လွန်ခဲ့သည့် ၂ လခန့်က မြေထဲပင်လယ်တွင် ပျက်ကျခဲ့သည့် အီဂျစ်လေကြောင်းပိုင်
လေယာဉ်၌ ပျက်မကျမီ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းရေး အရာရှိများက
အတည်ပြု ပြောကြားခဲ့သည်။
ရေအောက်မှ ဆယ်ယူရရှိသည့် လေယာဉ်မှူးအခန်း အသံဖမ်း ကိရိယာကို စစ်ဆေးခဲ့ရာတွင် မီးလောင်နေကြောင်း ပြောဆိုနေသည့် အသံများကို ဖော်ထုတ် မှတ်တမ်းယူနိုင်ခဲ့သည်။ အီဂျစ်လေကြောင်း ခရီးစဉ်အမှတ် ၈၀၄ သည် လေယာဉ်ပေါ် မီးလောင်မှု ဖြစ်ပွားခဲ့သည့်တိုင် လေယာဉ်ပျက်ကျရခြင်းသည် ယင်းကိစ္စကြောင့် ဟုတ်မဟုတ် အတည်ပြုရန် ခက်ခဲကြောင်း ပညာရှင်များက ဆိုသည်။
Airbus A320 အမျိုးအစား လေယာဉ်၏ လုံခြုံရေး မှတ်တမ်းတင် ကိရိယာ Black Boxမှ အချက်အလက်များကို ကူးယူထားပြီ ဖြစ်သော်လည်း လေယာဉ်ပျက်ကျမှု၏ ဖြစ်စဉ်ကို စုံစမ်းဆဲ အဆင့်တွင်သာ ရှိသေးကြောင်း သိရသည်။ လေယာဉ်ပေါ်တွင် မီးကူးစက်မှုကြောင့် အမှုထမ်းများက ရုတ်တရက် ထိတ်လန့်ပြီး လျှပ်စစ်ပတ်လမ်းများကို ပိတ်ခဲ့ရာမှ ပျံသန်းမှုအတွက် အရေးပါသည့် စနစ်များ ချွတ်ယွင်းသွားခြင်း ဖြစ်နိုင်ကြောင်း စစ်ဆေးရေး အရာရှိများက ကနဦးအဆင့် သုံးသပ်ထားသည်။
လေယာဉ်ပျက်ကျမှုကြောင့် လိုက်ပါသွားသူ ၆၆ ဦးစလုံး အသက်ဆုံးရှုံးခဲ့ရသည်။ လေယာဉ်သည် ပါရီမှ ကိုင်ရိုသို့ ဦးတည်ပျံသန်းစဉ် မေ ၁၉ ရက်က ပျက်ကျသွားခြင်း ဖြစ်သည်။ လေယာဉ်ပျက်ကျမှုကို စုံစမ်းရာ၌ အီဂျစ်၊
ပြင်သစ်တို့မှ ပညာရှင်များနှင့် Airbus ကုမ္ပဏီမှ ကျွမ်းကျင်သူများပါ ပူးပေါင်း ပါဝင်ကြသည်။
Black Box မှ အချက်အလက်များကို ကူးယူထားနိုင်ပြီ ဖြစ်သော်လည်း လုံခြုံရေး သုတေသန ပညာရှင် အချို့က အဆိုပါ မှတ်တမ်းတင် ကိရိယာများသည် ရေအောက်တွင် ရှိနေစဉ် လုပ်ငန်းပိုင်း ချွတ်ယွင်းမှုများ ဖြစ်ပေါ်ခဲ့ရာမှ စုံစမ်းမှုအတွက် အလွန်အရေးပါသည့် အချက်အလက်များ ဆုံးရှုံးသွားနိုင်သည်ကို တွေးတော စိတ်ပူနေကြောင်း သိရှိရသည်။
Ref: Fox

No comments:
Post a Comment