Monday, July 18, 2016

အရှေ့အလယ်ပိုင်းနိုင်ငံများသို့ မြန်မာလုပ်သားများ စေလွှတ်နိုင်ရန်ဆွေးနွေးနေပြီး ယခုနှစ်ဇွန်လအတွင်း မလေးရှား၊ စင်ကာပူ၊ ထိုင်းအပါအ၀င် ခုနစ်နိုင်ငံသို့ မြန်မာလုပ်သား ၁၄၈၃၄ ဦး စေလွှတ်ကာ ထိုင်းနိုင်ငံသို့ လုပ်သားဦးရေ ၁၁၀၅၀ ဖြင့် အများဆုံး သွားရောက်

အရှေ့အလယ်ပိုင်းနိုင်ငံများသို့ မြန်မာလုပ်သားများ စေလွှတ်နိုင်ရန် ဆွေးနွေးနေပြီး၂၀၁၆ ခုနှစ် ဇွန်လအတွင်း ပြည်ပနိုင်ငံများဖြစ်သည့် မလေးရှား၊ စင်ကာပူ၊ ထိုင်း အပါအ၀င် နိုင်ငံခုနစ်နိုင်ငံသို့ မြန်မာလုပ်သား ၁၄၈၃၄ ဦးစေလွှတ်ခဲ့ကာ ထိုင်းနိုင်ငံသို့  လုပ်သားဦးရေ ၁၁၀၅၀ ဦးဖြင့် အများဆုံး သွားရောက်လုပ်ကိုင် ခွင့်ပြုခဲ့ကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
၂၀၁၆ ခုနှစ် ဇွန်လအတွင်း မြန်မာနိုင်ငံသားများကို ပြည်ပနိုင်ငံများသို့ သွားရောက် လုပ်ကိုင်ခွင့်ပြုခဲ့သည့် နိုင်ငံများမှာ မလေးရှား နိုင်ငံသို့ ၂၇၃၁ ဦး၊ စင်ကာပူနိုင်ငံသို့ ၁၁၄ ဦး၊ ကိုရီးယားနိုင်ငံသို့ ၇၂၅ ဦး၊ ထိုင်းနိုင်ငံသို့ ၁၁၀၅၀ ဦး၊ ဂျပန်နိုင်ငံသို့ ၁၈၂ ဦး၊ ယူအေအီးနိုင်ငံသို့ ၁၅ ဦးနှင့် ကာတာနိုင်ငံသို့ ၁၇ ဦး စေလွှတ်ခဲ့ကြောင်း သိရသည်။
မြန်မာလုပ်သားများ အများဆုံးသွားရောက် လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသည်  မြန်မာလုပ်သားများအတွက် ရေလုပ်သားလုပ်ငန်း၊ ရေထွက်ပစ္စည်းနှင့် ပတ်သက်သည့်လုပ်ငန်း၊  စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်း၊  ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် ပတ်သက်သောလုပ်ငန်း၊  သားသတ်လုပ်ငန်း၊  Recycle လုပ်ငန်း၊  ကျောက်ထုတ်လုပ်သော လုပ်ငန်း၊ သတ္တုထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊  ကျောက်နှင့် ပတ်သက်သည့် ပစ္စည်းထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း၊ ဆောက်လုပ်ရေးပစ္စည်း ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း၊  ကျောက်ဆစ်လုပ်ငန်း၊ အ၀တ်အစား ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း၊ ပလတ်စတစ် ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း၊  စက္ကူထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း၊ လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊  ရေကြောင်းကုန်စည် ပို့ဆောင်ခြင်းလုပ်ငန်း၊ လက်လီ၊ လက်ကား ဈေးရောင်းဝယ်ခြင်းလုပ်ငန်း၊  ကားရေဆေးနှင့် ပြုပြင်ရေးလုပ်ငန်း၊  ဆီဆိုင်နှင့် ဓာတ်ငွေ့ဆိုင်လုပ်ငန်း၊ ပညာရေး၊ လူမှုရေး၊ ဆေးရုံဆေးပေးခန်းဌာနလုပ်ငန်း၊ အခြား အထွေထွေ ၀န်ဆောင်မှုလုပ်ငန်းများ (အလုပ်သမား ပုတ်ပြတ်လုပ်ငန်းများမပါ)၊ ငါးနှင့်ရေထွက်ပစ္စည်း လုပ်ငန်းနှင့် အိမ်အကူလုပ်ငန်းများကိုသာ လုပ်ကိုင်ခွင့်ပြုထားသည်။ ထိုင်းနိုင်ငံသို့ မြန်မာလုပ်သား တရားဝင် စေလွှတ်မှုကို ၂၀၁၀ ပြည့်နှစ်မှစတင်ပြီး နှစ်နိုင်ငံ သဘောတူညီချက်အရ တရားဝင် လုပ်ကိုင်စေခဲ့ကာ ၂၀၁၆ ခုနှစ် ဇွန်လအထိ ၂၁၄၁၂၂ ဦး စေလွှတ်ခဲ့ကြောင်း သိရသည်။
အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံ၊ ကိုရီးယားနိုင်ငံတို့နှင့် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာများ ရေးထိုးဆောင်ရွက်နေပြီး ဂျပန်နိုင်ငံ၊ စင်ကာပူ၊ ကိုရီးယားနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများသို့ မြန်မာလုပ်သားများ စေလွှတ်နိုင်ရေးအတွက် လုပ်ဆောင်နေသည်ဟု သိရသည်။
အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနအနေဖြင့် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းပေးထားပြီး ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများကို ကြီးကြပ်နိုင်ရန်နှင့် မြန်မာလုပ်သားများကို ကာကွယ်စောင့်ရှောက်နိုင်ရန် မြန်မာပြည်ပ ၀န်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ကို ဖွဲ့ စည်းခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများ၏ အလုပ်သမားဥပဒေများနှင့်အညီ ခံစားခွင့်ရရှိရေးနှင့် ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရေးအတွက် ကိုရီးယား၊ ထိုင်းနှင့် မလေးရှားနိုင်ငံများ အတွက် အလုပ်သမားသံအရာရှိများ ခန့်အပ် တာဝန်ပေးအပ်ထားကြောင်း သိရသည်။
Writer: 
ၿဖိဳးေ

No comments: