Wednesday, July 20, 2016

အခွန်အမည်နှင့် ကောက်ခံပုံစနစ်များ သုံးနှစ်အတွင်း ပြောင်းလဲမည် ----------------------------------------


ရန်ကုန်၊ ဇူလိုင် ၁၉

လက်ရှိ ခေါ်ဝေါ် သုံးစွဲနေသော အခွန်အမည်နှင့် စနစ်များအစား နိုင်ငံတကာတွင် ခေါ်ဝေါ် သုံးစွဲနေသည့် အခွန်အမည်နှင့် စနစ်များကဲ့သို့ လာမည့်သုံးနှစ်အတွင်း ပြောင်းလဲသွားမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနထံမှ သိရသည်။

၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အတွင်း အခွန်အမည်နှင့် စနစ်ပြောင်းလဲနိုင်ရေးအတွက် အခြေခံအခွန် ကောက်ခံပုံစနစ်များကို ဦးစွာ ပြောင်းလဲ လုပ်ဆောင်နေကြောင်း၊ လက်ရှိ ဝင်ငွေခွန် ဥပဒေကို အသစ် ရေးဆွဲနေပြီး လာမည့်ဘဏ္ဍာနှစ်အတွင်း ပြီးဆုံးမည်ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။

အခွန်အမည် ပြောင်းလဲရာတွင် လက်ရှိ ခေါ်ဝေါ် သုံးစွဲနေသည့် ကုန်သွယ်လုပ်ငန်းခွန် (Commercial Tax)အစား နိုင်ငံတကာတွင် ခေါ်ဝေါ် သုံးစွဲနေသည့် Good and Services Tax(GST)၊ Value Added Tax (VAT) ဟူ၍ ပြောင်းလဲနိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ကုန်သွယ်လုပ်ငန်းခွန် စနစ်၏ အခွန်ကောက်ခံပုံသည် ကုန်ပစ္စည်းတစ်ခု၏ ရောင်းရငွေအပေါ်မှ ကောက်ခံခြင်းဖြစ်ပြီး အဆင့်ဆင့်ခုနှိမ်ခွင့်ပေး၍ အဆင့်ဆင့် ကောက်ခံခြင်းဖြစ်ကြောင်း၊ VAT စနစ်မှာမူ ကုန်ပစ္စည်း တစ်ခု၏ ထပ်မံ မြှင့်တင်လိုက်သည့် နှုန်းထားများအပေါ်မှ ကောက်ခံခြင်းဖြစ်ကြောင်း၊ သို့သော် ယင်းအခွန်စနစ် နှစ်ခုသည် နှုန်းထားချင်း တူညီကာ ကောက်ခံပုံချင်းသာ ကွာခြားကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

VAT နှင့် CT စနစ်တွင် VAT စနစ်၏ အခွန်ကောက်ခံပုံက ပိုမို ကောင်းမွန်သော်လည်း VAT စနစ်ဖြင့် ကောက်ခံနိုင်ရန်အတွင် e-Government စနစ်သို့ ရောက်ရှိ လိုအပ်ကာ ထိုစနစ် ရရှိနိုင်မှသာ ကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း အခွန်စနစ် လေ့လာသူများက ပြောဆို သည်။

အာရှဒေသတွင်း နိုင်ငံများ၌ အခွန် ကောက်ခံသည့် စနစ်များသည် ထိုင်းနိုင်ငံတွင် VAT (Value Added Tax)စနစ်၊ ဂျပန်နိုင်ငံတွင် Consumption Tax နှင့် စင်ကာပူနိုင်ငံတွင် Goods and Services Tax တို့အဖြစ် ကောက်ခံလျက်ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၏ လေ့လာချက်များအရ သိရသည်။

No comments: