တစ္ဆေနှင်သူများသည်
နယူးယောက်မြို့ထဲမှ သဘာဝလွန် ဖြစ်ရပ်များကို နှိမ်နင်း နိုင်ခဲ့ဖွယ်
ရှိသော်လည်း နယူးယောက်မှ ခွေးများကိုမူ ကျော်မတက်နိုင်ခဲ့ပေ။ The Secret
Life of Pets အန်နီမေးရှင်းကားသည် ပြသနေသည်မှာ ဒုတိယမြောက် သီတင်းပတ်ထဲသို့
ဝင်လာပြီ ဖြစ်သော်လည်း ၀င်ငွေအကောင်းဆုံး ဇာတ်ကားစာရင်း၏ ထိပ်ဆုံးတွင်
ရပ်တည်နေဆဲ ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်က ၀င်ငွေဒေါ် လာ ၅၀ ဒသမ ၆ သန်း
ရရှိခဲ့သည့် The Secret Life of Pets သည် အမေရိကန်၌ ၀င်ငွေဒေါ်လာ၂၀၃ ဒသမ ၂
သန်း ရရှိထားပြီး ဖြစ်သည်။ ယင်းအန်နီးမေးရှင်းမှာ နယူးယောက်၏
လမ်းများပေါ်သို့ ရောက်သွားသော အိမ်မွေးခွေး နှစ်ကောင်၏ စွန့်စားခန်း
ဖြစ်သည်။
အငြင်းပွားစရာ ဖြစ်နေသော Ghostbusters ဇာတ်ကားသည် စတင်ပြသသည့် သီတင်းပတ်တွင် ၀င်ငွေဒေါ်လာ ၄၆ သန်း ရရှိခဲ့သည်။ သရုပ်ဆောင် ရွေးချယ်မှုနှင့် ပတ်သက်၍ မပြသမီ ကတည်းက လူမှုမီဒီယာတွင် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသော Ghostbusters သည် စာရင်း၏ ဒုတိယ နေရာတွင် ရပ်တည်နေသည်။ အမျိုးသမီး သရုပ်ဆောင်များ ဦးဆောင်ပါဝင်သည့် ၁၉၈၄ ခုနှစ်က မူလဇာတ်ကားကို ပြန်လည် အသက်သွင်းထားသော ယခု Ghostbusters ထဲတွင် မယ်လီဆာမက်ကေသီ၊ ခရစ်စတင်းဝဂ်၊ လီစလီဂျုန်းစ်နှင့် ကတ်မက်ကင်နွန်တို့ ပါဝင် သရုပ်ဆောင်ထားကြသည်။ အလက်ဇန္ဒားစကားစဂတ်နှင့် မက်ဂေါ့ရောဘီတို့ ပါဝင် သရုပ်ဆောင်ထားသည့် The Legend of Tarzan ဇာတ်ကားသည် နံပါတ်သုံး နေရာသို့ ဆင်းသွားပြီး ၀င်ငွေ ဒေါ်လာ ၁၁ ဒသမ ၁ သန်း ရရှိထားသည်။ Pixar မှ ထုတ်လုပ်သည့် Finding Dory အန်နီမေးရှင်း ဇာတ်ကားမှာမူ ၀င်ငွေ ဒေါ်လာ ၁၁ သန်းဖြင့် နံပါတ်လေး နေရာ၌ ရပ်တည်နေသည်။
ဝင်ငွေအကောင်းဆုံး ဇာတ်ကားစာရင်း၏ ထိပ်ဆုံး၌ သီတင်းပတ်ပေါင်း များစွာ ရပ်တည်ခဲ့သည့် Finding Dory ၏ စုစုပေါင်း ၀င်ငွေမှာ ဒေါ်လာ ၄၄၅ ဒသမ ၅ သန်းရှိပြီ ဖြစ်သဖြင့် ၀င်ငွေအများဆုံး အန်နီမေးရှင်း ဇာတ်ကား ဖြစ်လာခဲ့သည်။
အပျော်အပါး မက်မောသော ညီအစ်ကို နှစ်ဦးအကြောင်း ရိုက်ကူးထားသည့် Max and Dave Need Wedding Dates မှာ နံပါတ် ငါးနေရာ၌ ရပ်တည်နေပြီး ဒေါ်လာ ၇ ဒသမ ၅ သန်း ရရှိထားသည်။

No comments:
Post a Comment