (Neurotransmitter)အဖြစ် လုပ်ဆောင်ပါတယ်။ ချစ်တဲ့သူတစ်ယောက်ကို နမ်းတဲ့အခါနဲ့ ဖက်တဲ့အခါမှာ အောက်ဆီတိုစင် ပမာဏ မြင့်မားလာတတ်ပြီး အထူးသဖြင့် နို့တိုက်တဲ့အခါ၊ လိင်ဆက်ဆံတဲ့အခါနဲ့ ကလေးမွေးတဲ့အခါတွေမှာ အဲဒီဟော်မုန်းဓာတ် အကြီးအကျယ် နိုးကြွလာပါတယ်။ ဒါကြောင့်လည်း အောက်ဆီတိုစင်ကို “အပွေ့အဖက် ဟော်မုန်း”၊ “အချစ်ဆေး”၊ “ကိုယ်ကျင့်တရား မော်လီကျူး” ဆိုပြီး အမည်အမျိုးမျိုး ခေါ်ကြတာ ဖြစ်ပါတယ်။

 

အောက်စင်တိုစင်ရဲ့ သက်ရောက်မှုကို သိပ္ပံပညာရှင်တွေက လေ့လာမှုတစ်ခု လုပ်ခဲ့ပါတယ်။ အဲဒီစမ်းသပ်မှုမှာ စမ်းသပ်ခံ အမျိုးသားတွေအချို့ရဲ့ နှာခေါင်းမှာ အောက်ဆီတိုစင်အစစ်ပါတဲ့ စပရေးဖျန်းလိုက်ပြီး အစမ်းသပ်ခံ အချို့ကိုတော့ အာနိသင်မရှိတဲ့ စပရေးဖျန်းလိုက်ပါတယ်။ အစမ်းသပ်ခံထဲမှာ အချို့က ချစ်သူ ၊ ဒါမှမဟုတ် အိမ်ထောင်ဖက် တစ်ဦးတည်းကိုသာ တွဲတဲ့ တစ်လင်တစ်မယား စနစ် ကျင့်သုံးသူတွေဖြစ်ပြီး အချို့ကတော့ မဟုတ်ပါဘူး။ အဲဒီစမ်းသပ်ခံ အမျိုးသားအားလုံးကို ဆွဲဆောင်မှု အလွန်ရှိတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ပေးပါတယ်။ အဲဒီအမျိုးသမီးကို ချဉ်းကပ်ပြီး ငမ်းကြ၊ ပိုးပန်းကြမယ့်အစား အောက်ဆီတိုစင် အစစ် ထိတွေ့ထားတဲ့၊ တစ်လင်တစ်မယား စနစ်ကျင့်သုံးတဲ့ အမျိုးသားတွေဟာ အာနိသင်မရှိတဲ့ဆေးကို ထိတွေ့ထားတဲ့ အမျိုးသားတွေနဲ့ယှဉ်ရင် ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးနဲ့ ခပ်တန်းတန်းနေတာ တွေ့ရပါတယ်။ တစ်ကိုယ်ရေ တစ်ကာယ သမားတွေအပေါ်မှာတော့ အောက်ဆီတိုစင်က လုံးဝသက်ရောက်မှု မရှိပါဘူး။

 

တစ်နည်းပြောရရင် ပိုင်ရှင်ရှိတဲ့ အမျိုးသားတွေရဲ့ နှာခေါင်းကို အောက်ဆီတိုစင်နဲ့ ထိတွေ့လိုက်တာဟာ ကိုယ့်လက်တွဲဖော် အပေါ်သစ္စာရှိမှု၊ တစ်နည်း တစ်လင်တစ်မယား စနစ်ကို တွန်းအားပေးလေ့ ရှိပါတယ်။ ဒီရှာဖွေတွေ့ရှိမှုကို ဒတ်ရှ်လူမျိုး သိပ္ပံပညာရှင် Carsten de Dreu ဦးဆောင်ပံ့ပိုးမှုနဲ့ သိခဲ့ရတာပါ။ သူက “အောက်ဆီတိုစင်ဟာ အုပ်စုထဲက အဖွဲ့ဝင်တိုင်းအပေါ် ယုံကြည်မှုတိုးလာစေပြီး ပြင်ပက လူတွေအပေါ်မှာတော့ သက်ရောက်မှု မရှိဘူး” လို့ ဆိုပါတယ်။ အခုစမ်းသပ်မှုမှာပါတဲ့ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးက ပြင်ပကလူပါ။ ဒီစိတ်ဝင်စားစရာ အလွန်ကောင်းတဲ့ စမ်းသပ်တွေ့ရှိမှုက ဘာကိုပြနေသလဲဆိုတော့ “အောက်ဆီတိုစင်ဟာ အမျိုးသားတွေကို သူ့အဖော်ဆီက ထွက်မသွားအောင် ဟန့်တားပေးတယ်” ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ ပိုပြီးစိတ်ဝင်စားစရာ ကောင်းတာက ဦးနှောက်ထဲက ဓာတ်ပစ္စည်းတွေ (Chemicals)ဟာ တိရစ္ဆာန်တွေရဲ့ အပြုအမူတွေတင်မက လူတွေရဲ့ အပြုအမူတွေကိုပါ လွှမ်းမိုးနိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အပြုအမူတွေအပေါ် ဆင်ခြင်တုံတရား အပြည့်နဲ့ ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ဦးနှောက်နဲ့ နာဗ်ကြောတွေက ထိန်းချုပ်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်တာ ကာလတစ်လျှောက် စုဆောင်းခဲ့တဲ့ အထောက်အထားတွေ အရလည်း ဦးနှောက်ထဲက နျူရွန် (Neuron)တွေကြား ဓာတ်ပစ္စည်းတွေ ဆက်သွယ်မှုက လူတွေရဲ့ အပြုအမူတွေကို တစ်ဖက် စောင်းနင်းဖြစ်စေနိုင်တာ တွေ့ရပါတယ်။ အဲဒီဓာတ်ပစ္စည်းတွေထဲမှာ အောက်ဆီတိုစင်လည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ နောက်တစ်ခုက သိပ္ပံပညာရပ်အရ တစ်လင်တစ်မယား စနစ်ကျင့်သုံးတဲ့ ဘယ်သူမဆို ငှက်ဖြစ်စေ၊ ကြွက်ဖြစ်စေ၊ လူဖြစ်စေ လူမှုရေးအရ ဆက်ဆံရတဲ့ ပြင်ပက ဘယ်သူနဲ့မဆို ဖောက်ပြန်နိုင်တယ်လို့ ဆိုပါတယ်။ ကိုယ့်ကြင်ဖော်အပေါ် သစ္စာ အရမ်းရှိတယ်ဆိုတဲ့ ကြွက်နဲ့ဆင်တဲ့ ဗိုး(Vole)ဆိုတဲ့ အကောင်လေးတွေနဲ့ စမ်းသပ်ချက်အရ ဗိုးအထီးတွေဟာ အပြင်မှာ ဗိုးအမတွေနဲ့တွေ့ရင် မိတ်လိုက်ရတာ ပျော်ပေမဲ့ အချိန်တန်ရင် သူတို့ကြင်ဖော်တွေရှိတဲ့ အသိုက်အမြုံကိုပဲ ပြန်ပါတယ်။ တကယ်တော့ ဗိုးတွေဟာ သူတို့ကြင်ဖော်နဲ့ အချိန်အတော်ကြာ ဝေးကွာနေရရင် စိတ်မချမ်းသာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုနဲ့ဆိုင်တဲ့ CRF (Corticotropin Releasing Factor)ဆိုတဲ့ နာဗ်ကြောပို့ပစ္စည်း (Neurotransmitter)ဟာ ဟော်မုန်းတစ်မျိုး ဖြစ်ပြီး ကိုယ့်ကြင်ဖော်နဲ့ ဝေးနေရတဲ့ အဖိုတွေမှာ လှုပ်ရှားလုပ်ဆောင်ပါတယ်။ စိတ်မချမ်းမသာဖြစ်နေတဲ့ ဗိုးအထီးတွေမှာ အဲဒီ CRF စနစ်ဟာ သေနတ်က မီးပွင့်သွားသလိုပဲ စိတ်ဖိစီးမှုတွေကို နိုးကြွအောင်လုပ်ပါတယ်။ အဲဒီ CRF ဟာလည်း တစ်လင်တစ်မယားစနစ်ကို အားပေးပါတယ်။ တစ်နည်းပြောရရင် ကိုယ့်ကြင်ဖော်နဲ့ဝေးရင် လွမ်းဆွတ်စိတ် ဖိစီးမှုဖြစ်အောင် လုပ်တဲ့လက်သည်က CRF ပါ။ ဦးနှောက်ရဲ့ဗဟိုချက် အစိတ်အပိုင်းဖြစ်တဲ့ Nucleus Accumbens ကတော့ အစားအစာ၊ လိင်ဆက်ဆံမှု၊ ငွေကြေးရရှိမှု၊ လူတွေရဲ့ အသိအမှတ်ပြုမှုလို ဆုလာဘ် (အသိအမှတ်ပြု ချီးမြှောက်ခံရတဲ့) ခံစားမှုကို လုပ်ဆောင်ပေးပါတယ်။ တကယ်တော့ လူ့ဦးနှောက်ဟာ ဓာတ်ပစ္စည်းတွေက ထိန်းချုပ်တဲ့ လျှပ်စည်းပတ်လမ်းတွေနဲ့ ဖွဲ့စည်းထားတာပါ။ ဆွဲဆောင်မှုရှိတဲ့ အမျိုးသား၊ ဒါမှမဟုတ် အမျိုးသမီးတစ်ယောက်ကို တွေ့တဲ့ အခါတိုင်း “အဲဒီဆွဲဆောင်မှုရှိတဲ့ သူလေးနဲ့ ချစ်တင်းနှောလိုက်ရရင် ဘယ်လောက်ကောင်းမလဲ” လို့ ဦးနှောက်ထဲက ဆုလာဘ် လျှပ်စီးပတ်လမ်းက ကျွန်တော်တို့ကို ပြောပြပါတယ်။ ဒါပေမဲ့ အောက်ဆီတိုစင်နဲ့ဆိုင်တဲ့ လျှပ်စီးပတ်လမ်းကတော့ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ ကြင်ဖော်တွေကို ဘယ်လောက်ချစ်ကြောင်း ပြောပြပါတယ်။ CRF ကတော့ ကျွန်တော်တို့ ကြင်ဖော်တွေနဲ့ ဝေးကွာနေတဲ့အခါ ဘယ်လောက် စိတ်မချမ်းသာကြောင်း ပုံဖော်ပေးပါတယ်။ အဲဒီတော့ ဖောက်ပြန်တာ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးတာ ၊ လိင်ဆက်ဆံတာတွေဟာ ဦးနှောက်ထဲက လျှစ်စီးပတ်လမ်း အမျိုးမျိုးရဲ့ မောင်းနှင်မှုကြောင့် ဖြစ်နေတာပါ။ အဲဒီတော့ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးကို မတွေ့ခင် အမျိုးသားတစ်ယောက်ကို အောက်ဆီတိုစင်နဲ့ ထိတွေ့ပေးရင် အဲဒီအမျိုးသမီးအပေါ် ဖောက်ပြန်ချင်တဲ့စိတ် မရှိဘဲ ပုံမှန်အတိုင်းဆက်ဆံပြီး ကိုယ့်ကြင်ဖော်အပေါ်ပဲ သစ္စာဆက်ရှိတယ် ဆိုတာ တွေ့ရှိခဲ့ပေမယ့် ချောချောလှလှ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတွေနဲ့ တွေ့တိုင်း ဖျန်းရအောင် အောက်ဆီတိုစင်ဘူးကို အမြဲဆောင်ထားဖို့ကလည်း မလွယ်ပါ။ အဲဒီတော့ တခြားနည်း မရှိတော့ဘူးလား မေးစရာရှိပါတယ်။

 

“အမျိုးသားတွေမှာ အောက်ဆီတိုစင် ထုတ်လုပ်မှုကို မြှင့်တင်ပေးတဲ့ သိသာထင်ရှားတဲ့ ဇီဝကမ္မ လှုံ့ဆော်ပေးတဲ့ အရာကတော့ ချစ်တင်းနှောတာပဲ ဖြစ်ပါတယ်” လို့ နာဗ်ကြော သိပ္ပံပညာရှင်တွေဖြစ်တဲ့ Larry Yong နဲ့ Brian Alexander တို့က ဆိုပါတယ်။ ကိုယ့်ကြင်ဖော်နဲ့ ချစ်တင်းနှောတာ၊ နမ်းတာ၊ ဖက်တာ၊ ကြင်နာစွာ ပွတ်သပ်ပေးတာနဲ့ ရင်းရင်းနှီးနှီး ထွေရာလေးပါး စကားပြောတာတွေဟာ အောက်ဆီတိုစင် မြင့်မားလာအောင် ကူညီပေးတယ်လို့ Larry က ဆိုပါတယ်။

 

*** နှစ်ဖက်တီးမှ မြည်တဲ့လက်ခုပ်

 

အဲဒီတော့ ဘာသာရေး၊ လူမှုရေး ၊ ယဉ်ကျေးမှုဓလေ့ ထုံးစံနဲ့ တရားဥပဒေအရ ခွင့်ပြုတာတွေ၊ တားမြစ်တာတွေ၊ အပြစ်ဒဏ်တွေ ဘယ်လိုပဲရှိရှိ လိင်ပိုင်းဆိုင်ရာ ဆန်းသစ်မှုလိုအင်ကြောင့် ယောက်ျားတွေမှာ ဖောက်ပြန်တတ်တဲ့ သဘာဝရှိပြီး မိန်းမတွေမှာတော့ ဘဝရပ်တည်ရေးအတွက် ပစ္စည်းဥစ္စာတွေနဲ့ ဝန်ဆောင်ထောက်ပံ့မှု အရင်းအမြစ်တွေ ရပိုင်ဖို့ ဖောက်ပြန် တတ်ကြတယ်လို့ မနုသ၁ဗေဒနဲ့ စိတ်ပညာက ဆိုသလို ဦးနှောက်ထဲက အောက်ဆီတိုစင်လို နာဗ်ကြောပို့ ပစ္စည်းတွေရဲ့ လွှမ်းမိုးမှုကြောင့် ဖောက်ပြန်တာ၊ သစ္စာစောင့်တည်တာတွေ ဖြစ်ပေါ်လာတယ် ဆိုတာလည်း သိခဲ့ရပါတယ်။ တကယ်တော့ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တယ်ဆိုတဲ့အတိုင်း လေ့လာမှုတွေ အရ ဖောက်ပြန်မှုတွေဟာ နှစ်ဦးနှစ်ဖက်လုံးအပေါ် မူတည်တယ်ဆိုတာ ထင်ရှားပါတယ်။ မနုသ၁ဗေဒနဲ့ ဆင့်ကဲ စိတ်ပညာတွေအရ လူ့သဘာဝကိုယ်က ဖောက်ပြန်တတ်တဲ့ သဘောရှိတယ်ဆိုပေမယ့် နာဗ်ကြောသိပ္ပံအရ သိလာရတာတွေအရ ကိုယ့်ကြင်ဖော်အပေါ် ယုယကြင်နာ ဂရုစိုက်မှုတွေဟာလည်း ကိုယ့်ကြင်ဖော်အပေါ် သစ္စာမြဲမြံနေအောင် ထောက်ကူတယ်ဆိုတာ ပြသနေပါတယ်။

 

တကယ့်လက်တွေ့ ဖောက်ပြန်မှုတွေမှာ ကြည့်လိုက်ရင်လည် အဲဒီအတိုင်း မှန်ကန်နေတာကို တွေ့ရမှာပါ။ အချို့မိန်းမတွေ အပျိုဘဝတုန်းက ပြင်ပြင်ဆင်ဆင် နေပေမယ့် အိမ်ထောင်ကျပြီးရင် ဖြစ်စေ၊ ကလေးရပြီးရင် ဖြစ်စေ မပြင်မဆင် ဖိုတီဖတ်သီ ဖြစ်သွားတာ၊ အစပိုင်းက ဂရုစိုက်တာ ကြင်နာယုယတာတွေ ရှိပေမယ့် နောက်ပိုင်း တဖြည်းဖြည်းနဲ့ လျော့လာတာ၊ လုံးဝဂရုမစိုက် မယုယ မကြင်နာဖြစ်လာတာ၊ မိန်းမတွေအတွက် အချို့ယောက်ျားတွေဟာ ကိုယ့်ဘဝအတွက် လုံခြုံစိတ်ရတယ်လို့ ထင်ရပေမယ့် နောက်ပိုင်းမှာ ထင်သလိုမဟုတ်တာ၊ ဒါမှမဟုတ် ဘဝအတွက် ပိုပြီးလုံခြုံစိတ်ချ အာမခံချက် ပိုရှိနိုင်တယ်လို့ ထင်တဲ့သူ တွေ့လာရတာတွေဟာ ဖောက်ပြန်မှုကို ဖြစ်စေတဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူ့သဘာဝအရ ယောက်ျားးဖြစ်စေ၊ မိန်းမဖြစ်စေ ဖောက်ပြန်တတ်တဲ့ သဘောရှိပေမယ့် ဖောက်ပြန်မှုကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကို သိထားပြီး ဆင်ခြင်လုပ်ဆောင် နိုင်ကြရင် သာယာချမ်းမြေ့ပြီး သစ္စာရှိတည်မြဲတဲ့ အချစ်ရေးနဲ့ အိမ်ထောင်ရေး ဖြစ်နိုင်ပါကြောင်း ရေးသားလိုက်ရပါတယ်။

 

ဖြိုးဝေ ( မဟာဝိဇ္ဇာ )

The Ladies News