မဲစာရင်း စာရွက်များကို စုတ်ဖြဲ ဆော့ကစားခဲ့သည့် ၈ နှစ်အရွယ် မိန်းကလေးငယ်
နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဆင့်ခေါ်ကာ စုံစမ်းစစ်ဆေးမှုများ
ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးမ နှစ်ဦးသည် ထိုင်း၏ အခြေခံ ဥပဒေသစ်ကို အတည်ပြုနိုင်ရေး ကျင်းပမည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအတွက် မဲစာရင်း စာရွက်များကို စုတ်ဖြဲခဲ့ခြင်း ဖြစ်သည်။ မိန်းကလေး နှစ်ဦးက သူမတို့သည် ဆော့ကစားရင်း စာရွက်များကို ဖြဲခဲ့ခြင်းသာဖြစ်ကြောင်း ထွက်ဆိုကြသည်။
ရဲတပ်ဖွဲ့က အစောပိုင်းတွင် မိန်းကလေးများသည် မဲစာရင်း ဖျောက်ဖျက်မှုဖြင့် တရားစွဲခံရမည်ဟု ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် စွဲချက်တင်တော့မည် မဟုတ်ဟု ပြောင်းလဲ ကြေညာခဲ့သည်။ ထိုင်းအာဏာသိမ်း စစ်အစိုးရသည် ၎င်းတို့ ရေးဆွဲထားသည့် အခြေခံ ဥပဒေ မူကြမ်းအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို နှောင့်ယှက်ဖျက်ဆီးမှု မှန်သမျှကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားသည်။ အဆိုပါ ဆန္ဒခံယူပွဲကို ဩဂုတ်လတွင် ကျင်းပမည် ဖြစ်သည်။
အဆိုပါ အခြေခံ ဥပဒေ မူကြမ်းသည် စစ်တပ်၏ နိုင်ငံရေး ဩဇာကို မြှင့်တင်ရန် ရည်ရွယ်ချက်ရှိရှိ ရေးဆွဲထားခြင်းဟု ဝေဖန်မှုများစွာ ထွက်ပေါ်နေပြီး အတည်ပြု ပြဋ္ဌာန်းခဲ့ပါက အသစ်တက်လာမည့် အရပ်သား အစိုးရတိုင်း လုပ်ပိုင်ခွင့် လျော့ကျသွားလိမ့်မည်ဟု သိရသည်။
ကလေးမလေး နှစ်ဦး၏ ဖြစ်ရပ်တွင် ဇူလိုင် ၁၈ ရက်က သူမတို့သည် နိုင်ငံ အလယ်ပိုင်း ခမ်ဖေအန်းဖတ် ဒေသရှိ ကျောင်းတစ်ကျောင်းတွင် ထိုစာရွက်များကို တွေ့ရှိပြီး ဆော့ကစားခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ ကျောင်းသည် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအတွက် မဲရုံနေရာ တစ်ခုအဖြစ် လျာထားခြင်း ခံရသည်။
မိန်းကလေးများက ဆန္ဒခံယူပွဲ မတိုင်မီ ကျောင်းများသို့ ဝေငှထားသည့် မဲစာရင်းကို တွေ့ရှိပြီးနောက် ဆော့ကစားရင်း ဆွဲဖြဲခဲ့ကြသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ရဲများက ကလေးသူငယ် အခွင့်အရေး လှုပ်ရှားသူများ၊ ရှေ့နေများ ရှေ့မှောက်တွင် သူမတို့ကို အကြိမ်ကြိမ် စစ်ဆေး မေးမြန်းခဲ့ကြသည်။
မိန်းကလေး နှစ်ဦးက မဲစာရင်း စာရွက်များသည် ပန်းရောင်များ ဖြစ်ပြီး လှပသည်ဟု ထင်မှတ်သဖြင့် ဆော့ကစားခဲ့ခြင်းဟု ဝန်ခံသည်။ အစောပိုင်းတွင် ရဲများက သတ်မှတ် မူဝါဒများအတိုင်း မိန်းကလေးငယ် နှစ်ဦးကို တရားစွဲဆိုရန် စဉ်းစားခဲ့သော်လည်း ထိုင်းရှိ လူမှုကွန်ရက် မီဒီယာများနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများထံမှ ဒေါသတကြီး တုံ့ပြန် ဝေဖန်မှုများကြောင့် ယင်းအစီအစဉ်ကို စွန့်လွှတ်လိုက်ခြင်း ဖြစ်သည်။
ယခုအခါ မိန်းကလေးများသည် မိဘများထံ ပြန်လည် ရောက်ရှိနေပြီဖြစ်ပြီး ရဲတပ်ဖွဲ့ အနေဖြင့် အဆိုပါကျောင်းသို့ ပို့ထားသည့် မဲစာရင်းများကို ကလေးများက အဘယ်ကြောင့် အလွယ်တကူ ရယူနိုင်ခဲ့သည်ကို စုံစမ်းလျက် ရှိသည်။
Ref: AFP

No comments:
Post a Comment