Saturday, July 23, 2016

မယ်လမင်း၊ ရက်တိုပမင်းနှင့် အေးခဲကြက်သား

(၁)
အစားအသောက်ဘေးကင်း လုံခြုံရေး (Food Safety) ဟာ တစ်ကမ္ဘာလုံးဆိုင်ရာ အရေးကြီး လုပ်ငန်းတစ်ရပ် ဖြစ်သလို နိုင်ငံ သစ်ကို ထူထောင်တော့မယ့် မြန် မာနိုင်ငံမှာလည်း တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေမှာဖြစ်ပါတယ်။ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ အစားအသောက်တွေကို ဘေးကင်းလုံခြုံမှု ရှိလာအောင် (Safe ဖြစ်လာအောင်) အစားအသောက်တန်ဖိုးမြှင့် ကုန်စည်စက်ဝန်း (Value Chain)တစ်လျှောက် ပညာပေး လုပ်ငန်းတွေ၊ စည်းကမ်းဥပဒေ ပြဋ္ဌာန်းချက်တွေ၊ကူညီပံ့ပိုးမှုတွေနဲ့ မြှင့်တင်ရမှာဖြစ်ပါတယ်။  ဆိုလိုတာက အစားအသောက်တွေရဲ့ မူလအစဖြစ်တဲ့ စိုက်ပျိုး မွေးမြူရေးခြံတွေကနေ စားသုံးသူရဲ့ လက်ဝယ်ရောက်တဲ့ အထိ အဆင့်တိုင်းမှာ စားသုံးသူအတွက် ဘေးကင်းတဲ့ အခြေအနေမျိုးရောက်အောင်စနစ်တကျ ထုတ်လုပ်ဖို့လိုအပ်တာပါ။ ဒါကိုတော့ စိုက်ပျိုးမွေးမြူသူထံမှသည် စားသောက်စားပွဲအထိ (Farm to Table) သို့မဟုတ် ဇွန်း၊ ခက်ရင်းအထိ(Farm to Folk)လို့ တင်စားပြောဆိုကြပါတယ်။ အဲဒီလိုပြည်တွင်းအစားအသောက် ထုတ်လုပ်မှု လုပ်ငန်းတွေကို စနစ်တကျ ဆောင်ရွက်လာနိုင်အောင် မြှင့်တင် အားပေးသလိုမျိုးပဲ ကုန်ဈေးနှုန်းကျဆင်းရေးအတွက်စဉ်းစားပြီး ပြည်ပကနေ ဈေးသက်သာတဲ့ အစားအသောက်တွေ တင်သွင်းဖို့ စဉ်းစားတဲ့အခါမှာလည်း အစားအသောက်ဘေး ကင်းလုံခြုံရေးကို ထည့်သွင်း စဉ်းစားဖို့လိုပါတယ်။
(၂)
၂၀၀၈ အတွင်းမှာဖြစ်ပွားခဲ့ တဲ့ မယ်လမင်းပြဿနာကို မှတ်မိ ကြလိမ့်ဦးမယ်လို့ ထင်ပါတယ်။ တရုတ်နိုင်ငံတစ်ဝန်းမှာ အသုံးပြု တဲ့ ကလေးတွေအတွက် နို့မှုန့် ထဲမှာ မယ်လမင်း (Melamine) တွေ ထည့်သွင်းထားတဲ့အတွက် ကလေးငယ် သုံးသိန်းခန့်မှာ အ ဆိပ်သင့်ခဲ့ရတယ်လို့ ဆိုပါတယ်။ ကျောက်ကပ်မှာ ကျောက်တည် ခြင်း (Kidney Stone) ကြောင့် အနည်းဆုံး ကလေးငယ်ခြောက် ဦး သေဆုံးခဲ့ပြီး ကလေးငယ် ငါးသောင်းလေးထောင် ကျော်ဟာ ကျောက်ကပ်ကို ထိခိုက်တဲ့ အတွက် ဆေးရုံတင်ခဲ့တယ်လို့ တရုတ် အစိုးရက တရားဝင်ထုတ် ပြန်ပါတယ်။
ကလေးငယ်တွေစတင်ပြီး ရောဂါလက္ခဏာတွေ ဖြစ်ပေါ်တဲ့ အချိန်မှာ ဘာကြောင့်ဖြစ်တယ်ဆိုတာကို မသိခဲ့ကြပါဘူး။ ကံကောင်းချင်တော့ ပညာရှင်တစ် ယောက်က တရုတ်နိုင်ငံတစ်ခုလုံး မှာရှိတဲ့ နို့ စားနွားအကောင်ရေနဲ့၊ အဲဒီကထွက်နိုင်တဲ့ နို့ပမာဏ၊ နို့ မှုန့်ပမာဏတွေကို တွက်ချက် ကြည့်မိပါတယ်။ ရလဒ်အဖြေက အမှန်တကယ် တရုတ်နိုင်ငံက နွားမကြီးတွေ ထုတ်လုပ်နိုင်တဲ့ နို့ ပမာဏထက် နို့မှုန့်ထုတ်လုပ်မှု ပမာဏက အရမ်းကိုမြင့်မားကွာ ခြားနေတာကို တွေ့ခဲ့ရပါတယ်။ သူ့ရဲ့ကောက်ချက်ကတော့ ဈေး ကွက်ထဲမှာရှိတဲ့ နို့မှုန်တွေထဲမှာ အရောအနှောတစ်ခုခု ပါနေပြီဆို တာပါပဲ။ ဒါကြောင့် နို့မှုန့်တွေထဲ မှာဘာပါသလဲဆိုတာကို ရှာဖွေ ကြတဲ့အခါ ပန်းကန်ခွက်ယောက် တွေ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ မယ်လမင်းပါဝင်နေတာကို တွေ့ ခဲ့ရပါတယ်။ နို့မှုန့်ထဲမှာပါတဲ့ သဘာဝဓာတ် ပရိုတင်း (Protein)ကို စမ်းသပ်ရာမှာ အသားဓာတ် ရာခိုင်နှုန်းကို တိုက်ရိုက်စမ်းသပ်နိုင်တာမဟုတ်ဘဲ နိုက်ထရိုဂျင် (Nitrogen) ပါဝင်မှုကိုသာ စစ်ဆေး တိုင်းတာခြင်းဖြစ်ပြီး အဲဒီ တိုင်းတာလို့ရလာတဲ့ နိုက်ထရိုဂျင် ပမာဏကနေပြီး အသားဓာတ်  ဘယ်လောက်ပါဝင်တယ်ဆိုတာ ကို တွက်ချက်တာဖြစ်ပါတယ်။
အသားဓာတ်မှာ နိုက်ထရို ဂျင် ၁၆ ရာခိုင်နှုန်းပါဝင်ပြီး မယ် လမင်းမှာတော့ နိုက်ထရိုဂျင် ၆၇ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ဒါ ကြောင့် မယ်လမင်းရောထားတဲ့ နို့မှုန့်ထဲမှာ နို့အနည်းငယ်(အသား ဓာတ်အနည်းငယ်) သာပါဝင်ပေ မယ့် ဓာတ်ခွဲခန်းမှာ စမ်းသပ်တဲ့ အခါ အသားဓာတ်ပမာဏ မြင့် မြင့်မားမားရစေပါတယ်။ ရလဒ် ကတော့ မယ်လမင်းကို ကလေး ငယ်တွေရဲ့ ကျောက်ကပ်ကနေ မစွန့်ထုတ်နိုင်ဘဲ အဆိပ်သင့်ရ တာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီလို ပြဿနာမဖြစ်မီ လေးနှစ် အ တွင်း မယ်လမင်းရောနှောထားတဲ့ နို့မှုန့်ကြောင့် လုံလောက်တဲ့ အသားဓာတ်မရရှိတဲ့အတွက် ကလေးငယ် ၁၂ ဦးဟာ အာဟာရချို့တဲ့ပြီး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
သင်ခန်းစာကတော့ (၁) အ စားအသောက်ထဲမှာပါတဲ့ ဘေး ဥပဒ်ဖြစ်စေတဲ့အရာ (Risk) ဆို တာ လွယ်လွယ်လေးနဲ့ မသိနိုင်ပါ ဘူး။ (၂) သိတဲ့အချိန်မှာ တော် တော်ကလေး အချိန်လွန်နေပါပြီ။ (၃) ၀ိသမလောဘသားဆိုတာသူ တို့ အကျိုးစီးပွားအတွက် သိပ္ပံပညာကို အသုံးပြုတဲ့အခါမှာပညာရှင်တွေထက်ပိုပြီး ဉာဏ်ပြေးပါတယ်။
(၃)
 အမေရိကန် အခြေစိုက် Cornocopia Institute က Mar- tha Rosenberg ရဲ့ အဆိုအရ အမေရိကန်နိုင်ငံက နွားခြံနဲ့ ၀က် ခြံစုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းခန့် ဟာ ထုတ်လုပ်မှုမြင့်မားဖို့အတွက် လူ့ကျန်းမာရေးအတွက် အငြင်း ပွားစရာကောင်းတဲ့ ဆေးဝါးတွေ အသုံးပြု ထုတ်လုပ်နေတာဖြစ် တယ်လို့ ဆိုပါတယ်။ ကြက်ဆင် ထုတ်လုပ်ရေးမှာလည်း အဲဒီလို ဆေးဝါးတွေကို အသုံးပြုနေတယ် လို့ ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စု ကနေ အမဲသားမတင်သွင်းဖို့တောင်းဆို ဆန္ဒပြမှုတွေကို တောင်ကိုရီးယား၊ တိုင်ပေ အစရှိတဲ့ နိုင်ငံတွေမှာ မကြာခဏ တွေ့ရပါတယ်။အကြောင်းကတော့ အမေရိကန်က အသားစားနွားမွေး မြူသူတွေဟာ နွားစာထဲမှာ ရက်တိုပမင်း(Rac-topamine)လို့ခေါ်တဲ့ ဆေးဝါးကို ထည့်သွင်းရောစပ် ကြလို့ပါ။ အဲဒီဆေးဝါးရဲ့လုပ်ငန်းဟာ လူတွေစိတ်လှုပ်ရှားချိန်မှာ ထွက်တဲ့ အဒ်ရီနလင် (Adrenalin)  နဲ့ ဆင်တူပါတယ်။ ရက်တိုပမင်းဟာ အသားဓာတ်(ပရိုတင်း) တည်ဆောက်မှုကို မြှင့်တင်ပေးတာကြောင့် နွားတွေမှာကြွက်သားတွေ ပိုမိုကြီးထွားလာပါတယ်။ ဒါ့ပြင် ကြွက်သားတွေကို အချိန်ပြည့်လှုပ်ရှားနေစေတာကြောင့် အသားထဲမှာ အဆီပါဝင်မှု လျော့ နည်းပါတယ်။ ရလဒ်ကတော့ အစာနည်းနည်းနဲ့ အသားပိုမို ထုတ်လုပ်နိုင်ပြီး အကျိုးအမြတ် ပိုရှိတာပဲဖြစ်ပါတယ်။ သို့သော် ရက်တိုပမင်းကျွေးထားတဲ့ နွားကထုတ်လုပ်တဲ့ အမဲသားမှာ အဲဒီ ရက်တိုပမင်းဆေး ကြွင်းတွေကျန် နေပြီး စားသုံးသူမှာ ခေါင်းကိုက် တာ၊ နှလုံးခုန်နှုန်းမြန်တာ၊ အိပ် မပျော်တာ၊ ကြွက်သားတွေ မလို အပ်ဘဲ လှုပ်ရှားနေတာ စတာတွေကို ဖြစ်ပေါ်စေပါတယ်။
 အမေရိကန်အစား အ သောက် ဘေးကင်းလုံခြုံရေးစင် တာ (Center for Food Safety- CFS) နဲ့ တိရစ္ဆာန်များဥပဒေအရ အကာအကွယ်ပေးရေး ရန်ပုံငွေ အဖွဲ့ (Animal Legal Defense Fund-ALDF) တို့အနေနဲ့ ၂၀၁၃ နှစ်ကုန်ပိုင်းမှာ အမေရိကန် အ စားအသောက်နဲ့ ဆေးဝါးကွပ်ကဲ ရေးအဖွဲ့ (FDA) ကို တရားစွဲခဲ့ပါ တယ်။ အကြောင်းကတော့ ရက် တိုပမင်းရဲ့ လူသားတွေအပေါ် ဆိုးကျိုးသက်ရောက်မှုနဲ့ ပတ် သက်တဲ့ သတင်းအချက်အလက် တွေကို ထိမ်ချန်ခဲ့လို့ဖြစ်ပါတယ်။ လူသားတွေနဲ့ စမ်းသပ်ရာမှာ လူ ခြောက်ဦးနဲ့ပဲ စမ်းသပ်ခဲ့တာဖြစ် ပြီး အားလုံးဟာ ကျန်းမာသန်စွမ်း ပြီး အသက် ၂၁ နှစ်အောက်လူဖြူ တွေဖြစ်ကြပါတယ်။ အဲဒီထဲက တစ်ယောက်ဟာ စမ်းသပ်မှု အ စောပိုင်းကာလမှာပဲ ဆိုးရွားတဲ့ လက္ခဏာတွေ ပေါ်လာခဲ့တာ ကြောင့် စပ်းသပ်မှုကို ရပ်တန့်ခဲ့ရ ပါတယ်။ ကျန်တဲ့လူငါးဦးမှာ လက္ခဏာဆိုးဆိုးရွားရွား မပြခဲ့တဲ့ အတွက် FDA က ရက်တိုပမင်းကို တိရစ္ဆာန်မှာအသုံးပြုခွင့်ပေးခဲ့ပါ တယ်။ တကယ်တော့ ဒီစမ်းသပ်မှု ဟာ အသက်အရွယ်မျိုးစုံ၊ လူမျိုး ပေါင်းစုံ၊ ကျန်းမာရေးအခြေအနေ မျိုးစုံကို ကိုယ်စားမပြုနိုင်ဘဲဘက် လိုက်မှု မကင်းတဲ့ စမ်းသပ်မှုဖြစ်ခဲ့ တာပါ။
ရရှိတဲ့သင်ခန်းစာကတော့ (၁) ဈေးနှုန်းက ဖြစ်သင့်ဖြစ်ထိုက် တာထက် လျော့နည်းနေမယ်ဆို ရင် သဘာဝမကျတဲ့၊ တစ်နည်း အားဖြင့် စားသုံးသူကို ဒုက္ခပေး နိုင်တဲ့ ဆေးဝါး၊ ဓာတုပစ္စည်းစ တာတွေ အသုံးပြုထားနိုင်ပါတယ်။ (၂) စမ်းသပ်မှုရလဒ်တွေ၊ သုတေ သနတွေ့ရှိချက်တွေ၊ကိန်းဂဏန်း အချက်အလက်တွေနဲ့ ဘယ်လိုပဲ သက်သေပြပြ ရမ်းပြီးမယုံသင့်ပါ ဘူး။ သုတေသနလုပ်ငန်းတွေမှာ ဘက်လိုက်မှု (Bias) ရှိနိုင်ပါ တယ်။ (၃) နိုင်ငံကြီးပဲဆိုပြီး အ ထင်မကြီးသင့်ပါဘူး။ နည်းပညာထွန်းကားလေလေ၊ တီထွင်နိုင်လေလေ၊ ထုတ်လုပ်မှုကို မြှင့်တင်လာလေလေ မလိုလားအပ်တဲ့ဆိုးကျိုးပိုလာနိုင်လေလေဖြစ်ပါတယ်။
(၄)
အစိုးရသစ်အနေနဲ့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အခြေခံစားဝတ် နေရေးသက်သာချောင်ချိရေး၊ အ ဆင်ပြေချောမွေ့စေရေးတို့အ တွက် စဉ်းစားပြီး ကုန်ဈေးနှုန်း ကျ ဆင်းရေးအတွက် ဖြစ်နိုင်တဲ့ နည်း လမ်းတွေကို စဉ်းစားနေကြမှာ အမှန်ပါပဲ။ ဥပမာတစ်ခုအနေနဲ့ ကြက်သားတစ်ပိဿာကို ၃,၅၀၀ ကျပ်နဲ့ ရောင်းချနိုင်ဖို့ အတွက် ပြည်ပကနေ အေးခဲကြက်သား တွေတင်သွင်းဖို့ ရန်ကုန်တိုင်းဒေ သကြီးအစိုးရက စဉ်းစားနေပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကို တင် ပြဖို့ စီစဉ်ဆောင်ရွက်နေတယ်ဆို တဲ့ သတင်းကို သတင်းစာနဲ့ စာ နယ်ဇင်းတွေမှာ မကြာသေးမီက ဖတ်ရပါတယ်။ အစိုးရသစ်အနေ နဲ့ ပြည်သူ့မျက်နှာကို ကြည့်ပြီး ဆောင်ရွက်တဲ့ ကိစ္စမို့ ကန့်ကွက် ဖို့ အတော်ခက်ပေမယ့် ပြည်တွင်း ကြက်မွေးမြူရေးလုပ်ငန်းတွေကို ရပ်ဆိုင်းပြီး ရေရှည်မှာ ကြက်သား ထုတ်လုပ်နိုင်တဲ့ အခြေအနေမရှိ  တော့ဘဲ ပြည်ပကိုအားကိုးရတဲ့ အခြေအနေမျိုး ဖြစ်မှာကိုတော့ မွေးမြူရေးပညာရှင်တွေ၊ မွေးမြူ ရေးသမားတွေက စိုးရိမ်နေကြ တာကို ထည့်သွင်းစဉ်းစားပေးစေ လိုပါတယ်။ တစ်ချိန်တည်းမှာ အ စားအသောက် ဘေးကင်းလုံခြုံမှု ရှုထောင့်ကလည်း မဖြစ်မနေထည့်သွင်းစဉ်းစားပေးဖို့ အကြံပြု တိုက်တွန်းပါရစေ။။
LINE it!

No comments: