Friday, June 17, 2016

ဦးသန်းရွှေရဲ့ ညကျောင်း (၂) (ဦးသန်းရွှေနှင့် ငါ့၅လုံး) - လက်စောင်းထက် ============================================================



ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တပ်တွင်းအာဏာသိမ်းပြီးချိန်တွင် သူ့ကို လောက်လောက်လားလား ထောက်ခံသူ ရှိလှသည်မဟုတ်၊ စစ်တိုင်းမှူးများကလည်း သူနှင့်ခေတ်ပြိုင်များ ဖြစ်နေသလို အစိုးရ၀န်ကြီးများကလည်း ဗိုလ်ချုပ်မှူးကြီး စောမောင် လက်ထက်က ခန့်သွားသူများ ဖြစ်နေသည်။ သူအားကိုးရမည့်သူဆို၍ ဦးနေ၀င်းက သူနန်းတက်နိုင်ရန် ငြမ်းထိုးပေးစေခဲ့သော ဗိုလ်ချုပ် ခင်ညွန့် တစ်ယောက်သာရှိသည်။ ထို့ကြောင် တပ်တွင်းအာဏာ သိမ်းပြီးစတွင် ဦးသန်းရွှေအနေဖြင့် ထောက်လှမ်းရေးကို ဖူးဖူးမှုတ်ထားသယောင်ပြရသည်။ သို့သော်လည်း ထောက်လှမ်းရေး ငယ်ပေါက်ဖြစ်သူ ဒုတိယ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး သန်းထွန်းကို တစ်ဆင့်တိုး ရာထူးဖြင့် ဗိုလ်မှူးချုပ်ပေးကာ အလုပ်ရော အာဏာရော မရှိသည့် တွဲဖက် စစ်ရေးချုပ်ရာထူးသို့ ပြောင်းရွှေ့လိုက်သည်။ ထို့နောက် မန္တလေးမှ ထောက်လှမ်းရေး အကူတပ်မှူးဖြစ်သူ ရန်ကုန်တွင် အိမ်အလုံးတစ်ရာ ပိုင်သည်ဟု နောက်ပိုင်းတွင် ကျော်ကြားသူ၊ သူ၏ တပည့်ရင်း ဒုတိယ ဗိုလ်မှူးကြီး ကျော်ဝင်းအား ထောက်လှမ်းရေးတွင် ဒုတိယ အကြီးအကဲ ခန့်လိုက်သည်။ ထိုသို့ အုပ်ချုပ်ရေးပိုင်းတွင် သူ့ကို မလှန်နိုင်အောင် တဖြည်းဖြည်းချင်း သူ့လူများဖြင့် အစားထိုးနေသလို စစ်ရုံးချုပ်ရှိ ညကျောင်းတွင်လည်း နားဝင်ပီယံဖြစ်စေမည့် အဆိုအမိန့်များကို တစ်ခုချင်း ပြောလေ့ရှိသည်။

ပထမဆုံး ညကျောင်းတွင် ဦးသန်းရွှေချပြသော အဆိုအမိန့် တစ်ခုမှာ ငါ့၅လုံး ဖြစ်သည်။ အစိုးရ ယန္တရားတွင် တာဝန်ယူရသူများတွင် လုပ်ပိုင်ခွင့်များရှိသဖြင့် အဆိုပါသူများသည် တိုင်းပြည် တာဝန်ထမ်းဆောင်ရာတွင် ငါ့၅လုံးကို ရှောင်ကြဉ်ရမည်ဟု တစ်ရက်သော ညကျောင်းတွင် အမိန့်တော် ချမှတ်သည်။ ထို့နောက် မင်းတို့အထဲက ငါ့၅လုံးကိုသိတဲ့ သူရှိလားမေးပြန်ရာ အားလုံးက မသိပါဘူးဟု တညီတညာတည်း ပြန်ဖြေကြသည်။ ခပ်ရွတ်ရွတ် ၀န်ကြီးများက အချင်းချင်း တံတောင်ဖြင့် ဘေးလူကိုတွတ်ရင်း အဖိုးကြီးက အရူးကြော ထနေပြန်ပြီ”ဟု တီးတိုးဆိုသူက ဆိုကြသည်။ သို့သော်လည်း အားလုံးက မသိပါဟု ဆိုသောအခါ ကျောင်းအုပ်ကြီး ဦးသန်းရွှေက ချောင်းတစ်ချက်ဟန့်ရင်း “မင်းတို့တွေ အနေနဲ့ ခုနကပြောထားတဲ့ ငါ့၅လုံးကို ရှောင်ရမယ်။ အဲဒီ ငါ့၅လုံးဆိုတာ ငါ့အတွက်၊ ငါ့မိန်းမအတွက်၊ ငါ့သားသမီးအတွက်၊ ငါ့ဆွေမျိုးတွေအတွက်၊ ငါ့အပေါင်းအသင်းတွေ အတွက်ဆိုပြီး လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခြင်းက ရှောင်ကျဉ်ဖို့ဖြစ်တယ်။ အဲဒီလိုလုပ်ရင် ပြင်းထန်စွာ အရေးယူမယ်” ဟု သြ၀ါဒပေး ရှင်းပြသည်။
အကယ်၍ ထိုအချိန်က ဖေ့စ်ဘွတ်သာ ခေတ်စားပါက ထိုစကားသည် တိုင်းကျော် ပြည်ကျော်အဖြစ် အစိုးရ၏ ၀ါဒဖြန့်ချိရေး ကွန်ရက်များမှတစ်ဆင့် တိုင်းသိပြည်သိ ဖြစ်မည်မှာ အမှန်ဖြစ်သော်လည်း ထိုစဉ်က အတွင်းစည်းမှ လူများသာ ရှိခဲ့သည်။ သို့သော်လည်း သားသမီးများ၏ လုပ်ရပ်နှင့် ဦးသန်းရွှေ အပြောက ပြောင်းပြန်ဖြစ်ခဲ့သည်။ အဘယ်ကြောင့် ထိုကဲ့သို့သော တရားဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန်၊ တရားဥပဒေတွင် ညီအစ်ကိုမောင်နှမ ဆွေမျိုးသားချင်း မရှိကြောင်းပြောရန် သူသည်လွန်စွာ ဖြောင့်မတ်သော တိုင်းပြည်အုပ်ချုပ်သူဖြစ်ကြောင်း ပြသရန် အကြံအစည်ကို ဦးသန်းရွှေ မည်သည့်နေရာက ရရှိခဲ့ပါသနည်း။ သိသူများအတွက် အဖြေအသင့် ရှိပါသည်။ ထိုစဉ်က မြန်မာ့ရုပ်သံမှ ပြသနေသော ပေါင်ချိန်ဇာတ်လမ်းတွဲကို ကြည့်ပြီး အထက်ပါ စကားများ ပြောခြင်းဖြစ်သည်။

ဦးသန်းရွှေသည် တရုတ်တရားသူကြီး ပေါင်ချိန်ဇာတ်လမ်းတွဲကို အလွန်ကြိုက်သဖြင့် ထိုစဉ်က အဆိုပါစီးရီးကို တစ်ပတ်လုံး ရက်ပြရသည်။ ထိုကားများတွင် တရားသူကြီး ပေါင်ချိန်သည် တရားစီရင်ရာတွင် မည်သူ့မျက်နှာမှ မထောက်၊ ဘက်လိုက်ခြင်းလည်းမရှိ၊ လာဘ်လည်းမစားဘဲ ဥပဒေအရ အရေးယူရမည်ဆိုလျှင် ဘုရင့်မယ်တော်၊ ဦးရီးတော်၊ သားတော်၊ တူတော်တို့ကအစ အရေးယူလေ့ရှိသည်။ သူအရေးယူသောနည်းမှာ ပေစာရွက်ကို မြေပေါ်ပစ်ချ၍ သတ်စေအော်ခြင်း ဖြစ်သည်။ ထိုဇာတ်လမ်းတွဲကို ဦးသန်းရွှေ ကြိုက်သဖြင့် အဆိုပါ ဇာတ်လမ်းတွဲပြီးမှ ညကျောင်းစရသည် တစ်ခါတစ်ရံ ကောင်းခန်းတွင် ကြော်ငြာဖြတ်ဝင်သည့်အခါ ပြန်ကြားရေး ၀န်ကြီးဖြစ်သူကို မျက်ထောင့်နီဖြင့် ကြည့်ရင်း မင်းတို့ကတော့ လုပ်ချလိုက်ပြန်ပြီဟု ပြောလေ့ရှိသည်။ ထိုသို့သော ပေါင်ချိန်ဇာတ်လမ်းတွဲများကြောင့် ငါ့၅လုံးဆိုသော အဆိုအမိန့် ပေါ်ခဲ့သော်လည်း ဦးသန်းရွှေ၏ မိသားစုဝင်များ လိုက်နာနိုင်မည် မဟုတ်ကြောင်း ကျန်အစိုးရ တစ်ဖွဲ့လုံးက သိရှိသဖြင့် အဆိုပါ ငါ့၅လုံးမှာ လမ်းမကြီးများပေါ်တွင် ကြော်ငြာဆိုင်းဘုတ်အဖြစ်လည်း အထောင်မခံရ၊ သတင်းစာတွင် အဆိုအမိန့်ဟုလည်း အဖော်ပြမခံရ၊ ရုံးဌာနများတွင်လည်း ဆောင်ပုဒ်အဖြစ် အကပ်မခံရဘဲ လေထဲတွင်ပင် ပျောက်ကွယ်သွားခဲ့သည်။

နောက်ထပ် ညကျောင်းတွင် ဦးသန်းရွှေကြိုက်သော အစီအစဉ်တစ်ခုမှာ မြန်မာ့ရိုးရာ လက်ဝှေ့ပွဲများ ဖြစ်သည်။ သူ၏လက်ထက်တွင် ရိုးရာလက်ဝှေ့ကိုလည်း မြေတောင်မမြှောက်၊ မည်သည့်နည်းနှင့်မျှ မမြှောက်စားခဲ့သော်လည်း ညစဉ်လက်ဝှေ့ပွဲများ ကြည့်လေ့ရှိသည်။ ထိုသို့ အကြည့်ကောင်း၍လည်း ရိုးရာလက်ဝှေ့ ပထမတန်း စိန်ခေါ်ပွဲများသည် ၁၂ချီ ထိုးသတ်ရာမှ ၅ချီသို့ လျော့သွားခြင်းဖြစ်သည်။ တောင်ငူတွင် ရွှေဝါထွန်းနှင့် ရွှေဓူဝံတို့၏ မြန်မာပြည် အလွတ်တန်း ချန်ပီယံလုပွဲကို ပုဝါမကူ ရေမရှူတမ်း ထိုးသည်ကို ဦးသန်းရွှေက ကြည့်ရင်း အချင်းချင်း ဤသို့မညှာမတာ မထိုးသင့်၊ အချိန်အကြာကြီး မထိုးသင့်ဟု မှတ်ချက်ပြုလိုက်ရာ ဦးသန်းရွှေ၏ အခိုင်းကို မျက်နှာလို မျက်နှာရ စောင့်နေသူများက ရိုးရာလက်ဝှေ့ကို ၁၂ချီမှ ၅ချီသို့ လျော့ချလိုက်သဖြင့် မြန်မာ့ရိုးရာ လက်ဝှေ့တွင် သရေပွဲများ ပေါ်လာကာ ပရိသတ်များ၏ စိတ်ဝင်စားမှု လျော့နည်းခဲ့ရသည်။ ဦးသန်းရွှေ၏ ညကျောင်းသည် ၀န်ကြီးအချင်းချင်း ပြောင်သလို ပျက်သလိုနှင့် အဆင်းဘီးတပ်ရာ၊ သူများကို ခြေထိုးနေရာကြီး ဖြစ်နေသလို မျက်နှာလို မျက်နှာရ လုပ်လိုသူများအတွက်လည်း အဖားပညာ သင်ကြားရာ နေရာကြီး ဖြစ်ခဲ့သည်။ ထို့အတူ အဆိုပါ ညကျောင်းသို့ အရက်မှန်မှန်မှီဝဲပြီးမှ လာသော ၀န်ကြီးများလည်း ရှိသည်။ တစ်ရက်တွင် ထိုစဉ်က စစ်ဦးစီး ဗိုလ်မှူးကြီးဖြစ်သူ ဦးသိန်းစိန်က ညကျောင်းသို့ အရက်သေစာ သောက်စားမလာရန် ပြောသောအခါ ခပ်စွာစွာ စီနီယာဝန်ကြီး တစ်ပါးက “နေစမ်းပါဦး၊ ငါတို့ ဘုရားမကြိုက်တာလဲ မလုပ်ဘူး၊ မင်းဆရာ မကြိုက်တာလဲ မလုပ်ဘူး၊ ငါတို့ဟာ ငါတို့ကြိုက်တာကိုလုပ်တာ မင်းကပြောစရာလား”ဟု ပြန်လည်ပတ်လိုက်ပြီး ခပ်တည်တည်ပင် အရက်သေစာ သောက်စားမြဲ သောက်စားနေသည့် ၀န်ကြီးများလည်းရှိသည်။ မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံကို ဦးသန်းရွှေက ၁၈နှစ် အုပ်ချုပ်ခဲ့ရာ သူ၏ညကျောင်းမှာလည်း ဆယ်စုနှစ် ၂ ခုနီးပါး တည်ရှိခဲ့သည့် နှစ်ရှည်ကျောင်းတော်ကြီး တစ်ခုပင်ဖြစ်တော့သည်။

လက်စောင်းထက်

http://tomorrow.com.mm/?q=articles/2669


No comments: