ဗိုလ်ချုပ်တို့ကျဆုံးခဲ့သည့် အာဇာနည်နေ့ရောက်လာချိန် နီးလာနေပေပြီ။
တိုက်တိုက်ဆိုင်ဆိုင်ပင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့်
စာအုပ်များထဲမှ တိုင်းပြည်စီးပွားရေးနှင့် ပတ်သက်၍ ဗိုလ်ချုပ်၏ ယူဆပုံ
အတွေးအ ခေါ်များကို လေ့လာနေရင်း မိတ် ဆွေအချို့ပြောသည့် ကုန်ဈေးနှုန်း
များတက်သည့်အကြောင်း စကား အချို့ကို ပြန်သတိရလာမိသည်။ သူတို့အိမ်ရှင်မတွေ၏
ဈေးအပြန် ညည်းညူသံများဖြစ်၏။ သူတို့၏ဆန္ဒထဲတွင်
ကုန်ဈေးနှုန်းမြင့်တက်နေခြင်းကို အစိုးရက ထိန်းချုပ်စေချင်သည်။ အစိုးရက
ဈေးကွက်ထဲ ဝင်ပြီး ကုန်ဈေးနှုန်းသတ်မှတ်ပေး သည့် ၁၉၈၈ မတိုင်မီက ဆိုရှယ်
လစ်စီးပွားရေးစနစ်အောက်က အခြေအနေများကို သူတို့ပြန်
လည်တမ်းတနေခြင်းဖြစ်မည်။ သမဆိုင်၊ ဆီစာအုပ်၊ ဆန်စာအုပ် များနှင့်
တန်းစီပြီး စောင့်ရသည့် အရသာများကို လွမ်းမောနေကြ လေသလား။ ထိုအခြေအနေများ
ယခုအချိန်တွင် မဖြစ်နိုင်တော့ပြီ။ မည်သို့ပင်ဖြစ်စေ သူတို့ကလည်း
သူတို့ဆန္ဒနှင့် သူတို့ကျင့်သုံးသည့် ဈေးကွက်စနစ်ကလည်း သူ့သ ဘောတရားနှင့်သူ
တိုင်းပြည် အတွင်းရှိ ကုန်ထုတ်လုပ်မှုနှင့် ငွေ ကြေးကိစ္စ
စသည့်စီးပွားရေးရာများနှင့် အစိုးရ၏ အားထုတ်မှု များလည်း သူ့အခြေအနေနှင့်သူ
ရှိနေကြသည်။ အခြေအနေအား လုံးသည် ဟန်ချက်မညီ၊ ဟာမိုနီ မကျသေးသည်ကတော့ သေချာ
သည်။ နိုင်ငံ့စီးပွားရေးသည် စနစ် တကျ အချိတ်အဆက်ရှိစွာဖြင့်
အင်နှင့်အားနှင့် မသွားနိုင်သေးဘဲ လိမ်ဖည်လိမ်ဖည် သွားမှန်းမသိ သွားနေရဆဲ။
စီးပွားရေးအဆောက်အအုံ အတွင်း၌မူ ကုန်ပစ္စည်းအများစု၏ ဈေးနှုန်းတို့သည် အကျမရှိ၊ တက် မြဲတက်လျက်ရှိနေသည်မှာ ကြာပြီ။ ပြီးခဲ့သည့် ဒီမိုကရေစီ ပထမ ငါး နှစ်သက်တမ်းအစိုးရလက်ထက် က မြင့်တက်ခဲ့သော ကုန်ဈေးနှုန်း တို့သည် ဖြည်းဖြည်း (သို့မဟုတ်) မြန်မြန်၊ အရှိန်သာကွာလျက် ယခုထိတိုင် အထက်ကောင်းကင်ဆီ သို့သာ ဦးတည်နေကြဆဲဖြစ်သည်။ ကုန်ဈေးနှုန်းတို့မှာလည်း အမြင့် သို့ ခုန်တက်စရာအကြောင်းက များပြားစွာရှိနေသည်။ ငွေကြေး ပမာဏ၊ ကုန်သွယ်မှုလိုငွေ၊ ဘတ်ဂျက်လိုငွေ၊ ငွေဖောင်းပွမှု စသဖြင့်ဘာသာရပ်ဆိုင်ရာ စကားလုံးအ ကြီးကြီးများ အကိုးအကားဖြင့် လည်း တက်နိုင်သည်။ ဒေါ်လာတန်ဖိုးအပါအဝင် နိုင်ငံရပ်ခြားမှစီးပွားရေး ကမောက်ကမအခြေ အနေများကိုလည်း ကုန်ဈေးနှုန်း မြင့်တက်သည့်အကြောင်း တရား အဖြစ် လက်ညှိုးထိုးနိုင်သည်။ ဈေးနှုန်းဆိုသည့်အရာကို အစိုးရ က ထိန်းသိမ်းပေးနိုင်ဖို့ဆိုသည်မှာ ယခင်ဆိုရှယ်လစ်စနစ် ကျင့်သုံး ချိန်ကကဲ့သို့ မဖြစ်နိုင်။ ယခုကျင့်သုံးနေသည်က ဈေးကွက်စီးပွားရေးစနစ်။ ‘‘အစိုးရ ဝင်ထိန်းတော့ ဘာဖြစ်လဲ’’ဟုဆိုလာလျှင် မည်သူမျှ ဖြေစရာပင်မလိုဘဲ ပို ဆိုးသော အခြေအနေကို ကိုယ် တိုင်ကိုယ်ကျပင် ခံစားရလျက် အ ဖြေသိလိမ့်မည်။ ဈေးကွက်စနစ် တွင်ဖြစ်ပေါ်နေသော ဈေးနှုန်းများ မှာ ဈေးကွက်အတွင်းရှိ ဝယ်လို အားနှင့် ရောင်းလိုအားအပေါ် မူတည်၍ သူ့သဘောသူဆောင် ကာ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ဈေးကွက်အတွင်း အစိုးရဝင် ရောက်ပတ်သက်မှုသည် ဈေး ကွက်အားနည်းမှု (သို့မဟုတ်) ဈေးကွက်လည်ပတ်မှု ပျက်ယွင်း မှုရှိခဲ့မှသာ ဖြစ်သင့်သည်။ ဈေး ကွက်ပုံမှန်ပြန်လည်လည်ပတ်ချိန် တွင် အစိုးရအနေဖြင့် ပတ်သက် ခွင့်မရှိတော့ပေ။ အစိုးရဝင်မှ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင် ကြီးကျားထက်ဆိုး အခြေအနေ မျိုး ဖြစ်ခဲ့သည်မှာ မကြာခဏပင်။
ယခု မြန်မာ့စီးပွားရေးအ ဆောက်အအုံအတွင်း ကုန်ဈေး နှုန်းမြင့်မားလာနေခြင်းသည် ဈေး ကွက်ယန္တရားအားနည်းမှုကြောင့် မဟုတ်ဘဲ ကုန်ထုတ်လုပ်မှုကဏ္ဍ နှင့် ငွေကြေးကဏ္ဍဟန်ချက်ပျက် နေခြင်းဖြစ်သည်။ ဈေးကွက်ယန္တ ရားလည်ပတ်ရေးတွင် အစိုးရ၏ ကဏ္ဍအလိုက် ပံ့ပိုးမှု (မူဝါဒပိုင်း ဆိုင်ရာနှင့် အင်စတီးကျူးရှင်းများ ဖြည့်ဆည်းပေးခြင်းအပါအဝင် အခြားပံ့ပိုးမှုများ)နှင့် တရားဥပဒေစိုးမိုးမှုတို့မှာ အားနည်းလျက်ရှိနေ သည်။ ယခုအချိန် (ဇွန်-ဇူလိုင်) စားသောက်ကုန်၊ လူသုံးကုန်ဈေး နှုန်းများ တက်နေကြောင်း ကြားရ သဖြင့် ဈေးကွက်ထဲဝင်၍ စပ်စု ကြည့်မိ၏။ ဈေးတက်လာသော ကုန်ပစ္စည်းအများစုမှာ သွင်းကုန် ပစ္စည်းများမဟုတ်ဘဲ မိမိတို့ပြည် တွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေး စသည့်အခြေခံထုတ်လုပ်မှုကဏ္ဍ များမှ ထွက်ရှိနေသော အခြေခံစား သောက်ကုန်အများစုဖြစ်နေ သည်ကို တွေ့ရသည်။ ဝင်ငွေနိမ့် အလုပ်သမားများ၊ ပုံမှန်လစာရ အလုပ်သမားများ၏ ဝင်ငွေရာခိုင် နှုန်းအများစုကို အစားအသောက် များတွင် သုံးစွဲကြသည်ကို သုတေ သနတွေ့ရှိချက်များ ရှိပြီးသားဖြစ် ရာ ထိုအခြေခံစားသောက်ကုန် များ ဈေးတက်လေလေ၊ ဝင်ငွေ နိမ့်လူတန်းစားများအားလုံး စား ဝတ်နေရေး ကျပ်တည်းလေလေ ဖြစ်သည်။ ထို့ကြောင့် အားကိုးရှာ ကာ အစိုးရ၏ ထိန်းသိမ်းမှုကို မျှော်လင့်ကြခြင်းဖြစ်သည်။
သည်အချိန် သည်အခါ ကုန်ဈေးနှုန်းမြင့်မားမှုကို လူထုခံစား နေရချိန်၊ လွန်ခဲ့သော နှစ်ပေါင်း ၇၀ က ဗြိတိသျှလက်အောက်ရှိ မြန်မာနိုင်ငံ၌လည်း ယခုကဲ့သို့ပင် ငွေကြေးပြဿနာ၊ ကုန်ဈေးနှုန်း ပြဿနာများနှင့် ပြည်သူလူထုအ ခက်အခဲများရှိနေခဲ့သည်ကို ဗိုလ် ချုပ်အောင်ဆန်း၏ နိုင်ငံ့လွတ် လပ်ရေးအတွက် အားထုတ်မှုများ အကြောင်း ဖတ်ရှုရင်း သိရှိခဲ့ရ သည်။ ဗိုလ်ချုပ်သည် နိုင်ငံ့လွတ် လပ်ရေးအတွက် စစ်ရေး၊ နိုင်ငံ ရေးတို့ကို ဦးစားပေးနေသည့်တိုင် နိုင်ငံ့စီးပွားရေးရာများကိုလည်း မလွတ်တမ်းခေါင်းထဲထည့်ထား သည်ကို သူ၏ မိန့်ခွန်းများ၊ ပြော စကားများတွင် တွေ့ရသည့် ကုန် ဈေးနှုန်းများ၊ ငွေကြေးဖောင်းပွမှု အကြောင်းများက သက်သေပြနေ ၏။ ဗိုလ်ချုပ်၏ စဉ်းစားချက်များ မှာ ဂျပန်တို့ကို မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီးနောက် ဗြိတိသျှတို့ ပြန် လည်ဝင်ရောက်လာချိန်တွင် ဖြစ် ပေါ်နေသော အခြေအနေများအ ပေါ်၌ ဖြစ်သည်။ ပထမစဉ်းစား ချက်ကို ဗမာ့ (မြန်မာ့)လွတ်လပ် ရေးပြဿနာများဟု ခေါင်းစဉ်တပ်ထားသည့် ၁၉၄၆ ခုနှစ် ဇန်န ဝါရီလ ၂၀ ရက် ဖဆပလ ပထမ ကွန်ဂရက်တွင် ပြောကြားခဲ့သော မိန့်ခွန်းထဲ၌ တွေ့ရသည်။ ထို အချိန်ထိုကာလ၌ မြန်မာနိုင်ငံ တွင်းရှိ ပိုလျှံနေသော သီးနှံများကို အစိုးရက ဝယ်ယူရာ၌ ဈေးနှုန်း သတ်မှတ်ပေးရမည့် ကိစ္စရှိလာ သည်။ ထိုအကြောင်းနှင့် ဆက်စပ်၍ ဈေးကွက်၊ ဈေးနှုန်း၊ ငွေဖောင်း ပွမှုတို့ကို ထည့်သွင်းစဉ်းစား၍ လယ်သမားတို့ ကြုံတွေ့ရမည့် ဒုက္ခကို ကြိုမြင်ကာ ဗိုလ်ချုပ်က ငွေကြေးဖောင်းပွနေသည့်အချိန် ကာလ၌ သီးနှံဈေးနှုန်းသတ်မှတ် ရန်အတွက် ငွေစက္ကူဖောင်းပွမှု ပြဿနာကို အရင်ကိုင်တွယ်ရ မည်ဟု ပြောကြားခဲ့လေသည်။ ထိုသို့ မပြုလုပ်ခဲ့ပါက ဈေးနှုန်း သတ်မှတ်ခြင်းသည် လယ်သမား တို့၏ လည်မျိုကို ညှစ်ခြင်းသာဖြစ် မည်ဟုလည်း ထောက်ပြထား သည်။ ဗိုလ်ချုပ်ဆိုလိုသည့်အ ချက်ကို ယခုအချိန်ကြုံတွေ့နေရ သည့် အခြေအနေနှင့်ယှဉ်၍ လေ့ လာကြည့်သောအခါ အစိုးရအနေဖြင့် ဈေးကွက်အတွင်း ဝင်ရောက် ရန်လိုပါက ငွေကြေးကဏ္ဍကို ထိ ရောက်စွာကိုင်တွယ်စီမံပြီးမှသာ ဈေးကွက်အတွင်း ဝင်ရောက်စွက် ဖက်သင့်သည်ဟူသော အယူအ ဆကို ရရှိသည်။
ဗိုလ်ချုပ်သည် ငွေဖောင်းပွ မှုဒဏ် တစ်နည်းအားဖြင့် ကုန် ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို တစ် ကျော့ပြန်ခံစားရနိုင်သည့် လယ် သမားများအတွက် ကြိုတင်ကာ ကွယ်နိုင်ရန် စဉ်းစားခဲ့ခြင်းဖြစ် လေသည်။ ဗိုလ်ချုပ်သည် ပြည် တွင်းဈေးကွက်အခြေအနေထက် စီးပွားရေးအဆောက်အအုံတစ်ခု လုံး၏ အခြေအနေကိုလိုက်ခြင်း ပင်ဖြစ်သည်။ စာရေးသူ၏ မိတ်ဆွေအချို့ပြောသော ကုန်ဈေးနှုန်းကို အစိုးရက ထိန်းစေချင်သည့် သဘောမှာလည်း အစိုးရမှ ဈေးနှုန်းသတ်မှတ်ပေးရမည့်သဘော ပင်ဖြစ်သည်။ အကယ်၍ အစိုးရ က ဈေးကွက်ထဲသို့ ဝင်ရောက်ကာဈေးနှုန်းထိန်းကျောင်းရန်လိုပါက ငွေကြေးကိစ္စ သတိထားရမည်။ ငွေကြေးကဏ္ဍကို ဦးစွာမကိုင် တွယ်ဘဲ ဝင်ရောက်ခဲ့ပါက ဈေး ကွက်ထဲမှ ရောင်းသူများ၏ လည်မျိုကို ညှစ်သလိုပင် ဖြစ်တော့မည်။ ဈေးကွက်စနစ်ထဲ၌ ရောင်းသူ၏ လည်မျိုအညှစ်ခံရလျှင် ရောင်းသူက တစ်ဖန်ပြန်၍ ဝယ်ယူသူ၏လည်မျိုကို ညှစ်ပေလိမ့်မည်။ ရေရှည်တွင် ကုန်ဈေးနှုန်းမြင့်တက်မှုပြဿနာ သက်သာသွားမည် မ ဟုတ်ပေ။ ထို့အပြင် ဗိုလ်ချုပ်၏ငွေဖောင်းပွမှုပြဿနာနှင့်ပတ် သက်၍ စဉ်းစားချက်တို့ကိုလည်း ဖတ်ရှုသိရှိခဲ့ရသည်။ ကိုလိုနီအင်္ဂ လိပ်တို့ မြန်မာနိုင်ငံတွင်း၌ ကိုယ်ကျိုးစီးပွားရှာမှု ပြင်းထန်လာခြင်း ကြောင့် တိုင်းပြည်စီးပွားရေးချွတ် ခြုံကျလာ၍ ပြည်သူလူထု၏ စီးပွားရေးအခြေအနေဆိုးရွားနေချိန် တွင် ဗိုလ်ချုပ်သည် ၁၉၄၆ ခုနှစ်ဧပြီလ ၂၅ ရက်နေ၌ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။ထိုသတင်းစာရှင်းလင်းပွဲ၌ ဗိုလ်ချုပ်ပြောဆိုခဲ့သည်များကို ဗြိတိ သျှအစိုးရသတင်းစာ The New Times of Burma က ခေါင်းကြီး ပိုင်းမှနေ၍ ပြန်လည်ဝေဖန်ခဲ့ရာ ဗိုလ်ချုပ်ကလည်း ထပ်မံတုံ့ပြန် ချေပခဲ့လေသည်။ ထိုသတင်းစာ ၏ ဝေဖန်ချက်များကို ပြန်လည်ချေပပြောဆိုသည့်စကားများထဲ တွင် ဗိုလ်ချုပ်၏ ငွေကြေးဖောင်းပွခြင်းနှင့်ပတ်သက်သည့် အယူအဆအချို့ကို တွေ့ရသည်။ ငွေကြေးဖောင်းပွမှုပြေလည်စေရန် ပထမဦးစွာ ကုန်ထုတ်လုပ်မှုကိုပမာဏတိုးတက်အောင်လုပ်ရ မည်။ စီးပွားရေးနှင့် ဘဏ္ဍာရေး အားမျှခြေရှိအောင် ဆောင်ရွက်ရ မည်။ ဆိုလိုသည်မှာ စီးပွားရေးနှင့်ဘဏ္ဍာရေးတို့တွင် ဝယ်လိုအားနှင့်ရောင်းလိုအားညီမျှအောင် ဆောင်ရွက်ရမည်ဟု ဆိုလိုခြင်းဖြစ်လေ သည်။ ဗိုလ်ချုပ်သည် ဈေးကွက် အတွင်းရှိ အင်အားစုများ၊ ငွေကြေးလည်ပတ်မှု၊ ကုန်ထုတ်လုပ်မှုအခြေအနေနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဝေဒနာအပါအဝင် ပြည်သူ တို့၏ နေ့စဉ်ဘဝရပ်တည်မှုနှင့် စီးပွားရေးအခြေအနေတို့ကိုပါ စိတ်ဝင်တစား လေ့လာခဲ့သည်။
ဗိုလ်ချုပ်သည် ပြည်သူလူထု သာတူညီမျှစွာ သာယာဝပြောရေး အယူအဆပါရှိသည့် ဆိုရှယ်လစ် စနစ်ကို နှစ်သက်သဘောကျသူ ဖြစ်သော်လည်း ဈေးကွက်၏ သဘောကို သိသူဖြစ်၏။ စီးပွား ရေးအဆောက်အအုံအတွင်းရှိ ငွေ ကြေးပမာဏနှင့် ထိုစီးပွားရေးအ ဆောက်အအုံ၏ ကုန်ထုတ်လုပ် နိုင်စွမ်း၏ အရေးကြီးပုံကိုလည်း သဘောပေါက်သူဖြစ်၏။ သူသည်နိုင်ငံလွတ်လပ်ရေးအတွက် နိုင်ငံ ရေး၊ စစ်ရေးတို့ကို စူးစိုက်အား ထုတ်ခဲ့သော်လည်း ပြန်လည်ထူ ထောင်ရမည့် နိုင်ငံအတွက် စီးပွားရေးသဘောတရားများကိုလည်း သဘာဝကျကျ စဉ်းစားနိုင်ခဲ့သူ ဖြစ်လေသတည်း။
ကိုးကား- ဗိုလ်ချုပ်အောင်ဆန်း၏ ဘားမားချဲလင်း(ခ်ျ)၊ ၁၉၄၆။
၇day

No comments:
Post a Comment