ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး - မူဆယ် ပြည်ထောင်စု လမ်းမကြီးအပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုက ဇူလိုင် ၂၃ ရက်တွင် မော်တော်ယာဉ်များကို ရပ်တန့်စေကာ ငွေကြေး ကောက်ခံခဲ့ကြောင်း အဆိုပါ လမ်းပိုင်းတွင် သွားလာနေသော ခရီးသည်ပို့ဆောင်ရေး ယာဉ်မောင်းများထံမှ သိရသည်။
ပြည်ထောင်စု လမ်းမကြီးအပိုင်း ကွတ်ခိုင်နှင့် မူဆယ်အကြား ကွတ်ခိုင်မြို့မှအထွက် ၁၅ မိုင်ခန့်အကွာရှိ နမ့်ကွတ်ရွာတွင် ငွေကောက်ခံခြင်း ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။
"နမ့်ကွတ်ရွာနားမှာ အတက်အဆင်း ကားတွေ ရပ်ပေးရတယ်။ ရွာလမ်း အဝင်အထွက် နှစ်ဘက်မှာ သေနတ် ကိုင်ထားတဲ့ သူ တစ်ယောက်က ကား တားတယ်။ စားပွဲနဲ့ ထီးနဲ့ ထိုင်နေတဲ့သူက ငွေကောက်ပြီး ပြေစာ ရေးပေးတာ။ ကျွန်တော်က ဗင်ကားမို့ သုံးသောင်း ပေးရမယ်ဆိုပြီး တောင်းလို့ ပေးလိုက်ရပါတယ်။ ကချင်စာ ရေးထားတဲ့ ဖြတ်ပိုင်း ပြန်ပေးလိုက်တယ်"ဟု ယာဉ်မောင်း တစ်ဦးက ပြောဆိုသည်။
သေနတ်ကိုင်ထားကြသူများမှာ လူ ၂၀ ခန့်ရှိပြီး အစိမ်းရောင် ယူနီဖောင်း ဝတ်ဆင်ထားကာ ကချင်စကား ပြောဆိုကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
အဆိုပါ ငွေကောက်ခံသော အဖွဲ့သည် နမ့်ကွတ်ရွာအနီးတွင် ဇူလိုင် ၂၃ ရက် နံနက် ၅ နာရီခန့်က စတင် ကောက်ခံခဲ့ပြီး မွန်းလွဲ ၂ နာရီခန့်တွင် မရှိတော့ကြောင်း လားရှိုး - မူဆယ် ပြည်ထောင်စု လမ်းပိုင်းတွင် သွားလာနေသူများ အဆိုအရ သိရသည်။
မန္တလေးဘက်က တက်လာသည့် ခရီးသည်တင် မှန်လုံယာဉ်ငယ် (ဗင်ကား) များနှင့် လားရှိုးဘက်မှ ထွက်လာသည့် ဗင်ကားများ၊ မူဆယ်မြို့မှ လာသော ခရီးသည်တင် ကား အများစုသည် နမ့်ကွတ်ရွာတွင် ဆုံလေ့ရှိသောကြောင့် အတက်အဆင်း ဆုံသည့်နေရာတွင် နှစ်ဘက်ပိတ်၍ ငွေကြေးကောက်ခံခြင်းဖြစ်ကြောင်း၊ အဆိုပါ လမ်းပိုင်းတွင် နေ့စဉ် ဖြတ်သန်းသွာသည့်ယာဉ် အစီးရေ ၂၀၀ ခန့်ရှိကြောင်း နမ့်ကွတ်ရွာခံများထံမှ သိရသည်။
"မနေ့ (ဇူလိုင် ၂၃ ရက်) က နမ့်ကွတ်ရွာမှာ သေနတ်ကိုင်ပြီး ဆက်ကြေး ကောက်တယ်ကြားလို့ ကား မထွက်ဘူး။ ဒီနေ့ (ဇူလိုင် ၂၄ ရက်) လည်း မထွက်ဘူး။ တစ်ခေါက်ကို သုံးသောင်း ပေးရရင် ကျွန်တော်တို့ ကားမောင်းသူတွေ ဘယ်လို လုပ်ရမလဲ။ မူဆယ် - လားရှိုး တစ်ခေါက်မောင်းမှ သောင်းလောက်ရတာ ကုန်တင်လို့လဲ မရဘူးဆိုတော့ ဆီဖိုးနှုတ်ပြီး ကျန်တာ သူတို့ ပေးလိုက်ရတာမျိုး ဖြစ်နေမယ်။ ပြေစာ ပေးထားလည်း နောက်ထပ် တွေ့ရင် ထပ်တောင်းမှာပဲ''ဟု လားရှိုး - မူဆယ် ပြေးဆွဲနေသော ယာဉ်မောင်း အိုက်မောင်က ပြောကြားသည်။
ပြည်ထောင်စု လမ်းမကြီးအပိုင်း ကွတ်ခိုင်နှင့် မူဆယ်အကြားတွင် ငွေကောက်ခံခဲ့သော လက်နက်ကိုင်အဖွဲ့သည် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း ၉ မှ တပ်ရင်းမှူး လရိန်ဦးစီးသည့် တပ်ဖွဲ့ဝင်များဖြစ်ပြီး အင်အား ၅၀ ခန့်ရှိကြောင်း၊ အဆိုပါ အဖွဲ့သည် ယာဉ်ကြီး ငါးစီး၊ ယာဉ်ငယ် ၁၃ စီးထံမှ ငွေကြေး ကောက်ခံခဲ့ရာ ယာဉ်ကြီး တစ်စီးလျှင် ကျပ် တစ်သိန်း ကောက်ခံခဲ့ကာ ယာဉ်ငယ် တစ်စီးလျှင် ကျပ် သုံးသောင်း ကောက်ခံခဲ့ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံ တင်ပြသည့် ကွတ်ခိုင်မြို့နယ် ရဲတပ်ဖွဲ့၏ သတင်းပေးပို့ချက်တွင် ဖော်ပြထားသည်။
မန္တလေး - မူဆယ် ပြည်ထောင်စု လမ်းပိုင်းတွင် သွားလာနေသော ယာဉ်များထံမှ ပလောင်လက်နက်ကိုင်အဖွဲ့က ယခုနှစ်အတွင်း ငွေကြေး ကောက်ခံမှုများ ရှိခဲ့ပြီး ယခုအခါ ကချင်လက်နက်ကိုင် အဖွဲ့ကပါ ငွေကြေး ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ လမ်းပိုင်းတွင် သွားလာနေသော ယာဉ်မောင်းများက ပြောဆိုသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရှမ်း၊ ပလောင်၊ ကချင် စသည့် တိုင်းရင်းသား လက်နက်ကိုင်များအပြင် ပြည်သူ့စစ် လက်နက်ကိုင် အဖွဲ့များ လှုပ်ရှားလျက်ရှိရာ ဒေသဖြစ်သည်။
No comments:
Post a Comment