Wednesday, June 29, 2016

ကိုယ်ပိုင်အိမ် အဆင့်မြှင့်ရန် သုံးခဲ့သော ပြည်သူ့ဘဏ္ဍာ ဒေါ်လာ ၅၀၀၀၀၀ ကို တောင်အာဖရိကသမ္မတ ဇူးမား ပြန်ပေးရမည်

မေ ၅ ရက်က ကိတ်တောင်းမြို့ရှိ တောင်အာဖရိက ပါလီမန်တွင် မိန့်ခွန်းပြောနေသော သမ္မတဇူးမား (Photo: AFP)

တောင်အာဖရိကသမ္မတ ဂျက်ကော့ဇူးမားသည် ၎င်း၏ ကိုယ်ပိုင်နေအိမ်တွင် ကြက်ခြံကြီးတစ်ခု၊ ရေကူးကန် တစ်ကန် အပါအ၀င် အဆင့်မြှင့်တင်မှုပြုလုပ်ရာ၌ သုံးစွဲခဲ့သော ပြည်သူ့ဘဏ္ဍာငွေ ဒေါ်လာ ၅၀၀၀၀၀ ကို ပြန်ပေးသင့်သည်ဟု ဘဏ္ဍာရေးဝန်ကြီးက ဇွန် ၂၇ ရက်တွင် ညွှန်ကြားခဲ့သည်။ ယင်းသုံးစွဲခဲ့သော ငွေများအနက် အချို့ကို ပြန်ပေးရန် ညွှန်ကြားချက်ကို အာခံမှုအတွက် ဇူးမားသည် အခြေခံဥပဒေကို ချိုးဖောက်ခဲ့ကြောင်း တရားရုံးချုပ်က ပြီးခဲ့သော မတ်တွင် ဆုံးဖြတ်ခဲ့သည်။ ဇူးမားသည် ယင်းအရှုပ်တော်ပုံအပါအ၀င် အခြားအရှုပ်တော်ပုံ အများအပြားနှင့်လည်း ပါဝင်ပတ်သက်နေသည်။

 

နိုင်ငံအရှေ့ပိုင်း ကျေးလက်ပြည်နယ် ကွာဇူလူး-နာတယ်ရှိ ဇူးမား၏ ဓားမဦးချမြေ ဖြစ်သော ကန်ဒလာဒေသတွင် ကိုယ်ပိုင်နေအိမ်၌ လုံခြုံရေးနှင့်မသက်ဆိုင်သော အဆင့်မြှင့်တင် တည်ဆောက်မှုများတွင် သုံးစွဲခဲ့သော ကုန်ကျစရိတ်များကို ဆုံးဖြတ်ပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက အမျိုးသားဘဏ္ဍာရေးဌာနကို တောင်းဆိုခဲ့သည်။ ယင်းအဆင့်မြှင့်မှုများတွင် မီးငြှိမ်းသတ်ရန်အတွက်ဟု ဆိုသော ရေကူးကန်တစ်ကန်၊ ကြက်ခြံတစ်ခြံ၊ ကျွဲနွားခြံ တစ်ခြံ၊ အမိုးမဲ့ ပွဲကြည့်စင်ဝိုင်းနှင့် ဧည့်ဂေဟာတစ်ခုတို့လည်း ပါဝင်ကြောင်း သိရသည်။

 

အာဏာရ အာဖရိကအမျိုးသားကွန်ဂရက်ပါတီ (ANC) ဥက္ကဋ္ဌ ဇူးမားသည် ယင်းသုံးစွဲမှုများအတွက် တောင်အာဖရိက ရန် ၇၈၁၄၁၅၅ (ဒေါ်လာ ၅၀၉၀၀၀)ကို ပြန်ပေးသင့်ကြောင်း ဘဏ္ဍာရေးဝန်ကြီးက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အဓိက အတိုက်အခံပါတီဖြစ်သော ဒီမိုကရက်တစ်မဟာမိတ် (DA) က ယင်းပမာဏသည် အလွန်အမင်း နည်းပါးကြောင်း၊ သမ္မတအနေဖြင့် လုံခြုံရေး နှင့် မသက်ဆိုင်သော အဆင့်မြှင့်မှုများတွင် သုံးစွဲမှုများအတွက် ရာနှုန်းပြည့် ပြန်ပေးသင့်ကြောင်း၊ ယခင်က တွက်ချက်မှုများအရ ရန် ၅၂ ဒသမ ၉ သန်း (ဒေါ်လာ ၃ ဒသမ ၄ သန်း) အထိရှိကြောင်း ထုတ်ပြန်ခဲ့သည်။ 

 

သို့သော် ဘဏ္ဍာရေးဝန်ကြီး၏ ယင်းညွှန်ကြားချက်သည် အကျင့်ပျက်ခြစားမှုများတွင် ပါဝင်သူများ၊ အထူးသဖြင့် ANC တွင် ပါဝင်သူများ (သမ္မတဖြစ်နေလျှင်ပင်) တာဝန်ခံမှု ရှိရမည်ဖြစ်ကြောင်း ရှင်းလင်းသော သတင်းစကားပေးခဲ့သည်ဟု DA ပြောခွင့်ရပုဂ္ဂိုလ် မာဘိုင်းဆီးဘီးက ပြောကြားခဲ့သည်။ ဘဏ္ဍာရေးဝန်ကြီး၏ ယင်းတွက်ချက်မှုပမာဏကို ဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက ပြန်လည် သုံးသပ်မည် ဖြစ်သည်။ 

 

ပြီးခဲ့သော မတ်က တရားရုံးချုပ်၏ စီရင်ချက် ချမှတ်မှုအပြီးတွင် ဇူးမားကို ရာထူးမှ နုတ်ထွက်ရန် ANC ပါတီ ၀ါရင့်အဖွဲ့ဝင်အများအပြားက တိုက်တွန်းခဲ့သည်။ သို့သော် ဇူးမားသည် ပါတီတွင်း ထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိထားဆဲဖြစ်သည်။ ပြီးခဲ့သော ဧပြီတွင်လည်း အသက် ၇၄ နှစ်ရှိ ဇူးမားကို စွပ်စွဲပြစ်တင်မှုအဆို တင်သွင်းရန် အတိုက်အခံများ၏ ကြိုးပမ်းမှုကို ANC ပါတီ က အလွယ်တကူ ကျော်လွှားနိုင်ခဲ့သည်။ ပြီးခဲ့သောနှစ်တွင်လည်း ဘဏ္ဍာရေးဝန်ကြီးနှစ်ဦးကို ရာထူးမှ ထုတ်ပယ်မှုအပါအ၀င် ဇူးမားသည် အရှုပ်တော်ပုံများစွာကို လနှင့်ချီ ကြုံခဲ့ရသည်။

 

လာမည့် သြဂုတ်တွင် ကျင်းပမည့် ဒေသဆိုင်ရာရွေးကောက်ပွဲများ၌ ANC ပါတီက ထောက်ခံမှုများ ကျဆင်းခဲ့ပါက သမ္မတ သက်တမ်း ခုနစ်နှစ်ရှိပြီဖြစ်သော ဇူးမားသည် ပါတီတွင်း ထောက်ခံမှုကျဆင်းပြီး ဒုတိယမြောက် သက်တမ်း၏ ကျန်ရှိသော သုံးနှစ်ကို ထမ်းဆောင်ခွင့် မရနိုင်သည့်အခြေအနေ ကြုံရနိုင်သည်။   

 

Writer: 

Ref: AFP

No comments: