Monday, July 18, 2016

ထိုင်းအစိုးရက ပန်းရောင်ဘတ်ကတ် ထုတ်ပေးသော်လည်း ရွှေ့ပြောင်း အလုပ်သမားများအတွက် ခိုင်မာသော အာမခံချက် မပေးနိုင်ဟု ဆို

ထိုင်းအစိုးရက အထောက်အထားမဲ့ ရွှေ့ပြောင်း အလုပ်သမားများကို ယာယီ နေထိုင်ခွင့်နှင့် အလုပ် လုပ်ကိုင်ခွင့်အတွက် ပန်းရောင်ဘက်ကတ် ထုတ်ပေးခြင်းနှင့် သက်တမ်းတိုးပေးခြင်းများ ပြုလုပ်ပေးနေသော်လည်း ယခုရက်ပိုင်း မြန်မာ အပါအ၀င် ရွှေ့ပြောင်း အလုပ်သမားများ အလုပ်ဖြုတ်ခံရမှု ဆက်တိုက် ဖြစ်ပေါ်နေပြီး ပန်းရောင်ကတ်က ရွှေ့ပြောင်း အလုပ်သမားများအတွက် ခိုင်မာသော အာမခံချက် မပေးနိုင်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား ကူညီ စောင့်ရှောက်ရေး အဖွဲ့ (AAC) ဒါရိုက်တာ ဦးခိုင်ကြီးက ပြောကြားသည်။

ထိုင်းအစိုးရက ထုတ်ပေးထားသော ပန်းရောင်ဘက်ကတ်သည် ထိုင်းနိုင်ငံတွင် နှစ်နှစ် နေထိုင်ခွင့်နှင့် အလုပ် လုပ်ခွင့်ပေးထားသော်လည်း ရွှေ့ပြောင်း အလုပ်သမားများအတွက် ခိုင်မာသော အာမခံချက် မရှိကြောင်း ၎င်းက ဆိုသည်။

“Passport တွေကနေ ပန်းရောင်ကတ်တွေ ပြန်ပြောင်းတာ။ ပန်းရောင်ကတ်လည်း လုပ်ပြီးသွားရော တစ်လနှစ်လပဲ ရှိသေးတယ်။ အလုပ်ထုတ်နေကြတာပဲ။ ပန်းရောင်ကတ်က အလုပ်ဖြုတ်လို့ ရတယ်ဗျ။ Passport နဲ့ အလုပ်သမားကို အလုပ်ထုတ်ရတာ ခက်တယ်။ ကျွန်တော်တို့ အလုပ်သမားဌာနက အဲဒီလို ကွက်ပျောက်ရိုက်တာ ခံလိုက်ရတယ်။ ထိုင်းအစိုးရက ပန်းရောင်ကတ်တွေ ပြောင်းပြီးမှ ဖြုတ်ပစ်တာ။ ပန်းရောင်ကတ်ကျ ထိုင်းအစိုးရ တစ်ဦးတည်းက ထုတ်ပေးထားတဲ့ နေထိုင်ခွင့်ဆိုတော့ မြန်မာအစိုးရ ၀င်ပါလို့ မရဘူး။ Passport ဆိုတာ မြန်မာဘက်က နိုင်ငံသားဖြစ်ကြောင်း အသိအမှတ် ပြုပေးတယ်။ ထိုင်းဘက်က ဗီဇာပေးတယ်။ အဲဒီလို နှစ်နိုင်ငံ သဘောတူညီချက်နဲ့ လုပ်ထားတာ ဆိုတော့ ပြဿနာတက်ရင် ၀င်ပြီး ဖြေရှင်းလို့ရတယ်။ ပန်းရောင်ကတ်ကျတော့ လုံး၀၀င်ဖြေရှင်းလို့ မရဘူး ဖြစ်နေတယ်” ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် ပန်းရောင်ဘတ်ကတ်များကို ဇူလိုင် ၂၉ ရက်နေ့ အထိသာ ပြုလုပ်ပေးမည်ဖြစ်ပြီး နောက်ထပ် ပန်းရောင်ဘတ်ကတ်များ ထုတ်ပေးတော့မည် မဟုတ်ဟု ထိုင်းအစိုးရက ကြေညာထားပြီး ဖြစ်သည်။

“ပန်းရောင်ကတ် ဆိုတာက ယာယီ အလုပ်လုပ်ခွင့် ပေးထားတဲ့ သဘောပဲ။ ပန်းရောင်ကတ်က ထိုင်းအစိုးရ တစ်ဦးတည်းက ထုတ်ပေးတဲ့ ကတ်ပဲလေ။ သူ့မှာ ကျောထောက်နောက်ခံ ကုမ္ပဏီလည်း မရှိဘူး။ အကာအကွယ် ပေးနိုင်မယ့် အဖွဲ့အစည်းလည်း မရှိဘူး။ အဲဒီတော့ သူတို့ လုပ်ချင်တိုင်း လုပ်လို့ရတာပေါ့။ MoU နဲ့သွားတဲ့ အလုပ်သမားကို အဲလိုမျိုး မျက်နှာလွှဲခဲပစ် ထုတ်ချင်တိုင်း ထုတ်လို့မရဘူး” ဟု မြန်မာ ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှု အဖွဲ့ချုပ် (MOEAF) အတွင်းရေးမှူး ဦးကျော်ထင်ကျော်က ဆိုသည်။

ထို့ပြင် ဗီဇာသက်တမ်း တစ်နှစ်ခွဲ နှစ်နှစ် ကျန်ရှိနေသော အနီနှင့် ခရမ်းရောင် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများ ပန်းရောင်ဘတ် ကတ်ပြောင်းလဲ ကိုင်ဆောင်နေခြင်းသည် မိမိအဆင့် မိမိနှိမ့်သလို ဖြစ်နေကြောင်း ၎င်းက ပြောကြားသည်။

“Passport ကနေ ပန်းရောင်ကတ် ပြောင်းတဲ့သူတွေကျ Passport သက်တမ်းကုန်လို့ မပြန်ချင်တဲ့သူတွေပေါ့။ အမှန်တော့ ခြောက်နှစ် ပြည့်သွားရင် မြန်မာပြည်ပြန်ပြီး သက်တမ်းတိုး။ လိုအပ်တဲ့ စာအုပ်တွေ ပြန်လုပ်ရမှာ။ အဲဒီလို မလုပ်ချင်တော့  ဟိုဘက်မှာတင် လွယ်လွယ်လေး ပန်းရောင်ကတ် ပြောင်းလိုက်တော့ နေရင်းထိုင်ရင်း ကိုယ့်အဆင့်ကိုယ် ပြန်နှိမ့်သလို ဖြစ်နေတယ်” ဟု ၎င်းက ပြောကြားသည်။
Writer: 
မျိုးဇော်ဦး

No comments: