ဂျပန်ပြည်တွင်းစမတ်ဖုန်းဈေးကွက်မှာ နေရာရပြီးသားဖြစ်တဲ့ Kyocera ကုမ္ပဏီရဲ့ တန်ဖိုးနည်းစမတ်ဖုန်းအသစ် ထွက်ပေါ်လာပါပြီ။
Hydro Shore လို့ အမည်ပေးထားတဲ့ ယခုစမတ်ဖုန်းဟာ တန်ဖိုးအားဖြင့် ဒေါ်လာ ၈၀ မျှသာရှိပြီး၊ ဖုန်မှုန့်နဲ့ ရေစက်ဝင်ရောက်မှုကနေလုံခြုံမှုအဆင့်သတ်မှတ်ချက် IP 57 အထိ ရရှိထားတဲ့ ရေစိုခံ စမတ်ဖုန်းဖြစ်ပါတယ်။ စမ်းသပ်ချက်အရ ယခုဖုန်းဟာ ရေအနက် ၃.၂၈ ပေအောက်မှာ မိနစ် ၃၀ အထိ စိတ်ချလက်ချ ရေစိမ်ထားနိုင်ပါတယ်။
ဒီ့အပြင်၊ ဖုန်းရေစိုနေတုန်းမှာလည်း ဖုန်းစခရင်ကိုအသုံးပြုလို့ရသေးပြီး၊ ဖုန်းခေါ်တာ၊ မက်ဆေ့ပို့တာတွေအပြင်၊ app သုံးတာတွေပါ ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။
ဖုန်းရဲ့ တခြားအသေးစိတ်အချက်အလက်တွေကတော့၊ 1.1GHz ရှိတဲ့ quad-core Snapdragon 210 ချစ်ပ်ကို အသုံးပြုထားပြီး၊ ၅ လက်မအကျယ် qHD မျက်နှာပြင်၊ 1GB RAM နဲ့ ဖုန်းတွင်း storage 8GB တို့ ပါရှိပါတယ်။ microSD ကတ်လည်း ထပ်စိုက်နိုင်ပြီး၊ ဘက်ထရီကတော့ 2160mAh ဘက်ထရီဖြစ်ပါတယ်။
ဖုန်းရဲ့ စွမ်းဆောင်ရည်က တန်ဖိုးနည်းဖုန်းဖြစ်တဲ့အတိုင်း သိပ်အကောင်းကြီးမဟုတ်ပေမယ့်၊ ရေနဲ့ ထိတွေ့ရတဲ့ အလုပ်လုပ်ကိုင်သူတွေအတွက် အကြမ်းပတမ်းသုံးနိုင်တဲ့ဖုန်းတစ်လုံးဖြစ်ပြီး၊ ရေစိုခံ ဖုန်းတွေထဲမှာတော့ တန်ဖိုးအနည်းဆုံးဖြစ်နိုင်ပါတယ်။
ကင်မရာပိုင်းမှာတော့၊ 5MP ကျောကင်မရာနဲ့ 2MP ရှေ့ကင်မရာပါဝင်ပြီး၊ ဖုန်းအလေးချိန်က ၁၄၁ ဂရမ်သာရှိပါတယ်။ Android 5.1 Lollipop စနစ်နဲ့ဖြစ်ပြီး၊ Walmart ကနေတဆင့် ၀ယ်ယူရရှိနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

Credit to ==> Digital Times
No comments:
Post a Comment