တောဖျားချောင်းဟာ
ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ အဓိကစီးဆင်းနေတဲ့ မြစ်ငယ်တစ်စင်းဆိုရင်
မမှားပါဘူး။ တောဖျားမြစ်ကထွက်တဲ့ သစ်တွေ၊ ၀ါးတွေ၊ ငရုတ်ကောင်းတွေဟာလည်း
ဒေသအတွက် မရှိမဖြစ် အရေးပါ,ပါတယ်။ တောဖျားချောင်းထဲက ကျေးရွာတွေဟာ
ဥယျာဉ်ခြံမြေတွေကို အမှီပြုနေကြတာလည်း ဖြစ်ပါတယ်။ဒါပေမဲ့
လမ်းပန်းဆက်သွယ်ရေးဟာ ရေလမ်းကိုသာ အားထားနေကြရပါတယ်။ တစ်ရွာကတစ်ရွာကို
သွားဖို့ဆိုရင် ကူးတို့လှေတွေကိုသာ အားထားကြရတာပါ။ ဟွန်ဒါစက်တပ်
လှေကလေးတွေဟာ မြစ်တစ်လျှောက် အစုံအဆန် ပြေးလွှားနေကြပါတယ်။ ဒါတွေဟာ
တောဖျားချောင်းရဲ့မရိုးနိုင်တဲ့ မြင်ကွင်းတွေပါပဲ။ လောင်းကလေးတွေကို
စက်တပ်လိုက်ကြတယ်။ အဲဒီစက်တပ်လောင်းကလေးတွေမှာ လူဆံ့သလောက်စီးပြီး
သွားလာနေကြတာလည်း ထူးမခြားနားတဲ့ မြင်ကွင်းတွေပါပဲ။ ဒါပေမဲ့ ကျောင်းဖွင့်စ
နေ့ကလေးတစ်နေ့၊ ဇွန်လ ၁ ရက်နေ့ဟာ အရင်နှစ်ကလို မိုးရွာခြင်း မရှိဘဲ
နေသာနေပါတယ်။
တောဖျားချောင်းဘေးနားက ရွာကြီးတစ်ရွာဖြစ်တဲ့ ပိုးရွှီပြင် အ.ထ.က ကျောင်းမှာလည်း အဖြူအစိမ်း ၀တ်ဆင်ထားတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ အသက်ဝင်နေပါတယ်။ အနီးဝန်းကျင် ကျေးရွာတွေက ကျောင်းသားကျောင်းသူတွေဟာလည်း ကူးတို့လှေတွေစီးလို့၊ ကလေးတွေရဲ့မျက်နှာမှာ အပြုံးပန်းတွေဆင်လို့ ပိုးရွှီပြင် ရွာကလေးဟာ ကျောင်းသားကျောင်းသူကလေးငယ်တွေနဲ့ မင်္ဂလာနေ့ရက်ဆိုရင်လည်း မမှားပါဘူး။ ဒါပေမဲ့ မင်္ဂလာနေ့ရက်ဟာ ကြာကြာမခံခဲ့ပါဘူး။ လူတွေပျော်ရွှင်နေတဲ့ မျက်နှာဟာလည်း ရုတ်တရက် အငိုမျက်နှာတွေ စိုးရိမ်သောက ပြည့်နေတဲ့မျက်နှာတွေ ဖြစ်သွားကြပါတယ်။
မွန်းလွဲ ၁ နာရီ ကျောင်းဆင်းချိန်မှာ ချောင်းတစ်ဖက်ကမ်း ရွာကလေးတွေဖြစ်တဲ့ ရဟတ်တောင်၊ ဂန့်ဂါရွာက ကလေးတွေ ကူးတို့လှေနဲ့ အိမ်ပြန်လမ်းဟာ မဖြောင့်ဖြူးခဲ့ပါဘူး။ ကမ်းကအခွာ ချောင်းရေထဲမှာ လှေမှောက်ပြီး ကလေး ခုနစ်ဦး သေဆုံးတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။ သူတို့ဟာ အချိန်မတန်ဘဲ အကြွေစောသွားသည့် ပုရစ်ဖူးကလေးငယ်များသာ ဖြစ်ပါတယ်။
“ပိုးရွှီပြင်ကျေးရွာကို မြစ်တစ်ဖက်ကမ်း ဂန့်ဂါကျေးရွာကနေ စက်လှေနဲ့ကျောင်းလာတက်တဲ့ အထက်တန်း၊ အလယ်တန်းကျောင်းသားတွေ စုစုပေါင်း ၃၅ ဦးက နေ့လယ်ပိုင်း ကျောင်းဆင်းတဲ့အချိန်မှာ စက်လှေကမ်းကခွာပြီး ပေ ၅၀ အကွာ ချောင်းထဲမှာ လှေဦးပိုင်း ကလေးတွေကို ပဲ့ပိုင်းကို ရွှေ့ခိုင်းလိုက်တဲ့ အချိန်မှာ စက်လှေကလည်း အချိန်မချောတဲ့အခါမှာ ဦးပိုင်းက နစ်သွားပြီး လှေတစ်စင်းလုံး နစ်သွားတာပါ။ လှေနစ်တော့ လှေလေးစင်းနဲ့ ကူညီကယ်ဆယ်ရေး လုပ်တဲ့အခါမှာ ကျောင်းသူ ခြောက်ယောက်ရယ်။ ကျောင်းသား တစ်ယောက်ရယ် ရှာမတွေ့ဖြစ်နေခဲ့တယ်။ ကျန်တဲ့ ကျောင်းသူ ၁၆ ဦး၊ ကျောင်းသား ၁၉ ဦး ပါတယ်။ အဲဒီထဲက ခုနစ်ဦးပျောက်ပြီးတော့ ကျန်တဲ့ကလေးတွေကို ကယ်ဆယ်နိုင်ခဲ့တယ်။” ပုဏ္ဏားကျွန်း မြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ဇံက လှေနစ်တဲ့ ဖြစ်စဉ်ကို ရှင်းပြပါတယ်။ ရာသီဥတု ဆိုးရွားခြင်းမဟုတ်ဘဲ ၀န်နှင့်မမျှအောင်ထိ ကလေးတွေကို တင်ဆောင်မောင်းနှင်ခဲ့ခြင်းက ရေနစ်သေဆုံးခဲ့ရခြင်း ဖြစ်ခဲ့ရတယ်လို့ သေဆုံး ကျောင်းသူ ကျောင်းသားများ မိဘတွေနဲ့ ရပ်သူရွာသားများကလည်း ရင်ထုမနာ ယူကျုံးမရ ဖြစ်ကြရပါတယ်။ ဇွန်လ ၁ ရက်နေ့ ညရောက်သည့်တိုင်း ပျောက်ဆုံးကလေးတွေကို ရွာသူရွာသားတွေ မိဘဆွေမျိုးတွေ လှေတွေနဲ့ လိုက်ရှာခဲ့ကြပါတယ်။ ပျောက်ဆုံးသွားတဲ့ သားသမီးတွေ အသက်ရှင်ပြီး ပြန်တွေ့လေမလားလို့ ကမ်းပေါ်က ငိုကြွေး စောင့်မျှော်နေကြတဲ့ မိခင်တွေရဲ့ ပူဆွေးသောကကို မြင်ရသူတိုင်း မျက်ရည်ကို မနည်း ထိန်းထားကြပါတယ်။ ဒါပေမဲ့ တောဖျားချောင်းကတော့ စီးဆင်းမြဲ စီးဆင်းနေပါတယ်။ ကလေးတွေကို ပြန်မတွေ့ခဲ့ပါဘူး။ ဇွန်လ ၂ ရက်နေ့ မိုးမလင်းခင်ကတည်းက တောဖျားချောင်း ကမ်းနံဘေးမှာ လူထောင်နှင့်ချီပြီး ချောင်းရေထဲမှာ အစုံအဆန် မောင်းနှင်ရှာဖွေနေကြတဲ့လှေတွေဆီကို ကြည့်နေကြပါတယ်။ နံနက် ၈ နာရီမှာ မအေးငြိမ်းစိုးကို လည်းကောင်း၊ ၈ နာရီခွဲမှာ မခိုင်ဖြိုးဦး၊ မခိုင်ဖြိုးဌေးကိုလည်းကောင်း၊ ၁၁ နာရီ ၁၅ မှာ မမြတ်ကေ၀င်းကို လည်းကောင်း၊ ၁၁ နာရီခွဲ အချိန်မှာ မငြိမ်းငြိမ်းထွေးကိုလည်းကောင်း၊ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်မှာ မကြေကြေမကို လည်းကောင်း၊ ညနေ ၄ နာရီအချိန်မှာ မောင်ရီဝေလင်းကို လည်းကောင်း တောဖျားချောင်း ရေပေါ်မှာ ပေါလောမျောပြီး ပြန်ရှာတွေခဲ့ပါတယ်။ ပြန်တွေ့တဲ့ အလောင်းတွေကို ထားတဲ့ ပိုးရွှီပြင်ကျေးရွာသုသာန်မှာ လူထောင်နှင့်ချီပြီး ရောက်နေကြတာဖြစ်ပြီးတော့ အဖြူရောင်ပိတ် လွှမ်းခြုံထားတဲ့ ကလေးအလောင်းတွေကိုကြည့်ပြီး ယူကျုံးမရ ဖြစ်နေကြပါတယ်။ ရွာသုသာန်ကနေ သမီးသေဆုံးသွားပြီလို့ စိတ်ကို ခိုင်ခိုင်ထားပြီး သမီးအလောင်းကို မျှော်နေတဲ့ဖခင်ဖြစ်သူ ဦးမောင်ဝင်းခင်ဟာ သမီးမကြည်ကြည်မရဲ့ အလောင်းကိုသုသာန်ထဲကို သယ်လာတဲ့အခါမှာ ယောက်ျားကြီးတန်မဲ့ ငိုချလိုက်တဲ့ အသံက ကြားရသူတွေကိုပါ မျက်ရည်ထိန်း မထားနိုင်ကြဘဲ ရှိုက်သံတွေ ပေါ်ထွက်သွားစေပါတယ်။
“ပညာတတ်ကြီး ဖြစ်စေချင်လွန်းလို့ အဖေ အခက်အခဲတွေကြားထဲက ကျောင်းထားပေးခဲ့တာ။ အခု သမီးအဖေ မျှော်လင့်ထားသလို ပညာတတ်ကြီး မဖြစ်နိုင်ဘူး” ဦးမောင်ဝင်းခင်က သမီးအလောင်းကို ဖက်တွယ်ဖို့ ကြိုးစားရင်း ငိုကြွေးနေပါတယ်။
“လှေမှာ ကျောင်းသား ၂၀ တင်နိုင်တဲ့ အနေအထားမှာ ကျောင်းသား ၃၀ ကျော် တောင်တင်တော့ လှေနစ်သွားပြီး ကျွန်တော့် သမီးကလေးတွေ အဖြစ်ဆိုးတွေ ကြုံခဲ့ရပါတယ်။ ကျွန်တော်တို့က တင်နိုင်တဲ့အတိုင်းတင်လို့ လှိုင်းလေနဲ့နစ်တာကို အပြစ်မပြောလိုပေမယ့် အခုဟာက မတင်နိုင်တဲ့ အရေအတွက်ကို တင်တဲ့အခါမှာ ကျွန်တော်တို့ကလေးတွေ အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကလေးတွေလို နောက်နောင် ကျွန်တော်တို့ရဲ့ကလေးတွေလို တခြားကလေးတွေ အဖြစ်ဆိုးတွေ မကြုံတွေ့ရအောင် တာဝန်ရှိသူတွေက စီစဉ်ပေးစေချင်ပါတယ်” ရေနစ်သေဆုံးခဲ့ရသော ရှစ်တန်းကျောင်းသူ မငြိမ်းငြိမ်းဌေးရဲ့ ဖခင်ဦးမောင်စိန်အေးက ပြည်နယ်အစိုးရအဖွဲ့က ၀န်ကြီးတွေရှေ့မှာ ရင်ဖွင့်ပြောပြပါတယ်။
ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးနဲ့ စည်ပင်သာယာရေး ၀န်ကြီးများ ပိုးရွှီပြင် ကျေးရွာသို့ လာရောက်ကာ သေဆုံးသွားတဲ့ ကျောင်းသားကျောင်းသူများ၏ မိဘများအား လာရောက်အားပေးကာ အလှူငွေများပေး အပ်ခဲ့ကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ထိထိရောက်ရောက် ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက “အခုဖြစ်သွားတာကတော့ လူရဲ့ပေါ့လျော့မှုနဲ့ဖြစ်တာ။ လေတိုက်တာ၊ လှိုင်းထန်တာ မရှိဘဲဆိုတော့ လူနဲ့ ၀န် မတန်တဆ တင်လို့ ဖြစ်သွားတာဖြစ်ပါမယ်။ ဒါကြောင့် ကျောင်းသားတွေစီးမယ့် လှေသည် စိတ်ချရတဲ့လှေ ဖြစ်ရပါမယ်။ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကလည်း ရွာကကျောင်းသားတွေ စီးမယ့်လှေကို သေသေချာချာ စိတ်ချရတဲ့ လှေမျိုးဖြစ်အောင် စီစဉ်ပေးဖို့လိုပါတယ်။ စည်ပင်လိုင်စင်နဲ့ ပြေးဆွဲနေတဲ့ ကူးတို့လှေတွေကို လူ ၂၀ ပါရင် လူ၂၀ စာ အသက်ကယ်အင်္ကျီတွေ ပါရမယ်လို့ တစ်မြို့နယ်လုံး စည်းကမ်းထုတ်ရပါမယ်။ ဒီလို ၀မ်းနည်း ကြေကွဲစရာ မဖြစ်အောင် လုပ်ရပါမယ်။ စက်လှေသမားတွေကိုလည်း အရေးယူသွားမယ်။နောက်နောင် ဒီလိုမဖြစ်ရအောင်လည်း စီစဉ်ပေးပါမယ်”ဟု ပြောပါတယ်။
နစ်မြုပ်စက်လှေမှာ လိုင်စင်ရယူပြေးဆွဲနေသော ကူးတို့စက်လှေဖြစ်ပြီး စီးနင်းလိုက်ပါတဲ့ ကျောင်းသားကျောင်းသူ အရေအတွက်ကို ၃၅ ဦးလို့ ကျောင်းအုပ်ဆရာကြီးက ပြောပေမယ့် ပုဏ္ဏားကျွန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိကတော့ ၂၆ ဦးသာ တင်ဆောင်တာလို့ လိုင်စင်ချပေးထားတဲ့ သူ့ရဲ့စကားကို ကိုးကားကာ ပြောပါတယ်။
“နစ်သွားတဲ့ စက်လှေမှာ အင်ဂျင်ပါဝါ ခုနစ်ကောင်ခွဲ တပ်ထားပါတယ်။ ဒီလိုင်းကို လိုင်စင်ဆွဲလာတာလည်း ၁၀ နှစ်လောက်ရှိပါပြီ။ အခုဖြစ်သွားတာကလည်း မတော်တဆ ဖြစ်တာပါ။ ပုံမှန်ဆိုရင် ၂၈ ထိ တင်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော် လိုင်စင်ဆွဲတဲ့သူကို မေးတဲ့အခါ ၂၆ ယောက်ပဲ တင်တယ်လို့ပြောပါတယ်။ လူတွေပြောနေကြတာတော့ ၃၀ ကျော်လို့ပြောပါတယ်။ အတိအကျကိုတော့ စုံစမ်း စစ်ဆေးပြီးမှ သိရပါမယ်”ဟု ပုဏ္ဏားကျွန်းမြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦးသန်းမြင့်က ပြောပါတယ်။
ကျောင်းသားကျောင်းသူ ခုနစ်ဦး သေဆုံးရတဲ့ အဖြစ်ဆိုး ကြုံတွေ့စေခဲ့သော စက်လှေကို မောင်းနှင်သူမှာ အသက် ၂၅ နှစ်အရွယ် မောင်ရဲနိုင်(ဘ)ဦးမောင်သန်းမြ ဖြစ်ပြီး နစ်မြုပ်ကူးတို့ စက်လှေသည် အလျား၂၁ ပေ၊ အနံ ငါးပေ၊ ဇောက်နှစ်ပေရှိသော ပျဉ် ၁၁ ချပ်ဖြင့် စပ်ထားသောလှေ ဖြစ်ပါတယ်။ အဲဒီလှေမှာ မြင်းကောင်ရေ ခုနစ်ကောင်ခွဲ အားရှိတဲ့ စက်တပ်ထားတာဖြစ်ပါတယ်။ စက်လှေမောင်းသူကိုလည်း ကျောင်းသားများ ရေနစ်သေဆုံးသွားတဲ့အတွက် ၂၈၀ ပြစ်မှု ပုဒ်မ ၃၀၄ (က) ဖြင့် အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။
အမှန်တကယ်က အခုလို ကြေကွဲဝမ်းနည်းစရာ အဖြစ်ဆိုးတွေဖြစ်ရတာဟာ ရခိုင်ပြည်နယ်ရဲ့ ချွတ်ခြုံကျနေတဲ့ဘ၀တွေ ၊လုံခြုံမှု မပေးနိုင်တဲ့ အုပ်ချုပ်မှုယန္တရားနဲ့ ဆင်းရဲမွဲတေမှု ပြဿနာကို မီးမောင်းထိုး ပြနေတာသာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဟာ ချောင်းတွေ၊ မြစ်တွေပေါများပြီး ရေလမ်းခရီးကို လုံခြုံမှုကင်းမဲ့တဲ့ စက်တပ်လှေကလေးတွေကို အားထားပြီး သွားနေကြရတာပါ။ ဒီအဖြစ်ဆိုးတွေ မတိုင်ခင်မှာလည်း လှေနစ်လို့ သေဆုံးရတဲ့ ပြည်သူတွေဟာ မနည်းတော့ပါဘူး။ ၂၀၁၂ မတ်လအတွင်းက တောင်ကုတ်မှ ရမ်းဗြဲမြို့နယ်သို့ ခရီးသည် ၃၅ ဦးတင်ဆောင်လာသော စက်လှေ ကလိန်တောင်မြစ်အတွင်း နစ်မြုပ်ပြီး ခရီးသည် ခုနစ်ဦး သေဆုံးခဲ့သည်။ နောက် ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ပေါက်တော ရေကြောင်းအားထားရတဲ့ ဒေသတွေမှာ လူသေဆုံးမှု ဖြစ်စေတဲ့ စက်လှေနစ်မြုပ်မှုတွေ ဖြစ်ခဲ့ပါတယ်။ တောင်ကုတ်ကနေ စစ်တွေကို ခရီးသည်တွေ၊ ကုန်တွေနဲ့ ခုတ်မောင်းလာတဲ့ အောင်တံခွန် (၃) သင်္ဘောဟာ မတ်လ ၁၃ ရက်နေ့ညမှာ မြေပုံမြို့နယ်ထဲမှာ နစ်မြုပ်သွားခဲ့ပြီး လူပေါင်း ၁၆၀ ကျော်သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ ဘာမှထူးထူးခြားခြား ရေကြောင်းသွားလာမှုကို ကြီးကြပ်တာမတွေ့ရပါဘူး။ အခုဖြစ်စဉ်မှာလည်း လိုင်စင်စည်းကမ်းနဲ့ မညီဘဲ ခံနိုင်ဝန်နဲ့ မမျှအောင် လူတင်ပြီးသွားတဲ့အတွက် နစ်မြုပ်ခဲ့ရတာ ဖြစ်ပါတယ်။ ပိုးရွှီပြင် အထက်တန်းကျောင်းကို လာတက်ကြတဲ့ ကျောင်းသားဦးရေက ၇၉၄ ဦးရှိပါတယ်။ ပိုးရွှီပြင်ရွာ၊ ဆင်သေရွာ၊ ရဟတ်တောင်၊ ဂန့်ဂါ၊ အဘောင်တော်၊ ကြက်စာတလင်း၊ ပေါက်တောပြင်နဲ့ အခြားရွာတွေက ကလေးတွေ ကျောင်းလာတက်ကြတာ ဖြစ်ပါတယ်။
“ အနီးအနားက ပေါက်တောပြင်၊ ဂန့်ဂါ၊ ရဟတ်တောင်ရွာက ကလေးတွေက ကူးတို့နဲ့ ကျောင်းလာတက်ကြပါတယ်။ အများအားဖြင့် အခွန်သွင်းပြီးဆွဲနေတဲ့ ကူးတို့နဲ့ တက်ကြတာ များပါတယ်။ ကိုယ့်ဘာသာကိုယ် တက်လို့လည်း မရကြပါဘူး။ ဖြစ်သင့်တာက ကျောင်းသားမိဘတွေက သူ့ရွာနဲ့ သူ့ကျောင်းသားတွေကို လိုက်ပို့ရင် ကောင်းပါမယ်။ မနေ့က လှေနစ်တဲ့အခါမှာ ပါသွားတဲ့အထဲက ကယ်ဆယ်လို့ရလိုက်တဲ့ ကလေးတွေပြောတာကတော့ လှေမှာ ကျောင်းသား ကျောင်းသူ ၃၅ ဦး ပါတယ်လို့ ပြောပါတယ်။ ဂန့်ဂါရွာတစ်ရွာတည်းက ကျောင်းသား ကျောင်းသူ ၄၀ ခန့် မြစ်ကိုဖြတ်ပြီး ကူးတို့လှေနဲ့ ကျောင်းတက်တာ ရှိပါတယ်”လို့ ပိုးရွှီပြင် ကျောင်းအုပ်ဆရာကြီးက ပြောပါတယ်။
စည်ပင်သာယာရေးအဖွဲ့က စည်ပင်လိုင်စင်နဲ့ ပြေးဆွဲခွင့်ပြုထားတဲ့ ကူးတို့လှေတွေဟာ စည်ပင်လိုင်စင်မှာပါတဲ့ စည်းကမ်းဥပဒေအတိုင်း ပြေးဆွဲတာ ရှိမရှိကို သက်ဆိုင်ရာက စစ်ဆေးရပါလိမ့်မယ်။ နယ်တွေဖြစ်နေတာက ကူးတို့တွေကို လိုင်စင်အပြိုင်အဆိုင် ဈေးကြီးပေး ဆွဲယူကြပြီးတော့ ဒေသခံတွေဆီက မတန်တဆ ငွေတောင်းခံယူပြီး ကိုယ့်သားသမီးတွေကို ကိုယ်တိုင်စက်လှေမောင်းပြီး ကျောင်းပို့ခွင့်မရဘဲ ကူးတို့လှေတွေကပဲ စည်းကမ်းနဲ့ မညီဘဲ လူပိုတင်သွားလာနေတာ များပါတယ်။ ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က “ကူးတို့ လှေတွေမှာ လူတင်တဲ့အခါမှာ စည်ပင်ဥပဒေအရ လိုင်စင်စည်းမျဉ်း စည်းကမ်းတွေအတိုင်း စစ်ဆေးပြီးတော့ သူတို့ကို အရေးယူဖို့ လုပ်ထားပါတယ်”ဟု ပြောပါတယ်။
ရေကြောင်းကို အားထား သွားလာနေရတဲ့ မဖွံ့ဖြိုးသေးတဲ့ ဒေသတွေမှာ ရှိနေတဲ့ ဆင်းရဲတဲ့ပြည်သူတွေ အသက်အန္တရာယ်ကို ကာကွယ်ပေးဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။အောင်တံခွန် (၃)သင်္ဘောဟာ လူပိုတင်တယ်။ ကုန်ပိုတင်တယ်။ သင်္ဘောစီးခရီးသည် ဘယ်နှဦး ပါတယ်ဆိုတာတောင် မသိရလောင်အောင်ထိ ကြီးကြပ်မှုက တကယ်မရှိခဲ့ပါဘူး။ ဒီလိုကြီးကြပ်မှု လုံးဝမရှိဘဲ ပြေးဆွဲနေတဲ့ သင်္ဘောတွေကို စီးနင်းနေရတဲ့ ပြည်သူတွေအဖို့ အသက်ကို ပေးလှူထားရသလိုပါပဲ။
ဒါကြောင့် ရေကြောင်းကို အားထားနေရတဲ့ ပြည်သူတွေအတွက် နောက်နောင်အဖြစ် ဆိုးတွေ မဖြစ်ရလေအောင် စိစစ် ကြပ်မတ် ပေးရပါလိမ့်မယ်။ နိုင်ငံရဲ့ အနာဂတ် ခေါင်းဆောင်လောင်းတွေဖြစ်တဲ့ ကျောင်းသားကျောင်းသူကလေးတွေ အမိုးအကာအောက်မှာ အေးအေးချမ်းချမ်း ပညာသင်ကြားနိုင်အောင် နှလုံးသားဖြင့်သာ ကယ်တင်ရမှာပါ။ ပိုးရွှီပြင်ကျေးရွာ သုသာန်က ငိုရှိုက်သံဟာ ရေနစ် ကျောင်းသူကျောင်းသားကလေးတွေကို မီးသင်္ဂြိုဟ်ရာက ထွက်လာတဲ့ မီးခိုးတန်းတွေနဲ့အတူ မိုးကောင်းကင်ထိ ထိုးဖောက်သွားပါတယ်။
“ကိုယ့်သားသမီးတွေကို ပညာတတ်ကြီးတွေ ဖြစ်စေချင်လွန်းလို့ အခုလို အခက်အခဲကြားထဲက ပညာသင်ရတာပါ။ အခုခါမှာတော့ ပညာတတ်ကြီးလည်း ဖြစ်ခွင့်မရလိုက်တော့ပါဘူး။ ကျွန်တော်အလွန်တရာမှ ကြေကွဲ ၀မ်းနည်း ခံစားရပါတယ်ဗျာ”လို့ ဦးမောင်ဝင်းခင်က သမီးအလောင်းကို ဖက်တွယ်ဖို့ကြိုးစားရင်း ငိုကြွေးပြောသံဟာ ကြားရသူတွေရဲ့ နှလုံးသားကို ခံနိုင်ရည် မရှိတော့ပါဘူး။

Writer:
သားရွှေဦး (ကစ္ဆပ)
No comments:
Post a Comment